ဓနအင်အားကြီးနိုင်ငံများ၏ ယုတ်မာသော နည်းပရိယာယ်များကို ကုလသမဂ္ဂအကြီးအကဲ ရှုတ်ချ

 

ဒိုဟာ   မတ်   ၄


ကမ္ဘာ့ဓနအင်အားကြီးနိုင်ငံများ၏  ယုတ်မာသော  စွမ်းအင်ဆိုင်ရာ   နည်းပရိယာယ်များနှင့် ချုပ်ကိုင်မှုများကြောင့် ဆင်းရဲနွမ်းပါးသော နိုင်ငံများ၏ အတိုးနှုန်းနှင့် လောင်စာဆီဈေးနှုန်းများ အကြီးအကျယ် ထိခိုက်စေခြင်းအတွက်       ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ် က ပြစ်တင်ဝေဖန်လိုက်သည်။

 


ဓနအင်အားကြီးနိုင်ငံများသည်    စီးပွားရေး၊   ကျန်းမာရေးနှင့် ပညာရေးကိုမြှင့်တင်ရန် ကြိုးပမ်းသော ဆင်းရဲသည့် နိုင်ငံများအား ပိတ်ဆို့ခံရပြီး ဆိုးရွားသော သံသရာတွင်  ပိတ်မိနေသည့် အခြားသူ များကို  ကူညီရန်အတွက်  တစ်နှစ်လျှင်  အနည်းဆုံး ဒေါ်လာ ၅၀၀ ဘီလီယံ ထောက်ပံ့ ပေးသင့်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 


ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၆ နိုင်ငံ၏ ထိပ်သီးအစည်းအဝေးကို ပုံမှန်အားဖြင့်  ၁၀ နှစ်တစ်ကြိမ်  ကျင်းပသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ၂၀၂၁  ခုနှစ်မှစ၍  နှစ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး ယခုလာမည့် မတ် ၅ ရက်မှ ၉ ရက်အထိ ပဉ္စမအကြိမ်မြောက် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံကို ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပမည်ဖြစ်သည်။

 


ဆင်းရဲနွမ်းပါးသောနိုင်ငံများသည်   အရင်းအမြစ်များ  ရှားပါး နေခြင်း၊ အကြွေးနွံနစ်နေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကို တုံ့ပြန်ရန် ရုန်းကန်နေရချိန်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ စိန်ခေါ်မှုတစ်ခုပင် ဖြစ်နေကြောင်း၊ ကမ္ဘာ့ဘဏ္ဍာရေးစနစ်သည် ဓနအင်အားတောင့်တင်း သောနိုင်ငံများက  ၎င်းတို့၏   ကိုယ်ကျိုးစီးပွားအတွက်သာကြည့်၍  ပုံစံရေးဆွဲထုတ်ထားခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 


ဆင်းရဲမွဲတေမှုနှင့် တရားမျှတမှု ဆက်လက်တည်မြဲရေးအတွက် ရုန်းကန်နေကြရသည့် ဆင်းရဲနွမ်းပါးသော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ပြဿနာများကို   ကျော်လွှားရန်၊  အလုပ်အကိုင်ဖန်တီးရေး လုပ်ငန်းများကို ထူထောင်ရန်နှင့် အကြွေးများဆပ်ရန် တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ၅၀၀ ဘီလီယံ လိုအပ်သည်ဟု ဂူတာရက်ဇ်က ဆိုသည်။ ယခုနှစ်တွင်   ဘူတန်နိုင်ငံသည်   ဘင်္ဂလားဒေ့ရှ်၊  လာအို၊ နီပေါ၊ အန်ဂိုလာ၊  ဆော်တိုမီနှင့်  ပရင်စီပီ၊  ဆော်လမွန်ကျွန်းနိုင်ငံတို့နှင့် အတူ ၂၀၂၆  ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက် မည့် နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ပါဝင်လာမည်ဖြစ်သည်။

 


ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၆ နိုင်ငံမှ လူဦးရေ ၁ ဒသမ ၂ ဘီလီယံသည် ကိုရိုနာဗိုင်းရပ်စ်၊ ရာသီဥတုကပ်ဆိုးများနှင့်  စစ်ပွဲများ၏ အဆိုးရွားဆုံးဒဏ်ကိုခံနေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများဆိုင်ရာ   ကိုယ်စားလှယ်  ရာဘတ် ဖာတီမာက   ပြောကြားသည်။                             

 

အေအက်ဖ်ပီ