ဒီမိုကရေစီစံနှုန်းနှင့် ရွေးကောက်ပွဲပြင်ဆင်

အယ်ဒီတာ့အာဘော်

=============

 

 

ဒီမိုကရေစီစံနှုန်းနှင့် ရွေးကောက်ပွဲပြင်ဆင်

=============================

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြုလုပ်ရန် ရက်ပေါင်း ၇၀ ကျော်သာလိုတော့သည်။ နိုင်ငံအတွက် အရေးကြီးသော ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ တွင် တစ်ကြိမ်၊ ၂၀၁၅ တွင် တစ်ကြိမ် နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် ပြုလုပ်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရရှိထားသော ရွေးကောက်ပွဲအတွေ့အကြုံများနှင့်အညီ ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်တော့ မည်ဖြစ်သည်။

 

ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်ဖြစ်ပြီး ဒီမိုကရေစီရှင်သန်စေရေး၏ ရေသောက်မြစ်ဖြစ်ကာ ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်မပင်စည် ဖြစ်သည်။ ရွေးကောက်ပွဲများသည် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း လောကပါလတရားများနှင့်အညီ ဒီမိုကရေစီစနစ် ရှင်သန် ဖွံ့ဖြိုးအားကောင်းခိုင်မာလာစေရန်အတွက် ပြည်သူလူထု၏ သဘောဆန္ဒ များကို ဖွင့်ဟပေးသောပွဲ ဖြစ်သည်။ တိုင်းပြည်တစ်ပြည်တွင် ပြည်သူ သည်သာ အဓိကဖြစ်သည်ကို ရွေးကောက်ပွဲတွင် ညွှန်းဆိုဖော်ပြနေသည်။ နိုင်ငံနှင့် ပြည်သူကိုအကျိုးပြုမည့် စစ်မှန်အားကောင်းသော မဏ္ဍိုင်သုံးရပ် ပေါ်ပေါက်လာအောင် ရွေးကောက်ပွဲများက ဖော်ဆောင်ပေးသည်။

 

ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလနှင့် ကြုံတွေ့နေရသောကြောင့် ကျန်းမာရေးစံသတ်မှတ် ချက်များနှင့်ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည်။ ပြည်သူ သာလျှင်အဓိကဖြစ်၍ ရွေးကောက်ပွဲ၏တန်ဖိုးကို ပြည်သူများ သိရှိသဘောပေါက် နားလည်နေပြီဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အရေးကြီးသောရွေးကောက်ပွဲ၌ ပြည်သူများက စနစ်တကျ မှန်မှန်ကန်ကန် ရွေးချယ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲစာရင်းကိစ္စများပြီးဆုံးခဲ့ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများကို အမှားအယွင်းမရှိအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူလူထု၏ မဲစာရင်းလာရောက်ကြည့်ရှုမှုမှာ အားရဖွယ် ဖြစ်၍ ကျန်ရှိသောလုပ်ငန်းစဉ်များတွင် ရွေးကောက်ပွဲစံနှုန်းများနှင့်အညီ လုပ်ဆောင်နိုင်ရေးတွင် အရေးပါသောကဏ္ဍများ ဆောင်ရွက်နေသည်ကို တွေ့ရသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း စိစစ်ခြင်း၊ မဲဆွယ်စည်းရုံးခြင်းတို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြမည် ဖြစ်သည်။

 

ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည်နှင့်အမျှ မဲရုံများ တည်ဆောက်ရေး၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များနှင့် ရွေးကောက်ပွဲလေ့လာသူများ၊ ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် သတင်းမီဒီယာများ သတင်းယူခွင့်များမှအစ အချိန်နှင့်တစ်ပြေးညီ အစစအရာရာ ကြိုတင်ပြင်ဆောင်ရွက်နေပြီ ဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်အခြေခံခိုင်မာသည်ကို မီးမောင်းထိုးဖော်ဆောင်လိုက်ခြင်း ဖြစ်ရာ ပါတီများနှင့် ပြည်သူပြည်သားများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုအပ်ပါသည်။

 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အရေးကြီးသောအချက်ဖြစ်သည့် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသော လွှတ်တော်မဲဆန္ဒနယ်တွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒ မဲပေးခြင်း မပြုလုပ်မိရန်လိုအပ်ပါသည်။ ပြုလုပ်မိပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများအသုံးပြုခြင်း သို့မဟုတ် အခြားနည်း ဖြင့် အားထုတ်ကြိုးပမ်းခြင်းမပြုလုပ်ရ၊ ပြုလုပ်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ခု လုံးဖြစ်စေ ကျခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာ အားကောင်းလာစေရန် ဆောင်ရွက်သောလုပ်ငန်းစဉ်ဖြစ်သည့်အပြင် တိုင်းပြည်၏အနာဂတ်ကို ပိုမိုအားကောင်းခိုင်မာလာစေရန် ပျိုးထောင် မြှင့်တင်ပေးခြင်းဖြစ်၍ ရွေးကောက်ပွဲများကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။