ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပွဲနှင့်  ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲ အခမ်းအနားကျင်းပ


 

ရန်ကုန်   ဇွန်   ၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်  (၂၀၁၉-၂၀၂၀)၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များတွင် ဒီပလိုမာသင်တန်းအသီးသီးသို့    တက်ရောက် အောင်မြင်ခဲ့ကြသော ပြည်တွင်း၊  ပြည်ပ သင်တန်း သားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပွဲနှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာ ပြုတက္ကသိုလ်     Seminar   Hall   ၌  ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်    ခေတ္တပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊  မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ မထေရ် မြတ် အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ သင်ကြားသီလရှင်ဆရာကြီးများ၊ (၂၀၁၉-၂၀၂၀)   (၂၀၂၁-၂၀၂၂)   ပညာသင်နှစ်များတွင်  ဒီပလိုမာ (ဗုဒ္ဓဓမ္မ) သင်တန်းအသီးသီးသို့ တက်ရောက်အောင် မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပသင်တန်းသားများနှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပသင်တန်းသားသစ်များ  ကြွရောက် တော်မူကြသည်။
အစီအစဉ်အရ ခေတ္တပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတ ဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက သြဝါဒကထာနှင့် သမ္မောဒနိယသန္ဒေသကထာ ချီးမြှင့်တော်မူပြီး အဖွင့် အမှာစကား မိန့်ကြားသည်။ 
ထို့နောက်   ခေတ္တပါမောက္ခချုပ်  ဆရာတော်က (၂၀၁၉-၂၀၂၀)၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များတွင် ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက်အောင် မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများ အား ဒီပလိုမာ(ဗုဒ္ဓဓမ္မ)အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်ပြီး အောင်လက်မှတ်ရ သင်တန်းသားများက အဓိဋ္ဌာန်ပြုကြသည်။ 
ထို့နောက် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် သင်တန်း အသီးသီးသို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်  ရဟန်းတော်များအား  တက္ကသိုလ် တံဆိပ်ပါ    ကတ္တီပါယပ်များကို  လည်းကောင်း၊ သင်တန်းသားသစ် သီလရှင်များ၊ အမျိုးသားများနှင့် အမျိုးသမီးများအား တက္ကသိုလ်တံဆိပ်ပါ ယောဂီ လောဘက်များကိုလည်းကောင်း သင်တန်းသားသစ် များအဖြစ်   အသိအမှတ်ပြုသောအားဖြင့်  အပ်နှင်း ချီးမြှင့်သည်။
အပြည်ပြည်ဆိုင်ရာ    ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး   ထေရဝါဒဗုဒ္ဓသာသနာတော်  ကမ္ဘာ တစ်ဝန်းလုံးတွင်       ပြန့်ပွားစေရန်၊  သင်္ဂါယနာ ခြောက်တန်တင်   ထေရဝါဒပိဋကတ်စာပေများကို မူရင်းအတိုင်း  သင်ယူခွင့်ရရှိပြီး  လိုက်နာကျင့်သုံး နိုင်စေရန်၊ အကုသိုလ်ဖြစ်စေမည့် ဒုစရိုက်မှုများကို သိရှိရှောင်ကြဉ်၍ ကုသိုလ်ဖြစ်စေမည့် သုစရိုက်မှုများ ကို သိရှိဖြည့်ဆည်းကျင့်သုံးနိုင်စေရန်၊ ကမ္ဘာတစ်ဝန်း လုံး ဗြဟ္မစိုရ်တရားထွန်းကား၍ ငြိမ်းချမ်းသာယာ သည့်    လူ့ဘောင်လောကကြီး  ဖြစ်လာနိုင်စေရန်၊ ပရိယတ္တိဆိုင်ရာ  ပိဋကတ်စာပေကျွမ်းကျင်နှံ့စပ်၍ ပဋိပတ္တိဆိုင်ရာ    အကျင့်သီလနှင့်   ပြည့်စုံသော သာသနာပြုပုဂ္ဂိုလ်များ တိုးပွားလာစေရန်၊ ထေရဝါဒ ပိဋကတ်တော်များကို မူရင်းအတိုင်း လေ့လာသင်ယူ လိုသည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ဗုဒ္ဓဘာသာ ဆိုင်ရာတက္ကသိုလ်များ၊ တက္ကသိုလ်၏ ရည်မှန်းချက် ကို အထောက်အကူပြုစေမည့် အခြားတက္ကသိုလ်များ နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထေရဝါဒဗုဒ္ဓ သာသနာ ပြန့်ပွားထွန်းကားရေးအတွက် နိုင်ငံတကာသို့ သာသနာပြုစေလွှတ်နိုင်ရန် အစရှိ သော ရည်ရွယ်ချက်များဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ပြု သင်တန်းအသီးသီးကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အထိ ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ်ရ ပြည်တွင်း၊ ပြည်ပ သင်တန်းသား ဦးရေ ၁၁၂၁ ပါး/ဦး၊ ဝိဇ္ဇာ(ဗုဒ္ဓဓမ္မ)ဘွဲ့ရ ပြည်တွင်း၊ ပြည်ပသင်တန်းသားဦးရေ ၈၀၄ ပါး/ဦး၊ မဟာဝိဇ္ဇာ (ဗုဒ္ဓဓမ္မ)ဘွဲ့ရ ပြည်တွင်း၊ ပြည်ပသင်တန်းသား ဦးရေ ၂၂၈ ပါး/ဦး၊ ပါရဂူ (ဗုဒ္ဓဓမ္မ) ဘွဲ့ရ ပြည်တွင်း၊ ပြည်ပ သင်တန်းသားဦးရေ  ၃၆ ပါး/ဦး ရှိပြီဖြစ်ကြောင်းနှင့် တက္ကသိုလ်တွင် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိနှင့် ပဋိပတ္တိဘာသာရပ်များအား မြတ်ဗုဒ္ဓ၏ ထေရဝါဒ ဒေသနာတော်နှင့်အညီ ဦးစားပေး သင်ကြားပို့ချပေး လျက်ရှိကြောင်း သတင်းရရှိသည်။         သတင်းစဉ်