
နေပြည်တော် ဒီဇင်ဘာ ၉
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှစ၍ ရန်ကုန်-မော်လမြိုင်-ရန်ကုန် လေအိတ်တွဲဆိုင်း ညအမြန်ရထားကို နေ့စဉ်ထပ်မံတိုးချဲ့ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထိုသို့ ပြေးဆွဲရာတွင် ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီတွင် အမှတ် (၈၁) အဆန်ရထားသည် ရန်ကုန်ဘူတာမှလည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီတွင် အမှတ်(၈၂) အစုန်ရထားသည် မော်လမြိုင် ဘူတာမှလည်းကောင်း အသီးသီးစတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မှ ထွက်ခွာလာသည့်ရထားသည် မော်လမြိုင်ဘူတာကြီးသို့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ မော်လမြိုင်မှ ထွက်ခွာလာသည့်ရထား သည် ရန်ကုန်ဘူတာကြီးသို့ နံနက် ၅ နာရီ ၅၅ မိနစ်တွင်လည်းကောင်း ဆိုက်ရောက်ကြမည်ဖြစ်ပြီး ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် ညအမြန်ရထားများကို နေ့စဉ်ပြေးဆွဲသွားမည်ဖြစ် သည်။
ယင်းရထားများသည် လမ်းခရီး၌ ပေါင်ဘူတာ၊ သထုံဘူတာ၊ ပဲခူးဘူတာ၊ တိုးကြောင်ကလေး ဘူတာတို့တွင်သာ ရပ်တန့်သွားမည်ဖြစ် ပြီး ရန်ကုန်မှ မော်လမြိုင်သို့ ရထားပြေးဆွဲချိန်သည် ကိုးနာရီကျော်သာကြာမြင့်မည်ဖြစ်ကာ လက်မှတ်ခနှုန်းထားအနေဖြင့် တစ်ဦး လျှင် အထက်တန်း ကျပ် ၇၀၅၀၊ ရိုးရိုးတန်း ကျပ် ၃၅၅၀ ဖြစ်ကြောင်း သိရသည်။
“အခု လေအိတ်ရထားဖြစ်တဲ့အတွက် တွဲတွေသန့်ရှင်းသပ်ရပ်ပြီး ခရီးသည်တွေ လုံခြုံရေးအတွက် CCTV ကင်မရာတွေ တပ်ဆင်ထား ပါတယ်။ ရိုးရိုးတန်း ခုနစ်တွဲ၊ အထက်တန်း ငါးတွဲ၊ ဘရိတ်တွဲ တစ်တွဲ ပါရှိပြီးတော့ အစုန်အဆန်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား (သွားလာရေး/တိုင်းရုံး)၊ တိုင်းအမှတ် (၈) မော်လမြိုင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သန်းမင်းအောင် (သတင်းစဉ်)၊ ဓာတ်ပုံ - အာကာစိုး