
ညောင်ဦး ဒီဇင်ဘာ ၂၅
ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်တွင် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ပုဂံ - ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ သမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ တွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန် များပြားစွာ လာရောက်လျက်ရှိကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင် စေတီပုထိုးများ စွယ်တော်သုံးဆူ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလို မင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင် ဘုရား၊ မနူဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီး နှင့် စူဠာမဏိဘုရားများတွင် လာရောက်လည်ပတ်သည့် ပြည်တွင်း ခရီးသွားဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။
ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်း ပြည်ပခရီးသွားများ အဆက်မပြတ်သည့်မြို့ဖြစ်ကာ သီတင်းကျွတ် ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး ပကတိအတိုင်း ရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ယနေ့ တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း နေရာစိပ်စိပ်နှင့် လက်ညှိုးထိုးမလွဲတစ်နေရာ နှင့်တစ်နေရာ မဝေးကွာဘဲ တစ်ဆက်တစ်စပ်တည်း ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်းပြည်ပခရီးသွားများကို အလွန်ပင်ဆွဲဆောင် လှကြောင်း၊ ခရစ္စမတ်အားလပ်ရက် ပုဂံ - ညောင်ဦး ဘုရားဖူးလာရောက် သူ ဦးရေ ၂၀၀၀၀ ကျော် လာရောက်ဖူးမြော်ကြကြောင်း ရွှေစည်းခုံဘုရား ဂေါပကရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံမှ သိရသည်။
ဒီပါလင်း