
ရန်ကုန် စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၁ နာရီက ဒလ မြို့နယ်ရှိ အောက်ဆီဂျင်ထုတ်စက်ရုံ၌ အောက်ဆီဂျင်ထုတ်စက်တပ်ဆင်ပြီးစီး၍ စတင်လည်ပတ် ဖြန့်ဖြူးပေးနေမှုနှင့် ကျန်စစ်သားရပ်ကွက်ရှိ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတွင် စွန့်ပစ်အမှိုက်များ သိမ်းဆည်းရှင်းလင်းနေမှု၊ ရေဆိုးစွန့်ပစ်ပိုက်လိုင်းများ ထားရှိဆောင်ရွက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ကွန်ကရစ်လမ်းခင်းဆောင်ရွက်
ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်ရှိ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ၌ ဆောင်ရွက်လျက်ရှိသော ရေဆိုးဆင်းပိုက်လိုင်းတပ်ဆင်ပြီးစီးမှုလုပ်ငန်း၊ ဂက်စ်ပိုက် လိုင်း (အပူငွေ့) ထောင်ခြင်းလုပ်ငန်းနှင့် အမှိုက်ပုံအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ရန်ကုန် မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဒလမြို့နယ် ဗညားဒလ ရပ်ကွက်ရှိ ဒလ-တွံတေးကားလမ်းမနှင့် ကနောင်လမ်းမကြီးထိပ်နေရာ၌ တည်ဆောက် ထားရှိသော အောက်ဆီဂျင်ထုတ်စက် စတင်လည်ပတ်ဖြန့်ဖြူးပေးနေမှု လုပ်ငန်းများကို ကြည့်ရှုရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်ထုတ်စက် တပ်ဆင်ပြီးစီး၍ လည်ပတ်ဆောင်ရွက်နေမှုနှင့် ဖြန့်ဖြူးပေး နေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
အောက်ဆီဂျင် လိုအပ်ချက်ဖြည့်ဆည်းပေး
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံရှိ အောက်ဆီဂျင်စက်မှာ တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ဆလင်ဒါအိုးပေါင်း ငါးလုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အောက်ဆီဂျင်ထုတ်စက်ကို တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းမှုနှင့် စေတနာ ရှင်များက စုပေါင်းလှူဒါန်းငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးလျက် ရှိရာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၊ မြို့နယ် ပြည်သူ့ဆေးရုံ၊ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(ပြန်/ဆက်)