ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တည်ဆောက်

အယ်ဒီတာ့ အာဘော်
===============
 
ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တည်ဆောက်
===========================
 
ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ် မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုနှင့် တိုင်းပြည်ငြိမ်းချမ်းမှုကို ခိုင်မာသည်ထက် ခိုင်မာအောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်၍ စစ်မှန်သည့်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြားဖြစ်ပေါ်ခဲ့သော သံသယများနှင့် အယူအဆ ပိုင်းဆိုင်ရာ အမြင်ကွဲပြားမှုများကြောင့် မငြိမ်းချမ်းမှုများဖြစ်ပေါ်ခဲ့ရာ အကျိုးဆက်မှာ တိုင်းရင်းသားပြည်သူများ လူမှုဘဝနိမ့်ကျပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခဲ့ရသည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားသောဒေသများတွင် ဒေသဖွံ့ဖြိုးတိုးတက်မှုမှေးမှိန်နေပြီး အခြေခံ လူ့အခွင့်အရေးများ နစ်နာဆုံးရှုံးလျက်ရှိသည်။
ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးလုပ်ငန်းများကို အဓိကဦးစားပေး လုပ်ငန်းစဉ်အဖြစ်သတ်မှတ်ကာ အလေးထားအကောင်အထည်ဖော်လျက် ရှိသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဆောင်ရွက် ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ကနဦးအရေးအကြီးဆုံးဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ကျန်ရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေသည်။
ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်၍ နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် ဘုံသဘောတူညီ ချက်များရယူသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးများကို သုံးကြိမ်တိုင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အစည်း အဝေးများမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော ဘုံသဘောတူညီချက် (၅၁)ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ်၏ အစိတ်အပိုင်းများအဖြစ် ရရှိထားပြီးဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်လျှင် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းလာမည်။ တည်ငြိမ် အေးချမ်းလာသည်နှင့်အမျှ ဒေသအားလုံးဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ဘဝ လုံခြုံရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် နိုင်ငံတစ်ဝန်းလုံး တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့်တရားစီရင်ရေးနှင့် နိုင်ငံသားများ ဘေးကင်း လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး ကျရာအခန်းကဏ္ဍမှ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အထူးလိုအပ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှုများ အားကောင်း လာရန်လိုအပ်သကဲ့သို့ ပြည်တွင်းစီးပွားရေးကဏ္ဍတွင် တိုင်းရင်းသား လုပ်ငန်းရှင်များ၏အခန်းကဏ္ဍ မြင့်မားတိုးတက်လာရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပြီး ခရီးသွားလုပ်ငန်း၊ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများ အဆင်ပြေရေး၊ ဒေသထုတ်ကုန်များတိုးတက်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ အမျိုးသားကျန်းမာရေးကို အလေးထားဆောင်ရွက်ပေးနေပြီး ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်းမြှင့်တင်ရေးကိုလည်း ဖော်ဆောင် ပေးနေသည်။ ထို့အပြင် တစ်မျိုးသားလုံးကို ဆိုးကျိုးဖြစ်စေသည့် မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် အဂတိကင်းစင်ရေးကို နိုင်ငံတော် အစိုးရနှင့်အတူ အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံ၏ပကတိ အခြေအနေ၊ အနာဂတ်မျှော်မှန်းချက်တို့နှင့် ကိုက်ညီသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရန် လွှတ်တော်တွင်းလုပ်ငန်း စဉ်များ အောင်မြင်အောင် ဝိုင်းဝန်းထောက်ခံအားပေးကြရမည်ဖြစ်သည်။
ထိုကဲ့သို့ တိုင်းပြည်ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရှင်သန်ရေး ကြိုးပမ်းဆောင်ရွက်နိုင်သည်နှင့်အမျှ ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သော တရားမျှတခြင်း၊ ညီမျှခြင်း၊ လွတ်လပ်ခြင်းတည်း ဟူသော လောကပါလတရားများ တိုင်းရင်းသားပြည်သူအားလုံး ရရှိခံစား နိုင်ပြီး မျှော်မှန်းထားသည့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရန်မှာ သေချာလာမည်ဖြစ်သည်။
သို့ဖြစ်ရာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရန်အတွက် စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်း စဉ်များ အောင်မြင်အောင် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူ အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။