နေပြည်တော် ဖေဖော်ဝါရီ ၁၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ဇေယျာသီရိမြို့နယ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းဓာတ်အားပေး စက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပစ္စည်းစီမံ ရေးဌာန(စတို)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်း ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ဓာတ်အား ပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှု၊ ဓာတ်အားပေးစက်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နှစ်အလိုက်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ် သို့ ချိတ်ဆက်၍လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အား ပေးစက်နှစ်လုံးကို ပြင်ဆင်ပြီးဖြစ်ကြောင်း၊ လက်ရှိ တွင် ဓာတ်အားပေးစက်တစ်လုံး ပြင်ဆင်နေဆဲကာလ များတွင် လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် စုဆောင်းထားရှိ သည့်ရေများကို အကျိုးရှိစွာအသုံးပြုပြီး စက်စွမ်းအား ပြည့် မောင်းနှင်လည်ပတ် ထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်လုံခြုံရေးအဆင့် စီစဉ်ထားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများအား ချီးမြှင့် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ သည် ဓာတ်အားပေးစက်ရုံရှိ တာဘိုင်စက်ခန်းများ အတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား များ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားပေးစက် အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းလောင်းတမံရေပိုလွှဲတွင် အလျား ၁၄၀ ဒသမ ၅ မီတာ၊ ၁ ဒသမ ၅ မီတာအမြင့် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းအား ဖြင့် မူလကန်ရေပြည့် ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေမှ ၅ ဒသမ ၇၀ သိန်းဧကပေအထိ ရေလှောင်ပမာဏ ၂၁၀၀၀ ဧကပေခန့် ပိုမိုသိုလှောင် ပြီး လျှပ်စစ်ထုတ်လုပ်မှုယူနစ် တိုးတက်ထုတ်လုပ်နိုင် မည်ဖြစ်သဖြင့် လျှပ်စစ်ယူနစ် ရှစ်သန်းပိုမိုထုတ်လုပ် နိုင်မှု၊ ပေါင်းလောင်းရေလှောင်တမံနှင့် ရေပိုလွှဲကြံ့ခိုင် မှု၊ ပေါင်းလောင်းရေပိုလွှဲ HED တပ်ဆင်ခြင်းလုပ်ငန်း ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီး ရန် လျာထားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက် အအုံ၊ ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင်ရန် ဂိတ်တံခါး တပ်ဆင်ခြင်းလုပ်ငန်းပြီးစီးမှု (အပေါ်ပုံ)၊ တမံ၏ ကြံ့ခိုင်မှုနှင့် ဝန်ထမ်းအိမ်ရာလိုင်းခန်းများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင် များနှင့်အတူ ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပစ္စည်းစီမံရေးဌာန (စတို)သို့ ရောက်ရှိပြီး စတိုအတွင်းထားသိုမှုများကို သတ်မှတ် ထားမှုအတိုင်းဆောင်ရွက်ရန်နှင့် စာရင်းရေးသွင်းမှု ကို အမြဲတမ်း Update ဖြစ်နေရန် လိုအပ်ကြောင်း၊ အထက်မြန်မာပြည်တွင် အသုံးပြုမည့်မီတာများ အတွက် မီတာစမ်းသပ်မှုများပြုလုပ်ရန် စမ်းသပ် ကိရိယာများ ရောက်ရှိနေပြီဖြစ်သည့်အတွက် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ရန် ပစ္စည်း လိုအပ်ချက်၊ လူလိုအပ်ချက်များတွက်ချက်၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်းမှာကြားပြီး ပစ္စည်းစီမံရေးဌာန (စတို)အတွင်း ထိန်းသိမ်းထားရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဓာတ်အားခွဲရုံများနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး များအတွက် အသုံးပြုရန် စီမံကိန်းလုပ်ငန်းသုံးပစ္စည်း များဖြစ်သည့် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်း ရေး လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်း များ ရောက်ရှိနေရာချထားမှုနှင့် နေပြည်တော်တွင် မီတာများ စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် စက် ကိရိယာများ တပ်ဆင်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်