
အာဆီယံဝန်ကြီးများနဲ့ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ၊
လေးစားအပ်တဲ့ ကိုယ်စားလှယ်တော်ကြီးများနဲ့ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား -
ဒုတိယအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်း အဝေးဖွင့်ပွဲမှာ မင်္ဂလာနံနက်ခင်းပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါ တယ်။ ယခုနှစ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်း အဝေး၊ ဆွေးနွေးဖက်နိုင်ငံများနဲ့ ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရခြင်းဟာ မြန်မာနိုင်ငံအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
အားလုံးကို နေပြည်တော်ကို ကိုယ်တိုင်အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ခေါ်လိုပေမယ့် အာဆီယံဒေသနဲ့ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အခုလို ဖိတ်ခေါ် ကြိုဆိုခွင့်မရခြင်း ဖြစ်ပါတယ်။
တစ်ဖက်ကကြည့်ရင်လည်း 2nd ADGMIN အစည်းအဝေးကို virtual format နဲ့ ပြုလုပ်နိုင်ခြင်းဟာ မိမိတို့နိုင်ငံများနဲ့ မိမိတို့ရဲ့ စီးပွားရေးအတွက် မြန်နှုန်းမြင့် အင်တာနက်နဲ့ ဒစ်ဂျစ်တယ် နည်းပညာရဲ့ ပိုမိုအရေးပါလာမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခွင့် ရရှိလိုက်တာပဲဖြစ်ပါတယ်။
ADGMIN ဟာ ဒေသတွင်း ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုနဲ့ အိုင်စီတီ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးကြပ် ကွပ်ကဲဖို့ တာဝန်ရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် အာဆီယံရဲ့ စီးပွားရေး ကပ်ရောဂါဘေးမှ ပြန်လည်ဦးမော့လာရေးနဲ့ ပိုမိုတိုးတက် ရေးတို့အတွက် ဦးဆောင်မှုပြုတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ယခုလို အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများအနေနဲ့ နောက် တစ်ကြိမ် ADGMIN အစည်းအဝေးမတိုင်မီကာလအထိ အာဆီယံ ဒေသအတွင်း လိုအပ်တဲ့ လမ်းညွှန်မှုများပေးနိုင်ဖို့ ဆွေးနွေးညှိနှိုင်း သွားကြဖို့အတွက် အဆင်သင့်ဖြစ်နေတာကို တွေ့ရခြင်းကြောင့် အလွန်ဝမ်းမြောက်မိပါတယ်။
ဒစ်ဂျစ်တယ်နည်းပညာဟာ အားလုံးပါဝင်နိုင်ပြီး သာတူညီမျှမှု ရှိတဲ့ စီးပွားရေးတိုးတက်မှုနဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ပေးနိုင်တဲ့ ကြီးမားတဲ့အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မယ် ဆိုတာကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း ခြင်းမှသည် မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းများနဲ့ တစ်ဦးချင်းစီရဲ့ ဘဝများ အပေါ် ရရှိစေနိုင်မယ့် အကျိုးကျေးဇူးများအားလုံးကို ကျွန်တော်တို့ အနေနဲ့ ပြည့်စုံစွာ နားလည်ဖို့ လိုအပ်နေသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ခြင်းမရှိဘဲ နောက်ကျကျန်ရစ်ခဲ့မယ်ဆိုရင် အခက်အခဲကြီးမားစွာ တွေ့ကြုံမှာဖြစ်ပါတယ်။ အခုလို အပြန်အလှန် ဆက်နွှယ်နေတဲ့ အပြန်အလှန်ချိတ်ဆက်နေတဲ့ခေတ်မှာ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှု၊ ကွာဟမှုဟာ အာဆီယံဒေသတွင်း အကျိုးစီးပွား ကိုပါ များစွာထိခိုက်လာစေနိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အာဆီယံ ခေါင်းဆောင်များအနေနဲ့ကလည်း “အာဆီယံတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို မြှင့်တင်ခြင်း ဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်”မှာ အားလုံး ပါဝင်နိုင်တဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို ဖော်ဆောင်နိုင် စေဖို့ အတူတကွလက်တွဲလုပ်ဆောင်ကြဖို့ ကတိပြုခဲ့ကြခြင်း ဖြစ်ပါတယ်။
ယမန်နှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေ လေ့လာတွေ့ရှိမှု တစ်ခုအရ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအားကောင်းတဲ့ အဖွဲ့အစည်းများဟာ ကပ်ရောဂါကာလအတွင်း လူမှုစီးပွားထိခိုက်မှုတွေကို ပိုမိုခံနိုင်ရည် ရှိကြောင်း ဖော်ထုတ်ရရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာ တစ်ဝန်း ကြီးမားတဲ့လူမှုစီးပွားဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ် စေခဲ့ကြောင်း အားလုံးအသိပဲဖြစ်ပါတယ်။ ကပ်ရောဂါကာလအတွင်း မှာ လူ့အဖွဲ့အစည်းများအတွက် ချမှတ်ထားတဲ့ တားမြစ်ကန့်သတ်ချက် များကြောင့် စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်သို့ ပြောင်းလဲဖို့ တွန်းအားဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီအချက်ကပဲ နိုင်ငံ အသီးသီးမှာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးလုပ်ငန်းများကို အလိုအလျောက် အရှိန်မြှင့်တက်စေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းကြောင့် နိုင်ငံတကာအစိုးရ များအနေနဲ့ ကပ်ရောဂါကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ ကူညီပေးနိုင်တဲ့ အခြေအနေများကိုလည်း ရရှိခဲ့ပါတယ်။
ဒါ့ကြောင့် မိမိတို့ရဲ့ လူမှုစီးပွားဘဝအပေါ် သက်ရောက်မှု ဖြစ်ပေါ်နေတဲ့ ထိခိုက်မှုများကို လျော့ပါးစေဖို့အတွက် ကူညီပံ့ပိုး ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံဒေသကို လူမှုစီးပွားရေးဆိုင်ရာ ပြန်လည် ထူထောင် တိုးတက်မှုရှိစေရေးအတွက် ကူညီပေးနိုင်တဲ့ အလားအလာ များလည်း ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့အနေနဲ့ ယခုနှစ် ADGMIN အစည်းအဝေး အတွက် “Digital Transformation – the Engine for ASEAN Economic Recovery from COVID-19” ကို အစည်းအဝေး ခေါင်းစဉ်အဖြစ် ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြလိုပါတယ်။
အာဆီယံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်မှုတို့နဲ့ပတ်သက်ပြီး အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီး များအနေနဲ့ ၂၀၂၁ ခုနှစ်ကစပြီး အာဆီယံဒစ်ဂျစ်တယ် မဟာစီမံကိန်း ၂၀၂၅ (ASEAN Digital Masterplan 2025 - ADM 2025)ကို အတည်ပြု လက်ခံကျင့်သုံးနေပြီဆိုတာ သိရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ADM 2025 ဟာ လာမယ့် (၅)နှစ်အတွင်း အာဆီယံဒစ်ဂျစ်တယ်နဲ့ အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းညွှန်ချက်များ ပေးနိုင် မှာဖြစ်ပြီး အာဆီယံဒစ်ဂျစ်တယ် ဝန်ကြီးများအနေနဲ့လည်း ဒေသတွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုကို ဦးဆောင်နိုင်မယ် လို့ ယုံကြည်ပါတယ်။ ဒီလုပ်ငန်းရပ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် အာဆီယံ ခေါင်းဆောင်များထံမှလည်း ထောက်ခံမှု ရရှိထားပြီး ဖြစ်တယ်ဆိုတာကို ထည့်သွင်းပြောကြားလိုပါတယ်။
လေးစားအပ်တဲ့ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား
ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းရဲ့ အကျိုးကျေးဇူးများကို မိမိတို့အားလုံး ကောင်းစွာသိရှိနားလည်ထားပေမယ့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းကြောင့် မိမိတို့ဒေသနဲ့ မိမိတို့ဘဝများအပေါ် သက်ရောက်စေနိုင်တဲ့ ထိခိုက်မှုများနဲ့ အနှောင့်အယှက်များကိုလည်း ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။
အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအနေနဲ့ အဆိုပါ ကြီးမားစွာ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုများမှ ကာကွယ်နိုင်ဖို့ အတွက် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါတယ်။
ပြင်ဆင်ဆောင်ရွက်မှုများအနေနဲ့ ပထမဆုံးဆောင်ရွက်ရမှာ ကတော့ မိမိတို့အဖွဲ့ဝင်နိုင်ငံများနဲ့ မိမိတို့နိုင်ငံတွင်းရှိ မတူညီတဲ့ ဒေသများအကြားတွင် ချိတ်ဆက်နိုင်မှုကွာဟချက်များနဲ့ ဒစ်ဂျစ် တယ် အသွင်ကူးပြောင်းမှု ကွာဟချက်များကို လျှော့ချရမှာဖြစ်ပါ တယ်။ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ဟာ အခြားသော ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များထက် ဒေသတွင်းလူမှုစီးပွားအခြေ အနေများကို ပိုမိုထိခိုက်လာစေနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ မိမိတို့အဖွဲ့ဝင်နိုင်ငံများဟာ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်ကာကွယ်ရေးနဲ့ စားသုံးသူကာကွယ်ရေး ဆိုင်ရာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေဘောင်များ မြှင့်တင်ရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
ဒီလိုထည့်သွင်းစဉ်းစားရာမှာ ဒစ်ဂျစ်တယ်ကဏ္ဍရဲ့ နယ်နိမိတ် မရှိတဲ့ သဘောသဘာဝကို ဂရုပြုဖို့လိုအပ်ကြောင်း ပြောကြား လိုပါတယ်။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ ဆိုက်ဘာလုံခြုံရေးဟာ အထူးအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မိမိတို့အဖွဲ့ဝင်နိုင်ငံများ အနေနဲ့ လက်ရှိဆိုက်ဘာလုံခြုံရေး ကြိုးပမ်းဆောင်ရွက်နေမှု များကို ပိုမိုအားကောင်းလာစေဖို့အတွက် တိုးမြှင့်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများရဲ့ ဦးဆောင်မှုနဲ့ အဖွဲ့ဝင်နိုင်ငံများအချင်းချင်းပူးပေါင်း ဆောင်ရွက်မှုများကြောင့် တိုးတက်ဖြစ်ပေါ်မှုများ ရရှိထားပြီးဖြစ်တဲ့ အတွက် ဝန်ကြီးများနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများအား ချီးကျူးဂုဏ်ပြုပါကြောင်းနဲ့ အဆိုပါ တိုးတက်ဖြစ်ပေါ်မှုများကို ဆက်လက်ထိန်းသိမ်း အကောင်အထည် ဖော်ကြစေလိုပါကြောင်း တိုက်တွန်းအကြံပြုအပ်ပါတယ်။
ဒါ့အပြင် မိမိတို့အဖွဲ့ဝင်နိုင်ငံများဟာ သတင်းအချက်အလက် များနဲ့စပ်လျဉ်း၍ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုခြင်း ဆောင်ရွက် လာတဲ့ နယ်စပ်ဖြတ်ကျော် လွှဲပြောင်းမှုများနဲ့ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှ ပေါ်ပေါက်လာနိုင်တဲ့ နယ်စပ်ဖြတ်ကျော် ဆောင် ရွက်မှုများနဲ့စပ်လျဉ်းတဲ့ အခက်အခဲများနဲ့ ကန့်သတ်ချက်များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရေးအတွက် မိမိတို့ရဲ့ ဥပဒေ မူဘောင်များကို ပြောင်းလဲပြင်ဆင်သင့်ပါတယ်။ ဒါ့ကြောင့် မိမိတို့ နိုင်ငံသားများအပေါ်မှာ ဆိုက်ဘာလိမ်လည်မှုနဲ့ ဆိုက်ဘာအနိုင်ကျင့် မှုများအပါအဝင် Cyber Incident များရဲ့ အန္တရာယ်ကနေ ကာကွယ် ပေးနိုင်ဖို့ အာဆီယံအဖွဲ့ဝင် အစိုးရများအနေနဲ့ အထူးအလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားလိုပါတယ်။
နောက်တစ်ချက်ကတော့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေနဲ့ e-commerce ပလက်ဖောင်းတွေအပါအဝင် ဒစ်ဂျစ်တယ် ပလက် ဖောင်းများရဲ့ အမျိုးမျိုးသော လုပ်ဆောင်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုရှိစေရေး ဆောင်ရွက်သွားကြရန် ဝန်ကြီးများကို အလေး အနက်ထား တိုက်တွန်းလိုပါတယ်။
အဆိုပါ ပလက်ဖောင်းများပေါ်မှာ သတင်းအတု၊ သတင်းအမှား များ၊ ကောလာဟလများလွှင့်တင်ခြင်း၊ အမုန်းစကားများဖန်တီးခြင်း၊ အကြမ်းဖက်မှုကို သွေးထိုးလှုံ့ဆော်ရာရောက်တဲ့ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ရိုင်းစိုင်းခြင်းစတဲ့ အင်တာနက် အလွဲသုံးမှုများဟာလည်း ကမ္ဘာတစ်ဝန်း လက်တွေ့ကြုံတွေ့လာ ရတဲ့ ပြဿနာများဖြစ်ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီလို ကျယ်ပြန့်တဲ့ ပြဿနာများကို ဖြေရှင်းနိုင်ဖို့အတွက် အားလုံးသဘော တူညီမှုရှိတဲ့ Framework တစ်ခုရေးဆွဲနိုင်ရေး တိုက်တွန်းလိုပါတယ်။
လေးစားအပ်တဲ့ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား
မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း Digital Economy ဟာ နိုင်ငံ တော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ကဏ္ဍ တစ်ခုအဖြစ် လက်ခံထားရှိပါတယ်။ ဒါ့အပြင် မိမိတို့ဟာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းအတွက် သင့်လျော်တဲ့ အခြေခံအုတ်မြစ်များကို ချမှတ်နေပြီး ဒီလိုလုပ်ဆောင်ရာမှာ အစိုးရ-ပုဂ္ဂလိက မိတ်ဖက် ဆက်ဆံချဉ်းကပ်မှုပုံစံနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလုပ်ငန်းစဉ် တွေမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအသိုက်အဝန်းသို့ ၁၉၉၇ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တဲ့အချိန်က စတင်ပြီး အာဆီယံရဲ့ အခြေခံမူ များကို လေးစားလိုက်နာကာ အာဆီယံစီးပွားရေးကောင်စီရဲ့ “ကြံ့ခိုင်မှုရှိ၍ အားလုံးပါဝင်နိုင်သော၊ ပြည်သူကိုဗဟိုပြုသော အာဆီယံ ဖြစ်စေရေး” ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ရာမှာလည်း တက်ကြွစွာပါဝင်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဟာ အဆိုပါရည်မှန်းချက်ပန်းတိုင်ကို အမြန် လျှောက်လှမ်းနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ အရေးတကြီး လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်ကို ညွှန်ပြနေကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာမှာ အခြားသော အာဆီယံအဖွဲ့ဝင်များနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ထပ်လောင်းကတိပြုပါတယ်။
မိမိတို့မှာ နည်းပညာနဲ့ အတွေ့အကြုံမြင့်မားတဲ့ ဆွေးနွေးဖက် နိုင်ငံများရှိနေခြင်းဟာ ကောင်းမွန်တဲ့ အနေအထားတစ်ရပ် ဖြစ်ပါ တယ်။ အဆိုပါ ဆွေးနွေးဖက်နိုင်ငံများထံမှ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေရရှိနိုင်တဲ့ အခွင့်အရေးများ ရှိနေပါတယ်။
ဒါပေမယ့် အာဆီယံဟာ အဆိုပါ မျှဝေမှုများကို လက်ခံရုံသာမက မိမိတို့ကိုယ်တိုင်လည်း မိမိတို့ဒေသအတွက် ဦးဆောင်မောင်းနှင်သူ အဖြစ် အားထုတ်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ မိမိတို့ရဲ့ပန်းတိုင်နဲ့ ရည်မှန်းချက်ကို မျက်ခြည်မပြတ်စေရေး မိမိတို့ကိုယ်တိုင်အားထုတ် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအနေနဲ့ ဒီ (၂) ရက်တာ ကာလအတွင်းမှာ ဆွေးနွေးဆောင်ရွက်စရာများစွာ ရှိနေမှာဖြစ်ပါ တယ်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ အာဆီယံ စီးပွားရေးကို ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများမှ ပြန်လည်နာလန် ထူလာစေဖို့အတွက် တွန်းအားပေးနိုင်စေရန် ဆွေးနွေးညှိနှိုင်းရမယ့် အချက်များစွာလည်း ရှိနေမှာဖြစ်ပါတယ်။
ဝန်ကြီးများနဲ့ ကိုယ်စားလှယ်များအားလုံးကို မိမိတို့ အာဆီယံ ဒေသအတွက် အကောင်းဆုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။
ဒီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ စီစဉ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးသူများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါ ကြောင်း ပြောကြားလိုပါတယ်။
ဒါ့အပြင် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ရုံးအဖွဲ့ကိုလည်း အဆွေတော်တို့ရဲ့ အောင်မြင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုများအားလုံးအတွက် ကျေးဇူးတင်ပါကြောင်းနဲ့ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားလိုပါတယ်။
2nd ADGMIN နှင့် ဆက်စပ်အစည်းအဝေးများအားလုံး အောင်မြင် ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။