
မောင်အောင်
“ကိုအောင်ရေ ငါ့ညီ ပျောက်ချက်သား ကောင်းလှပါကလား။ “သင်္ကြန်အပြီး မေလဆန်းပိုင်းတုန်းကတော့ ငါ့ညီကို မကွေး၊ ပွင့်ဖြူမှာတွေ့လိုက်၊ မိတ္ထီလာမှာ တွေ့လိုက်၊ မြိတ်မှာတွေ့လိုက်၊ ကျွန်းစုမှာတွေ့လိုက်၊ ပန်းတနော်မှာတွေ့လိုက်၊ ညောင်တုန်းမှာတွေ့လိုက်နဲ့ တစ်နေ့တစ်မျိုး မရိုးရအောင်တွေ့နေရတော့ တိုင်းပြည်အတွက် တယ်ပြီး အလုပ်လုပ်ပါလားဆိုပြီး ငါတို့တစ်တွေ အံဩနေကြတာ။ တီဗွီကပြောသလို ပြောရရင်တော့ အလွန့်အလွန် အလွန့်အလွန် အားကောင်းသော မိုခါမုန်တိုင်းလည်း ဝင်သွားပြီးရော ငါ့ညီသတင်းက ပျောက်နေတယ်။ မိုခါနဲ့အတူ ပါသွားပြီလားလို့ စိုးရိမ်လို့ မင်းဆီဖုန်းဆက်လိုက် တာ။”
ကျွန်တော်အပြင်က ပြန်ရောက်လာပြီး အဝတ် လဲနေစဉ် ဖုန်းကမြည်လာသည်။ ကျွန်တော် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် စတင်တာဝန်ထမ်းဆောင်ကတည်းက ကျွန်တော်၏ လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်ပြီး အားပေးနေသည့် ကျွန်တော်၏ အစ်ကိုကြီးထံမှ ဖုန်းဖြစ်ပါသည်။
“မိုခါနဲ့ ပါမသွားပါဘူး အစ်ကိုကြီးရယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက ပုံမှန်အလုပ်များရတဲ့ ကြားထဲက မိုခါကဝင်လာတော့ ရခိုင်ပြည်နယ်မှာ ရော မိုခါဝင်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ ကျွန်တော်တို့ဌာနက ရုံးတွေပျက်စီးကြတယ်။ ဒီတော့မနေ့တုန်းက အဲဒီရုံးတွေပြန်ပြီးပြင်ဖို့ ငွေ လိုတယ်။ အဲဒီငွေရရှိရေး ကျွန်တော်တို့ဝန်ကြီး ဌာနလက်အောက်မှာရှိတဲ့ ဦးစီးဌာနက ညွှန်ကြား ရေးမှူးချုပ်တွေနဲ့ ဘတ်ဂျက်အစည်းအဝေး လုပ်တယ်။ ပြန်ပြီးစိစစ်နေတာ။”
“အဲဒါများကွာ၊ မင်းတို့ဝန်ကြီးဌာနက ကိုယ့် ဘတ်ဂျက်ထဲက ငွေရှာစရာမလိုပါဘူး။ ဌာန ဆိုင်ရာ အဆောက်အအုံပြင်ဆင်တဲ့ကိစ္စ နိုင်ငံတော် ဘတ်ဂျက်က ခံမှာပေါ့ကွာ။”
“ဒီလိုတော့တွေးလို့မရဘူးလေ အစ်ကိုကြီးရဲ့။ နိုင်ငံတော်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးတာ တွေက အများကြီး။ ဒီကြားထဲမှာ ဘုန်းကြီးကျောင်း တို့၊ သာသနိက အဆောက်အအုံတို့ဆိုတာ ဘယ် ဘတ်ဂျက်မှရှိတာမဟုတ်ဘဲ။ ဒါ့အပြင် ပျက်စီးလို့ ပြုပြင်ရမှာက ပြည်သူတွေရဲ့ အိုး၊ အိမ်၊ အဆောက် အအုံတွေက အများကြီး။ ပြီးတော့ ဆည်တွေ၊ တာတမံတွေ၊ အများနဲ့ဆိုင်တဲ့ အဆောက်အအုံတွေ ပြင်ဆင်ဖို့က ကျန်သေးတယ်။ အရေးကြီးဆုံးက စားနပ်ရိက္ခာဖူလုံဖို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကြဖို့ပဲ။ ဒီရက်မှာ မိုးဦးကျလာပြီ၊ စိုက်ပျိုး ရာသီရောက်လာပြီ။ ဒီတော့ စိုက်ပျိုးရေးလုပ်ငန်း တွေ လုပ်ဖို့လိုတယ်။ အဲဒီတော့ နိုင်ငံတော်က ကျခံတဲ့ဘဏ္ဍာငွေကကျခံ၊ ကိုယ့်ဝန်ကြီးဌာနက လာမယ့်နှစ်အတွင်းမှာ သုံးမယ့်ငွေတွေထဲက မသုံး မဖြစ်တာ စိစစ်ပြီးချန်။ စိစစ်လို့ရတဲ့ငွေထဲက ကျန်တာကို မိုခါမုန်တိုင်းကြောင့် ပျက်စီးတာတွေ အတွက် သုံးဖို့ပါပဲ။”
“အေး ထားပါတော့ကွာ။ မင်းဟာနဲ့မင်း ပြောတာတော့ ဟုတ်နေတာပေါ့။ ဒါနဲ့ ဒီနေ့ရော ဘာတွေလုပ်နေသလဲ”
“ဒီနေ့တော့ အစ်ကိုကြီးရေ နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ ရှစ်မြို့နယ်က တောင်သူတွေကို မျိုးနေကြာထုတ်လုပ်နည်း လက်တွေ့သရုပ်ပြတာပဲ”
စားသုံးဆီဖူလုံဖို့ ဦးစားပေး
“မင်းဟာက တစ်နေ့တစ်မျိုး မရိုးရပါလားကွာ။ အရင်အခေါက်တွေတုန်းက ဆီထွက်နေကြာကို စားသုံးဆီဖူလုံဖို့ ဦးစားပေးပြီးလုပ်ကြတယ်။ အခု ကျတော့ မျိုးနေကြာဖြစ်သွားပြန်ပြီ။ မင်းတို့ အမျိုးမျိုးလျှောက်လုပ်လို့ ဒို့တောင်သူတွေမျက်စိလည်ကြတော့မှာပဲ။ ကဲ ဒါနဲ့မျိုးနေကြာကို ဘာ့ကြောင့်ထုတ်သလဲ ပြောစမ်းပါဦး။”
ကျွန်တော့်အစ်ကိုကြီးက တောင်သူစစ်စစ် ဖြစ်သည်။ အသက် ၈၀ ကျော်ပြီ။ ဆယ်တန်းအထိ ကျောင်းနေဖူးသည်။ ဆယ်တန်းတစ်နှစ်ကျတော့ ကျောင်းဆက်မတက်တော့ဘဲ မိဘလက်ငုတ် လက်ရင်း ရွာပြန်ပြီး လယ်လုပ်နေသူဖြစ်သည်။ ကျွန်တော့်ထက်ပင် အသက် ၁၀ နှစ်ကျော်ကျော် ကြီးသည်။ ဆယ်တန်းထိကျောင်းနေဖူးသူဖြစ်၍ လယ်ကိုသမားရိုးကျမလုပ်။ ရွာတွင်ကိုယ်ပိုင်ထွန်စက် သူ ပထမဆုံးဝယ်ပြီးသုံးသည်။ ကိုယ်တိုင်ထွန်စက် မောင်းသည်။ လယ်ကွင်းထဲမှာ ကိုယ်တိုင်ဖိဖိစီးစီး လုပ်သူဖြစ်၍ ယခုသတ်မှတ်ထားသည့် စပါးပန်းတိုင် အထွက်နှုန်းကို လွန်ခဲ့သည့် နှစ် ၃၀ လောက် ကတည်းက အစ်ကိုကြီးလယ်က ရခဲ့သည်။ သည့် အတွက်လည်း စေ့စပ်သေချာသည့် အစ်ကိုကြီး၏ မေးခွန်းကို သာမန်ဖြေ၍မရပါ။
စားသုံးဆီဖူလုံဖို့ နေကြာဧက ၁၅ သိန်း စိုက်ဖို့
နိုင်ငံတော်က ရည်မှန်း
“အစ်ကိုကြီး၊ ဆီများများထွက်ဖို့ နေကြာဧက များများစိုက်ရမယ်လေ။ နေကြာဧကများများ စိုက်ဖို့ မျိုးစေ့များများလိုတာပေါ့။ ပြီးခဲ့တဲ့နှစ်က တစ်ပြည် လုံးမှာ နေကြာဧက ခုနစ်သိန်းကျော်ပဲ စိုက်တယ်။ ဒါပေမယ့် စားသုံးဆီဖူလုံဖို့ကို နေကြာဧက ၁၅ သိန်း စိုက်ကြဖို့ နိုင်ငံတော်က ရည်မှန်းပြီး ကျွန်တော်တို့ ဝန်ကြီးဌာနကို တာဝန်ပေးတယ်။ ဒီနေကြာဧက ၁၅ သိန်းဆိုတာကလည်း အရင် ၂၀၁၃-၂၀၁၄ လောက်က စိုက်ခဲ့ပြီးသား။ အဲဒါကြောင့် ကျွန်တော် တို့လည်း တောင်သူတွေကိုစိုက်ဖို့ စည်းရုံး တယ်။”
“တကယ်တော့ တောင်သူတွေကလည်း နေကြာ အကြောင်းသိပြီးသား။ နေကြာက စိုက်ရတာ လွယ်တယ်၊ ကရိကထ မများဘူး။ မြေဆီကလည်း ကျန်တဲ့သီးနှံတွေလောက်မလိုဘူး။ ရေလည်း စပါးလောက်မလိုဘူး။ ဒါ့အပြင် အသက်ရက် ကလည်း ၇၅-၈၀ ကနေ ၈၅ ရက် အရေးကုန်ပဲ။ နောက်တစ်ခါ မျိုးလိုအပ်ချက်အနေနဲ့ကလည်း စိုက်ပျိုးရတဲ့မျိုးစေ့ပမာဏနဲ့ ထွက်ရှိတဲ့ မျိုးစေ့ ပမာဏမြင့်မားတယ်။ ဒါ့အပြင် စိုက်ပျိုးစရိတ် သက်သာတယ်။ တစ်ဧကဆီထွက်နှုန်းကောင်းတဲ့ အပြင် ပိုးမွှားရောဂါနဲ့ ရာသီဥတုဖောက်ပြန်တဲ့ အခါမှာလည်း ပျက်စီးမှုနည်းတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်က နေကြာစိုက်ဧက ၁၅ သိန်း လျာထား တော့၊ ကျွန်တော်တို့က စိုက်မှစိုက်ပါ့မလားလို့ စိုးရိမ် ခဲ့တယ်။ ဒါပေမယ့် ဧက ၁၂ သိန်းခွဲလောက် စိုက်ခဲ့ ကြတယ်။ နေကြာဈေးလေးကလည်း ကောင်းတယ်။ ပြီးတော့ နေကြာဆီကိုလည်း လူတွေက စားလာ ကြပြီ။ အဲဒါကြောင့် ဒီနှစ်ဆောင်းမှာ ဝင်ငွေရမှန်း သိလို့ တောင်သူတွေက သေချာပေါက် တိုးပြီး စိုက်ကြမှာ။ အဲဒီတော့ မျိုးကောင်းမျိုးသန့်ပေးဖို့က ကျွန်တော်တို့ဝန်ကြီးဌာန တာဝန်လေ။ အဲဒါကြောင့် အခုမိုးနေကြာစိုက်တဲ့အခါမှာ သာမန်ဆီထွက် နေကြာစိုက်ဖို့ထက် မျိုးနေကြာအဖြစ် ထုတ်လုပ် ကြဖို့ ကျွန်တော်တို့ ရည်မှန်းဆောင်ရွက်ခဲ့တာ။ ဒါ့ကြောင့် ကျွန်တော်တို့ နေပြည်တော် ရှစ်မြို့နယ်က တောင်သူတွေကိုဖိတ်ပြီး မျိုးနေကြာ ဘယ်လို ထုတ်ရမယ်ဆိုတာ ဒီနေ့ကွင်းသရုပ်ပြပွဲ ပြုလုပ် တာ။”
ကျွန်တော်က ကျွန်တော်တို့ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ထပ်မံရှင်းပြလိုက် ရ၍ ကျေနပ်အားရမိသွားသည်။
“အေး ဟုတ်ပါပြီ၊ ထားပါတော့ မျိုးနေကြာ ထုတ်တာက ရိုးရိုးဆီထွက်နေကြာထုတ်တာနဲ့ ဘာကွာလို့လဲ။ ဘာတွေလုပ်ရသလဲ၊ ပြောစမ်း ပါဦး။”
အစ်ကိုကြီး အားတက်သရောမေးလာ၍ ကျွန်တော် ကျေနပ်အားရမိသည်။
နေကြာမှာ သဘာဝမျိုးအုပ်စု နှစ်မျိုးရှိ
“အစ်ကိုကြီးသိတဲ့အတိုင်း နေကြာသီးနှံက ပင်ခြားဝတ်မှုန်ကူးတဲ့ သီးနှံဖြစ်တာကြောင့် ပြင်ပ အကူအညီနဲ့ ဝတ်မှုန်ကူးပေးမယ်ဆိုရင် ပိုပြီး သန္ဓေအောင်ပါတယ်။ အထူးသဖြင့် နေကြာ စိုက်ခင်းမှာ ပျားပုံးတွေ ချပေးထားရင် နေကြာလည်း ဝတ်မှုန်ပိုကူးပြီး နေကြာအထွက်ကောင်းမှာ ဖြစ်သလို ပျားပုံးတွေကလည်း ပျားရည်ရမှာကြောင့် ဝင်ငွေနှစ်မျိုးရမှာဖြစ်ပါတယ်။ နေကြာမှာ သဘာဝ ဝတ်မှုန်ကူးမျိုးနဲ့ စပ်မျိုးနေကြာဆိုပြီး မျိုးအုပ်စု နှစ်မျိုးရှိပါတယ်။ စပ်မျိုးနေကြာတွေက အထွက်နှုန်း ပိုကောင်းပြီး မြေကောင်းရေကောင်း အခြေအနေ ကောင်းမှသာ အထွက်နှုန်းကောင်းမှာဖြစ်ပြီး ခက်တာက မျိုးပြန်ပြီးခံလို့မရနိုင်ပါဘူး။ သဘာဝ ဝတ်မှုန်ကူးမျိုးကတော့ မိဘမျိုးတွေက ဝတ်မှုန် ကူးရာမှ ရရှိလာတဲ့မျိုးဖြစ်တဲ့အတွက် အကြမ်းခံပါ တယ်။ ဒေသမရွေး စိုက်ပျိုးလို့ရတဲ့အပြင် တောင်သူတွေ မျိုးပြန်ပြီးခံလို့ရပါတယ်။ ကနေ့ ကျွန်တော်တို့ တောင်သူတွေကို လက်တွေ့သရုပ်ပြ တဲ့ ဆင်းရွှေကြာ(၂)မျိုးဆိုရင် လေးနှစ်အထိ မျိုးခံ လို့ရပါတယ်။
“အေး ကောင်းတယ်ကွာ။ အဲဒီ ဆင်းရွှေကြာ (၂) မျိုးက မင်းတို့ဘယ်နိုင်ငံက ဝယ်တာလဲ။ သူရဲ့ ကောင်းခြင်း လက္ခဏာတွေကရော ဘာတွေလဲ။”
ကျွန်တော်ပင် စကားမဆုံး။ အစ်ကိုကြီးက ဖြတ်၍ မေးလိုက်ခြင်းဖြစ်ပါသည်။
“ဘယ်နိုင်ငံကမှ ဝယ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရေဆင်း၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနက ထုတ်လုပ်တာပါ။ ဆင်းရွှေကြာ(၂) နေကြာ က အသက်ရက် (၈ဝ-၈၅) ရက်ရှိပြီး အပင်အမြင့် လေးပေကနေ လေးပေခွဲအထိရှိတယ်။ အပွင့် အချင်းက (၅-၈) လက်မရှိပြီး အပွင့်တစ်ပွင့်မှာ အောင်မြင်တဲ့အစေ့ (၅ဝဝ-၈ဝဝ) အထိပါတယ်။ အစေ့ ၁ဝဝဝ က အလေးချိန် (၄ဝ-၄၅) ဂရမ်ရှိပြီး ဆီထွက်ရာခိုင်နှုန်း (၄၅-၄၈) ရှိတယ်။ အထွက် ကောင်းမျိုးဖြစ်ပြီး တစ်ဧကကို (၂၅-၃ဝ) တင်း ထွက်ရှိတယ်။”
“မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား၊ တယ်ပြီး တိကျပါလား။”
အစ်ကိုကြီးက ဖြတ်၍မေးလိုက်ခြင်းဖြစ်သည်။
“အစ်ကိုကြီးရယ် ဘယ်မတိကျလို့ ရပါ့မလဲ။ နိုင်ငံတော်ရဲ့တစ်ခုတည်းသော စိုက်ပျိုးရေး သုတေသနဦးစီးဌာနလေ။ ဒါပေမယ့် ဘယ်အပင်မျိုး မဆို စိုက်ချိန်မှန်ဖို့လိုတယ်။ မြေကိုစနစ်တကျပြု ပြင်ပြီး သတ်မှတ်တဲ့သွင်းအားစုထည့်ဖို့လိုတယ်။ ဆင်းရွှေကြာ(၂) ကို မိုးရာသီမှာ မေလနဲ့ ဇွန်လမှာ စိုက်ရပြီး မိုးနှောင်းအနေနဲ့က စက်တင်ဘာလနဲ့ အောက်တိုဘာလမှာ စိုက်ရမယ်။ အစ်ကိုကြီးသိတဲ့ အတိုင်း မြေပြုပြင်ရင်တော့ ထယ်ရေးနက်နက်ထိုးပြီး ထယ်ရေးညက်ဖို့လိုတယ်။
မြေပြုပြင်တဲ့အချိန်မှာ တစ်ဧကကို ယူရီးယား ၅ဝ ကီလိုဂရမ်တစ်အိတ်၊ တီစူပါအိတ်ဝက်နဲ့ ပိုတက်ရှ် အိတ်ဝက် ထည့်ဖို့လိုမယ်။ နွားချေး ဒါမှမဟုတ် သဘာဝမြေဩဇာရရင်လည်း လှည်း (၅-၁ဝ) စီး တိုက် ထည့်ပေးဖို့လိုတယ်။ အဖူးဝင်ချိန်မှာလည်း ယူရီးယားအိတ်ဝက်လောက် ထပ်ပြီးထည့်ပေးဖို့ လိုတယ်။ အရေးကြီးတာက တန်းကြားနှစ်ပေ၊ ပင်ကြား ကိုးလက်မခြားပြီး တစ်ကျင်းမှာ နှစ်စေ့နှုန်း စိုက်ရင် တစ်ဧကမှာ အပင် ၂၉ဝဝဝ ဝင်မယ်။”
“အရေးကြီးတာက သေချာချင်ရင် နေကြာ စိုက် ဆိုတဲ့ ဆိုရိုးစကားကို အားကိုးပြီး ကျွန်တော် တို့ တောင်သူတွေက နေကြာတော့စိုက်ပါရဲ့။ ပစ်မထားဖို့အရေးကြီးတယ်။ လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ အပင်ပဲဖြစ်ဖြစ် ငယ်စဉ်မှာ အထူးဂရုစိုက်ဖို့လိုတယ်။ အပင်ငယ်စဉ်မှာ ပေါင်းမြက်ရှင်းဖို့လိုသလို အပင်သက်တမ်း ၁၅ ရက် အတွင်းမှာ သားခွဲဖို့လိုတယ်။ တစ်ကျင်းမှာ တစ်ပင် ပဲချန်ပြီး ကျန်တဲ့အပင်နုတ်ပစ်၊ သားခွဲရမယ်။ ပိုးနဲ့ ရောဂါပိုးကျရောက်မှုရှိ မရှိ စစ်ဆေးပြီး ကျရောက် တာတွေ့ရင် ချက်ချင်းဆေးဖျန်းဖို့လိုတယ်။ အဖူး ဝင်ချိန်မှာ အပင်ယိုင်လဲမှုမဖြစ်အောင် ပေါင်လုံးဖို့ လိုပြီး လိုအပ်ရင် အဖူးဝင်ချိန်နဲ့ ပန်းပွင့်ချိန်မှာ ရေတစ်ကြိမ်စီသွင်းပေးရင် အကောင်းဆုံးပဲ။”
“မင်းဟာက ဒီလောက်ပြုစုမှတော့ အထွက် မကောင်းရှိပါ့မလားကွ။ ကဲ ထားပါတော့။ မင်းပြော တဲ့ နေကြာမျိုးသန့်မျိုးစေ့ရအောင် ဘယ်လို လုပ်ရမလဲ ပြောစမ်းပါဦး။ မင်းတို့ ဒီနေ့တောင် သူတွေကို ဘယ်လိုသရုပ်ပြသလဲဆိုတာ။”
ကျွန်တော့် အစ်ကိုကြီးက လိုရင်းကို မေးလာ ခြင်းဖြစ်သည်။
“ကျွန်တော်တို့ စိုက်ထားတဲ့ ဆင်းရွှေကြာ(၂) နေကြာခင်း၊ ပန်းပွင့်တဲ့အချိန်မှာ ပင်စည်တုတ်ခိုင် ပြီး အရွက်အရေအတွက်များတဲ့၊ အပင်အမြင့်ညီတဲ့၊ ရောဂါပိုးမွှားကင်းတဲ့ အပင် ၁ဝဝဝ ကို ရွေးမယ်။ ပြီးတော့ အဲဒီအပင်က နေကြာပွင့်ကို အိတ်စွပ် ထားလိုက်မယ်။ ပြီးတော့မှ ရွေးထားတဲ့ အပင်တွေရဲ့ နေကြာပွင့်ကနေ ဝတ်မှုန်ယူမယ်။ ဝတ်မှုန်ကို လက်ကလေးနဲ့ခြစ်ချပြီး ပလတ်စတစ်ခွက်ထဲ ထည့်ပြီးစုမယ်။ ပြီးတော့ အဲဒီအပင် ၁ဝဝဝ က ယူထားတဲ့ ဝတ်မှုန်တွေကို စုပေါင်းပြီး မွှေပေးမယ်။ ပြီးတော့မှ အဲဒီဝတ်မှုန်တွေကို စောစောက ဝတ်မှုန် ယူထားတဲ့ အိတ်စွပ်ထားတဲ့ နေကြာပွင့်တွေကို စုပ်တံလေးနဲ့ ဒါမှမဟုတ် တို့ဖတ်ပဝါလေးနဲ့ ဝတ်မှုန် ပြန်ပြီးကူးပေးမယ်။ ဆိုလိုတာကတော့ နေကြာက ပင်ခြားဝတ်မှုန်ကူးတာဖြစ်တဲ့အတွက် လူနဲ့ကူးပေး လိုက်တာပဲ။ ပျားနဲ့ကူးရင်တော့ ရွေးချယ်ထားတဲ့ အပင်ရော၊ မရွေးချယ်ထားတဲ့အပင်ရော ရောကုန် နိုင်တာကြောင့် လူနဲ့ ပင်ခြားဝတ်မှုန်ကူးပေးတာ ကတော့ အကောင်းဆုံးပါပဲ။”
“အေး ကောင်းပါပြီ။ အဲဒီ ဝတ်မှုန်ကူးပေးတာကို ဘယ်အချိန်မှာ လုပ်ပေးနိုင်ရင် အကောင်းဆုံးလဲ။”
အစ်ကိုကြီးက သူသိချင်တာကို ဖြတ်၍ မေးလိုက်သည်။
“ဝတ်မှုန်ကူးတာကို မနက် ၈ နာရီကနေ ၁၀ နာရီအတွင်း နေ့စဉ်ဆောင်ရွက်ပေးတာ အကောင်းဆုံးပါ။ ရိတ်သိမ်းချိန်မှာ ရွေးချယ်ထားတဲ့ အပင်တွေက နေကြာပွင့်တွေကို တစ်ပင်ချင်းစီ သီးသန့်သိမ်းထားရပါမယ်။ အဲဒီနောက် ရိတ်သိမ်းပြီး အပင်တွေရဲ့ မျိုးစေ့တွေကို စိစစ်ရွေးချယ်ပြီး သီးသန့်စုပေါင်းသိမ်းထားဖို့လိုပါမယ်။ ဒီမျိုးစေ့ တွေက အမြုတေမျိုးစေ့တွေ ဖြစ်ပါတယ်။”
“အေး ဟုတ်ပါပြီ။ မင်းတစ်ဧကမှာ အပင် ၇ဝဝ ကနေ ၁ဝဝဝ အထိလောက် အိတ်စွပ်ပြီး မျိုးခံ လိုက်တော့ မျိုးစေ့ဘယ်လောက်ရနိုင်သလဲ။ ပြီးတော့ ဘယ်နှဧကလောက်စိုက်နိုင်မလဲ။”
အစ်ကိုကြီး၏ မေးခွန်းများက လက်တွေ့ ကျလှသည်။ မနေ့က ကျွန်တော်တို့ ကိုယ်တိုင်လုပ် ထား၍သာ ဖြေနိုင်ခြင်းဖြစ်သည်။
“အခုလို မျိုးနေကြာ တစ်ဧကစိုက်ကွင်းမှာ မျိုး အတွက် အပင် ၇ဝဝ ကနေ ၁ဝဝဝ အထိ စိုက်ခင်း က မျိုးယူမယ်ဆိုရင် အမြုတေမျိုးစေ့ ၁၆ ပြည် (တစ်တင်း) လောက် ရရှိမှာဖြစ်ပြီး တစ်ဧကကို လေးပြည်နှုန်းနဲ့ စိုက်ရမှာကြောင့် လေးဧကပြန်ပြီး စိုက်နိုင်မှာဖြစ်ပါတယ်။”
“အေး ကောင်းပါပြီ။ တစ်ဧကနေကြာအခင်းမှာ ကျန်တဲ့နေကြာစေ့တွေကရော ဘာဆက်လုပ်ကြ မလဲ။”
“အဲဒါကတော့ အစ်ကိုကြီးရယ် ဆီကြိတ်ရုံပေါ့။ အဲဒီ ကျန်တဲ့နေကြာပွင့်တွေကလည်း ဘာပဲ ပြောပြော ဆီထွက်ကောင်းတဲ့ နေကြာစေ့တွေပါပဲ။ အပင် ၁၀၀၀ ကသာ မျိုးအတွက် ကျွန်တော်တို့ ခေါင်းခေါက်ပြီး ရွေးထားတာပါ။
အစ်ကိုကြီး၏အမေးကို ကျွန်တော်ပြန်၍ ဖြေလိုက်သည်။
“အဲဒီတော့ မင်းတို့ပြောသလို ဆင်းရွှေကြာ(၂) မျိုးနေကြာကို သဘာဝဝတ်မှုန်ကူးမျိုးနဲ့ မျိုးသန့် ထိန်းသိမ်းရင် ငါတို့ဝင်ငွေဘယ်လောက်ရမလဲ။”
“နေကြာက သေချာစိုက်ရင် တစ်ဧကကို (၂၅-၃၀) တင်း ထွက်ရှိနိုင်တယ်။ သာမန်ဆီထွက် နေကြာပဲဆိုရင်တော့ ၂၅ တင်းထွက်တယ်ဆိုရင် တစ်တင်းကို ငွေကျပ် ၃၂၀၀၀ ဈေးရှိတာကြောင့် ငွေကျပ် ၈၀၀၀၀၀ လောက်ရပါမယ်။ အဲဒီအခင်းကိုပဲ မျိုးစေ့မျိုးသန့်ထုတ်မယ်ဆိုရင် မျိုးစေ့က တစ်တင်းရပြီး ငွေကျပ် ၄၈၀၀၀ ရမယ်။ ဆီထွက် နေကြာစေ့ ၂၄ တင်းက ငွေကျပ် ၃၂၀၀၀ ဈေးနဲ့ဆိုရင် ကျပ် ၇၆၈၀၀ဝ ရပြီး မျိုးတစ်တင်းက ငွေကျပ် ၄၈၀၀၀ ရမှာကြောင့် စုစုပေါင်း ငွေကျပ် ၈၁၆၀၀၀ ရပါမယ်။”
“မင်းဟာက သိပ်မှမမြတ်ဘဲကွ။ အဲဒီလိုဆို အဓိကအကျိုးကျေးဇူးက ဘာလဲ။”
“အဓိကအကျိုးကျေးဇူးကတော့ စိုက်ချိန် ရောက်မှ မျိုးလိုက်ရှာစရာမလိုဘူး။ ကိုယ့်မျိုးကိုယ် သိမ်းထားတာကြောင့် မျိုးသန့်တဲ့အပြင် အထွက် နှုန်းလည်းကောင်းမယ်။ ဒါ့အပြင် လေးနှစ် ဆက်တိုက် မျိုးခံလို့ရတာကြောင့် မျိုးကောင်း မျိုးသန့်ရဖို့ နှစ်စဉ်စိတ်မပူရတော့ဘဲ စိုက်သွားရမယ့် အကျိုးကျေးဇူးပါပဲ။”
“အေးကွာ။ ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ နေကြာမျိုးစေ့ထုတ်လုပ်စို့ လို့ပဲ ပြောချင်သကွာ။”
အစ်ကိုကြီးက ပြောလည်းပြော၊ ဖုန်းလည်းချသွားပါ တော့သည်။ ။
- Log in to post comments