ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရှိ သဇင်ဆောင်၌ ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်

နေပြည်တော်  ဩဂုတ်  ၈

 


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရှိ သဇင်ဆောင်၌ ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးလှစိုး၊     ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်   အဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 


ကြည့်ရှုစစ်ဆေး

 


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်အဖွဲ့ဝင်များက    ကိုဗစ်-၁၉ ရောဂါ   ကုသရေး စင်တာကို ဖွင့်လှစ်ပေးပြီး ကိုဗစ်-၁၉ ရောဂါ လူနာများ စတင်လက်ခံရန် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကိုကြည့်ရှုစစ်ဆေးကြသည်။

 


ထို့နောက် ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် အလှူရှင်များဖြစ်ကြသည့် ထက်ကမ္ဘာကျော်ကုမ္ပဏီမှ ဦးထက်ဖြိုးအောင်(ခ)ကိုသားငယ်က အလှူငွေကျပ်သိန်း ၁၀၀၀၊ ဦးနေဝင်း မောင်နှင့် ဒေါ်မြင့်မြင့်ဌေးမိသားစုက ငွေကျပ်သိန်း ၁၀၀၊ တရုတ်နိုင်ငံ ကျန်စုပြည်နယ် စီးပွားရေးလုပ်ငန်း ရှင်များအသင်းက  ငွေကျပ်သိန်း  ၂၉၀  တန်ဖိုးရှိ Medical  Ventilator တစ်လုံး၊  TTY   Myanmar  ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများက ငွေကျပ်သိန်း ၂၅၀၊ Sudey  Industrial  Myanmar ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများက ငွေကျပ်သိန်း ၂၅၀၊ Golden Tri-Light Myanmar ကုမ္ပဏီနှင့်  မိတ်ဖက်ကုမ္ပဏီ များက ငွေကျပ်သိန်း ၂၅၀၊ New Forest ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများက  ငွေကျပ်သိန်း ၂၅၀ တို့ကို ပေးအပ်လှူဒါန်းကြရာ  ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကြသည်။

 


ယင်းနောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် စင်တာအတွင်းရှိ  ဇီဝကပရဟိတ အဖွဲ့က   လူနာ ၃၀၀ နှင့်   ကုသရေးအဖွဲ့များ၊ လုပ်အားပေးအဖွဲ့များအတွက် ကူညီပံ့ပိုးလှူဒါန်း ထားသည့်  အိပ်ရာ၊  ခြင်ထောင်၊ ခုတင်နှင့်  ရေချိုး ခန်း၊  အိမ်သာများ၊   တစ်ကိုယ်ရေသုံးပစ္စည်းများ၊  လူနာလက်ခံရန်    စီစဉ်ဆောင်ရွက်ထားရှိမှု၊ အောက်ဆီဂျင်လိုအပ်မည့်    လူနာများအတွက် ပြင်ဆင်ထားရှိမှု၊      စင်တာအတွက်   လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ချိပေးမှု၊   ဆေးပစ္စည်း များနှင့် ဆေးရုံသုံးပစ္စည်းများထားရှိမှု၊ ပတ်ဝန်းကျင် အား  ထိခိုက်သက်ရောက်မှုနှင့်   ကူးစက်ပျံ့နှံ့မှု မရှိစေရေးစီစဉ်ထားရှိမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် အဆိုပါ   စင်တာကို   ဩဂုတ် ၉ ရက်တွင်  စတင်၍ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။                                            

 

 သတင်းစဉ်