ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍မရသော အကျိုးကျေးဇူး အများအပြားပေးနိုင်

 

ဧရာဝတီတိုင်းဒေသကြီးတွင် ဒီရေတောဧရိယာ ၇၁၁၆၉၆ ဧက၊ ၂၈၈၀၁၉ ဟက်တာ  တည်ရှိရာ အဆိုပါ ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍ မရနိုင်သော အကျိုးကျေးဇူးများ အများအပြားပေးနိုင်သဖြင့် ဒီရေတောများအား လူသားတို့ အနေဖြင့်   တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်နိုင်ရန် အဓိက လိုအပ်သည်။

 


ဒီရေတောများ ပျက်စီးယိုယွင်းပါက ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ သည့် နာဂစ်မုန်တိုင်း ကျရောက်မှုကဲ့သို့ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ဖွယ်ရာရှိပြီး ဒီရေတောဂေဟစနစ်များမှ ရရှိသည့် သားငါး၊ ပုစွန်၊ ကဏန်းများပါ ရှားပါးလာနိုင်သည်။

 


ဒီရေတောများ   ရှင်သန်နေခြင်းဖြင့်    လေပြင်းမုန်တိုင်းဒဏ် ကာကွယ်ပေးခြင်း၊ ပင်လယ်လှိုင်းဒဏ် ကာကွယ်ပေးခြင်း၊ မြစ်ရေကြီး ခြင်းကို သက်သာစေခြင်း၊ မြစ်ကမ်းပါးပြိုခြင်းကို သက်သာစေခြင်း၊ ဒီရေတောများအတွင်း   နုန်းများအနည်ထိုင်ခြင်းကြောင့်  ရေကြောင်း သွားလာမှု ကောင်းမွန်စေခြင်း၊ မြစ်ရေအညစ်အကြေးကို သန့်စင် စေခြင်း၊ မြေဆီလွှာအတွင်း ဆားငန်ရေ ထိုးဖောက်မှုကို ကာကွယ်ခြင်း၊ ရေစီးအားနှင့် ဒီရေအတက်အကျကို မျှတစေခြင်း၊ ငါး၊ ပုစွန်၊ ကဏန်း စသော ရေသတ္တဝါတို့ ခိုအောင်းရာ၊    ကျက်စားရာနေရာဖြစ်ခြင်း၊ သားငှက်တိရစ္ဆာန်တို့ ကျက်စားရာဒေသဖြစ်ခြင်း၊ ဒီရေတောသဘာဝ ဆိုင်ရာပညာရပ်များ လေ့လာခြင်းနှင့် သုတေသနပြုနိုင်ခြင်း၊ အပန်း ဖြေခြင်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ   ထိန်းသိမ်းနိုင်ခြင်းစသည့် လူသားတို့အတွက် တန်ဖိုးဖြတ်မရသည့်    အကျိုးကျေးဇူးများ    ပေးနိုင်သည့်အပြင် ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်ပေါ်စေသည့် ဓာတ်ငွေ့တစ်မျိုးဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို လေထုအတွင်းမှု သိုမှီးရာတွင် လည်း  ဒီရေတောများသည် အဓိကအခန်းကဏ္ဍမှ    ပါဝင်ကြောင်း ဒီရေတောပညာရှင်များထံမှ သိရသည်။

 


ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဒီရေတောများအနက် ထင်ရှား ကျော်ကြားသော     ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောပေါ်မှ     ဒီရေတောများသည် မျိုးသုဉ်း ပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသည့် အပင်နှင့် အကောင်မျိုးစိတ် များအတွက် မှီခိုနေထိုင်ရာအိမ်ဖြစ်ပြီး ၎င်း၏ပတ်ဝန်းကျင်ရှိ ကျေးရွာ ၃၂ ရွာမှအိမ်ထောင်စု ၈၀၀၀   ကျော်၏  စားဝတ်နေရေးနှင့် ဝင်ငွေ အတွက် မှီခိုရာလည်းဖြစ်သည့်အပြင် ပို၍အရေးပါသည့် အချက်မှာ မိန်းမလှကျွန်းပေါ်မှ ဒီရေတောများသည် ပတ်ဝန်းကျင်ဒေသများကို ရာသီဥတုပြောင်းလဲမှုကြောင့်    ဖြစ်ပေါ်လာသော    သဘာဝဘေး အန္တရာယ်များ၏ ဒဏ်မှအကာအကွယ်ပေးလျက်ရှိသည်။

 


သို့ရာတွင် မိန်းမလှကျွန်းပေါ်ရှိ     ဒီရေတောများအားထင်း ထုတ်ယူသည့် ၁၉၈၅ ခုနှစ်မှ စတင်၍    လူတို့၏ အလွန်အကျွံ စည်းကမ်းမဲ့ ခုတ်လှဲသုံးစွဲမှု၊ ၂၀၀၈    ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဒီရေတောများပျက်စီးမှုဖြစ်ပေါ်ခဲ့ရသည်။

 


ယခုအခါတွင်     မိန်းမလှကျွန်းပေါ်မှ    ဒီရေတောများကို    ပြန်လည် ထူထောင်စိုက်ပျိုးရုံသာမက      အပင်ပေါက်ရောက်မှု      ပိုမိုများပြား သိပ်သည်းလာစေရန်၊       မျိုးသုဉ်းပျောက်ကွယ်ဖို့     အန္တရာယ် ကျရောက်နေသော အရေးကြီးသည့် ဒီရေတောမျိုးစိတ်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုကောင်းမွန်လာစေရန်နှင့် ဒီရေတောဂေဟ စနစ်များကို ပိုမိုကျန်းမာသန်စွမ်း လာစေရန်အတွက် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ဒီရေတောအပင်များ ကွက်လပ် ဖြည့် စိုက်ပျိုးမည့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက် နေပြီဖြစ်ရာ ဒေသခံများပူးပေါင်းပါဝင် ဆောင်ရွက်ရန် အဓိက လိုအပ် လျက်ရှိပေသည်။                                          

မိုးစက်(ဘိုကလေး)