
နေပြည်တော် ဩဂုတ် ၁၀
ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဝန်ကြီးဌာန အလိုက်ရည်မှန်းချက်နှင့် ဦးတည်ချက်၊ လုပ်ငန်း တာဝန်၊ လုပ်ငန်းများဆောင်ရွက်နေမှု၊ တိုးတက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို Powerpoint ဖြင့် ရှင်းလင်း တင်ပြကြသည်။
တိုက်တွန်းနှိုးဆော်ဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကဏ္ဍတစ်ခုချင်းအလိုက် ပြန်လည်သုံးသပ်ဆွေးနွေး ရာတွင် ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သတင်းများမှန်ကန်ရန်နှင့် မြန်ဆန်ရန် လိုအပ် ကြောင်း၊ သတင်းမှန်များကို ပြည်သူများသိရှိစေရေး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်လိုကြောင်း၊ မြန်မာ့ရိုးရာ ဂီတနှင့် အနုပညာယဉ်ကျေးမှုများကို ထိန်းသိမ်းရန် ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကိုလည်း တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ အထွေထွေ ဗဟုသုတ ကြွယ်ဝစေရန်အတွက် စာပေများ ဖတ်ရှု နိုင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ကြစေလိုကြောင်း။
ပိုမိုအကျိုးဖြစ်ထွန်းစေမည်
စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံမျိုးကွဲများ များပြားသည့်အတွက် ရောင်းချမှုနှင့် စီမံခန့်ခွဲမှုများ တွင် အခက်အခဲရှိသဖြင့် မျိုးကွဲများ နည်းပါးစေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ အမျိုးတူ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို နည်းစနစ်တကျ စိုက်ပျိုး ခြင်းဖြင့် အထွက်နှုန်းများ ကောင်းမွန်တိုးတက်လာ မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် စီမံ ကိန်းများကို ဆောင်ရွက်ခြင်းဖြင့် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက် ယန္တရားများဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး ဧက ကွက်များ ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများတွင်လည်း လှောင်မွေးသည့် စနစ်ဖြင့် မွေးမြူမည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ ငါးသယံဇာတများ ပြုန်းတီးမှု လျော့နည်းစေရန်အတွက်လည်း တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက် အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင် စီမံကိန်းအနေဖြင့်လည်း အောင်မြင်တိုးတက်မှုများရှိကြောင်း၊ သမဝါယမအသင်းများကို အမှန်တကယ် လုပ်ကိုင်သူများ စုပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ အလားတူ စက်မှုလုပ်ငန်းများကို ပြန်လည်အားပေးဆောင်ရွက်ပြီး ပြည်တွင်း၌ လူသုံး ကုန်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ လူဦးရေနှင့် သန်းခေါင် စာရင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပူးပေါင်းဆောင်ရွက်၍ စာရင်းများ မှန်ကန်စွာကောက်ယူနိုင်ရေး အလေးထားဆောင် ရွက်ရန်လိုကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ် များ တက်ရောက်ရာတွင် နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များသို့ ကျောင်းသား၊ ကျောင်းသူများ ပိုမိုတက်ရောက်နိုင်ရေး တွန်းအား ပေးဆောင်ရွက်ကြရန်လိုကြောင်း။
ရေရှည်အတွက် စဉ်းစား
စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုအထက်တန်းကျောင်းများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လမ်း များ တည်ဆောက်ရာတွင် သတ်မှတ်ချက်များနှင့် အညီ တည်ဆောက်ရန်နှင့် လမ်းအင်္ဂါရပ်များနှင့်လည်း ညီညွတ်ရန်လိုကြောင်း၊ လမ်းနယ်များကို စနစ်တကျ သတ်မှတ်ထားရှိနိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျရှိစေရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် စည်ပင်သာယာရေးအဖွဲ့ များက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် ပင်စင်ယူချိန်တွင် နေထိုင်ရန်အိမ်ရာ များရှိရန်နှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်း များအတွက် ဝန်ထမ်းအိမ်ရာများရရှိရန် လိုအပ်သကဲ့ သို့ ပြည်သူများအတွက်လည်း တန်ဖိုးသင့်အိမ်ရာများ ရရှိရန် လိုအပ်သဖြင့် ရေရှည်အတွက် စဉ်းစား၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်း
တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်း ဆောင်ရွက်ရန်လိုသကဲ့သို့ မြန်မာစာပေ၊ မြန်မာ စကားနှင့် မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြ သည့် ကောင်စီဝင်များနှင့် တွဲဖက်အတွင်းရေးမှူးတို့ က သတင်းထုတ်ပြန်မှုများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့လုံခြုံ ရေးစနစ် တည်ဆောက်ရေး၊ CRPH ၊ NUG နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် သမားများက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှု၊ တည်ငြိမ် အေးချမ်းရေးအတွက် သတင်းများဖော်ထုတ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်ကာလအတွင်း အကြမ်းဖက်သမား များ၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် လုံခြုံရေး ဝန်ထမ်းများ၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့်ကျန်းမာရေး ဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ၊ သံဃာ တော်များနှင့် သီလရှင်များ ထိခိုက်သေဆုံးခဲ့ရမှုအခြေ အနေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်း၍ ဒေသ အလိုက် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်သွား မည့်အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်မှု။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကိုဗစ်ကာကွယ် ဆေး ထိုးနှံရန် ကျန်ရှိနေသူများ ဆက်လက်ထိုးနှံနိုင် ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအနေဖြင့် သက်ဆိုင်ရာအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရေး၊ တရားမဝင်ကုန်သွယ်မှု များကြောင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှု များ ဖြစ်ပေါ်လျက်ရှိသဖြင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရန် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရေး၊ ဦးတည် ချက် (၅) ရပ်ပါ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရေးနှင့် နိုင်(၄)၊ ပုံစံ ၆၆/၆ စာရင်းဇယားများ ကွန်ပျူတာတွင် ထည့်သွင်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့်ပူးပေါင်းဆောင်ရွက်သွားကြရေး၊ ဒေသအလိုက် တာဝန်ရှိသူများက သတ်မှတ် ချိန်အမီ ပြီးစီးနိုင်ရန် ကြပ်မတ်ဆောင်ရွက်သွားရေး၊ ပြည်ထောင်စုအဆင့် အခမ်းအနားများကိုလည်း အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်သွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ တွင် လစ်ဟင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွား ရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။
လုပ်ပိုင်ခွင့်များ ပေးထားပြီးဖြစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ဆွေးနွေးခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ဝန်ကြီးဌာန များအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုအခြေ အနေများကို သိရှိရကြောင်း၊ နောင်တွင်လည်း အစည်းအဝေးများကို ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဆောင်ရွက် ချက်များကို အပြန်အလှန်သိရှိရခြင်းဖြင့် ခြုံငုံသုံးသပ် ဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းတစ်ခုကို ရရှိစေကြောင်း၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အပေါ်မူတည်၍ ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ ဆောင်ရွက်ရန် အခက်အခဲရှိသည့် ကိစ္စရပ်များကိုလည်း တင်ပြ၍ ပြင်ဆင်ရန် လိုအပ် သည်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်၍ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် လုပ်ပိုင်ခွင့်များ ပေးထားပြီးဖြစ်ကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
အစိုးရတစ်ရပ်သည် ပြည်သူလူထုနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်း ရာတွင် နိုင်ငံ၏ စီးပွားရေးခိုင်မာရေးကိုလည်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုအခါ စီးပွားရေးကိုလည်း အရှိန်အဟုန်မြင့်အောင် ဆောင်ရွက်လျက်ရှိပြီး မိမိတို့မျှော်မှန်းထားသည့် အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ယခုလာမည့် ၆ လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း။
ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်
ပညာရေးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ပညာသင်ကြားပေးရာ တွင် အတန်းအောင်မြင်ရေးထက် အမှန်တကယ် တတ်မြောက်ရေး သင်ကြားပေးရန်လိုကြောင်း၊ အတန်းအောင်မြင်သော်လည်း စာတတ်မြောက် ခြင်းမရှိသဖြင့် စဉ်းစားတွေးခေါ်မှုများတွင် အားနည်း ချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်းပြည်ပ မီဒီယာများကလည်း ယင်းကို အမြတ်ထုတ်ကြသည် ကို တွေ့ရကြောင်း၊ မှန်ကန်သည့် ပညာတတ်များဖြစ်စေ ရေး ပျိုးထောင်ပေးရန်အတွက် ပညာရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် လိုကြောင်း။
တက္ကသိုလ်ပညာသင်ကြားရေးတွင် တက္ကသိုလ်မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့ရပြီးချိန်၌ အတတ်ပညာနှင့်ပတ်သက်သည့် လူမှုရေး၊ ကျွမ်းကျင် မှုပညာရပ်များကို အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်း တတ်မြောက်သည့် ပညာရပ်များ ကို အသုံးချနိုင်မှုသည် နိုင်ငံတော်အတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ် သည်များကို ဝိုင်းဝန်းထိန်းကျောင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တက္ကသိုလ်များတွင် ပတ်ဝန်းကျင် ကောင်းများရှိစေရေး ဖန်တီးဆောင်ရွက်ပေးရန် လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ပေးရန်လိုကြောင်း။
ကျန်းမာမှ အလုပ်လုပ်နိုင်မည်
ပြည်သူများ၏ ကျန်းမာရေးသည်လည်း အရေး ကြီးကြောင်း၊ထို့ကြောင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေးများ ပြည့်ဝစွာထိုးနှံနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းကမ်းချက်များကိုလည်း လိုက်နာနိုင်ရေး အတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ မပေါ့ဆစေလိုကြောင်း၊ ကျန်းမာမှ ပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ ကျန်းမာရေးအတွက် စားရေရိက္ခာ ပြည့်ဝ စွာ စားသုံးနိုင်ရန်လိုကြောင်း၊ စားရေရိက္ခာပြည့်စုံမှု မရှိပါက ကျန်ရှိသည့်ကိစ္စရပ်များကိုလည်း ထိခိုက် လာနိုင်သည့်အတွက် စားရေရိက္ခာပေါများရေး အတွက် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားနေခြင်းဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍ မရနိုင်ဘဲ အချိန်မရွေးဖြစ်ပေါ်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် သတိပေး ပြောကြားလိုကြောင်း၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ် စေရန် ရေစီးရေလာများ ကောင်းမွန်စေရေး ဒေသ အလိုက် နှိုးဆော်တိုက်တွန်း၍ လူထုအားဖြင့် ဆောင်ရွက်ကြစေလိုကြောင်း။
ဒေသအလိုက် ဘက်ပေါင်းစုံမှစဉ်းစား
တိုင်းဒေသကြီးနှင့် ပြည်နယ်များဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကြိုးပမ်းအားထုတ်ပေးကြစေလို ကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက မအောင်မြင်စရာမရှိကြောင်း၊ ဒေသအလိုက် ဘက်ပေါင်းစုံမှစဉ်းစား၍ တိုးတက်အောင်ဆောင်ရွက် ခြင်းဖြင့် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ မိမိအနေဖြင့် လုပ်ငန်းများအောင်မြင်စေရေး အတွက် ယခုကဲ့သို့ တိုက်တွန်းပြောကြားခြင်းဖြစ် ကြောင်း ပြောကြားပြီး အစည်းအဝေးကို ညနေပိုင်း တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်