
ရန်ကုန် ဇန်နဝါရီ ၅
မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) အတွက် “စွမ်းအင်အလေအလွင့်လျှော့ချရေး”နှင့် “ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်”နှင့် ပတ်သက်သော စီမံကိန်းများအား လုပ်ဆောင်နိုင်ရန်အတွက် မြန်မာငွေ ကျပ်သိန်းပေါင်းနှစ်သောင်းကို ဒိန်းမတ်နိုင်ငံက Responsible Business Fund(RBF)မှတစ်ဆင့် စီးပွားရေးလုပ်ငန်းများသို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ ယင်းအတွက် ဆဋ္ဌမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်း(ဒုတိယအဆင့်)လျှောက်လွှာ Full Proposal ကို ဇန်နဝါရီ ၉ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ကြောင်း Responsible Business Fund(RBF)မှ သိရသည်။
ကူညီထောက်ပံ့ပေးပြီးဖြစ်
ဒိန်းမတ်နိုင်ငံသည် ပြီးခဲ့သည့် ငါးနှစ်တာအတွင်း မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းစုစုပေါင်း ၆၀၉ ခု အတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၁၉၅၇၆၀ ကူညီထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံရှိ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ဆက်လက် ထောက်ပံ့ငွေ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံရုံးမှ သိရသည်။
အသက်မွေးဝမ်းကျောင်းမှုများ အဆင်ပြေစေရန်
လက်ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ရင်ဆိုင်ကြုံတွေ့နေရသော လျှပ်စစ်မီးရရှိရေးနှင့် စွမ်းအင်သုံးစွဲမှုစရိတ် မြင့်တက်လာမှုများကြောင့် ထုတ်လုပ်မှုများ ကျဆင်းလာခြင်းတို့အပေါ် ၄င်းတို့အား မှီခိုနေရသောဝန်ထမ်းများနှင့် ဒေသတွင်းနေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုများ အဆင်ပြေစေရန် ရည်ရွယ်၍ ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နည်းပညာအသစ်များ ဖော်ဆောင်
RBF ၏ ဆဋ္ဌမအကြိမ်မြောက် အဆိုပြုလွှာခေါ်ဆိုမှု ဖွင့်ပွဲကို ပြီးခဲ့ သည့်နှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ အကြီးအကဲ တက်ရောက်ခဲ့သည်။ ၄င်းက မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs)အတွက် စီမံကိန်းတစ်ခုလျှင် အများဆုံးထောက်ပံ့ငွေ ကျပ်သိန်း ၄၀၀၊ စုစုပေါင်း စီမံကိန်းကုန်ကျငွေ၏ ၂၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ထိုရရှိသော ထောက်ပံ့ငွေများကို ကောင်းမွန်စွာအသုံးချ၍ နည်းပညာအသစ် များကို ဖော်ဆောင်ကာ စံနမူနာကောင်းဖြစ်သော စီမံကိန်းများ လုပ်ဆောင်သွားရန် အားပေးပြောကြားခဲ့သည်။ သီရိ