
နေပြည်တော် နိုဝင်ဘာ ၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကရင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နှင့် တွေ့ဆုံသည်။
ခြိုးခြံချွေတာရေးမူများ ဂရုပြု
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ သည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည် အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေ များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေ အလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများသည် တိုင်းရင်း သားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပီပီပြင်ပြင်နှင့် စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့် အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး ၃၀ ကိုလည်း လိုက်နာ စောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် တို့နှင့်အညီ နိုင်ငံသူ နိုင်ငံသား များ အားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာ လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်