
နေပြည်တော် မတ် ၁
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင် နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူး ဖွင့်လှစ်သည့် ဒီပလိုမာ စာရင်းကိုင် (ဒုတိယပိုင်း) အမှတ်စဉ် - ၄၂ သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်း ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်း အတွင်းဝန်နှင့်တာဝန်ရှိသူများ၊ သင်တန်းကထိက များနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် ကိုယ်ပိုင် စာရင်းကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်း ပညာရပ်သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု သည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် ယခုကဲ့သို့ စာရင်းပညာ ရပ်ဆိုင်ရာ ဒီပလိုမာစာရင်းကိုင်သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်၍ အရေအတွက်သာမက အရည်အချင်းပြည့်ဝသည့် စာရင်းကျွမ်းကျင်သူများမွေးထုတ်ပေးခြင်းဖြင့် စာရင်းပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီပလိုမာစာရင်းကိုင်သင်တန်းသည် စာရင်းပညာရှင် ဖြစ်လာစေမည့် ပထမခြေလှမ်းဖြစ်သဖြင့် စာရင်း ပညာရပ်ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ကျွမ်းကျင်တတ်မြောက်အောင် အလေးထားလေ့လာ မှတ်သားသင်ယူကြရန် လိုအပ်ကြောင်း၊ သင်တန်း စည်းကမ်းများကို လေးစားလိုက်နာခြင်း၊ တိုးတက် ပြောင်းလဲနေသည့် စာရင်းပညာရပ်များကို စဉ်ဆက် မပြတ် လေ့လာဆည်းပူးခြင်းတို့ဖြင့် နိုင်ငံနှင့် ဌာန၊ အဖွဲ့အစည်းများက အားထားရသည့် စာရင်းပညာရှင် များဖြစ်လာစေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်း နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။
ယခု ဖွင့်လှစ်လိုက်သည့် သင်တန်းသို့ နေပြည်တော် သင်တန်းကျောင်းတွင် သင်တန်းသား ၄၂ ဦးနှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်း သား ၂၆ ဦး စုစုပေါင်း သင်တန်းသား ၆၈ ဦးတို့ကို ဘာသာရပ် ခြောက်ခုဖြင့် ၁၀လကြာ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်