
ဘားအံ အောက်တိုဘာ ၁၉
ကရင်ပြည်နယ် အစိုးရအဖွဲ့အနေ ဖြင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အစည်းများရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စည်းလုံးညီညွတ်စွာ ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းနိုင်ရေးအတွက် ကရင်ပြည်နယ် ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၂၀၁၅ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးကို စတင် အကောင်အထည်ဖော်ခဲ့ရာ တွင် အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ကြ သည်မှာ ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အထိမ်း အမှတ် အခမ်းအနားများ ကျင်းပ ခဲ့ပြီး ထိုသို့ကျင်းပရခြင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက် ရရှိရန်အတွက်ပင် ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အနေဖြင့် ငြိမ်းချမ်းရေးကို အထူးလိုလား တောင့်တနေပြီး တာဝန်ရှိသူ အားလုံး ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ထာဝရငြိမ်းချမ်းရေး ရည်မှန်းချက်ကို ဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခ လျှော့ချရေးကို အဓိက ထား ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ လူတိုင်းက ငြိမ်းချမ်းရေးကို လိုချင်နေကြပြီး ငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက် လမ်းရာတွင် တစ်ဦးနှင့် တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန် ချစ်ကြည်လေးစား မှုတို့အပေါ် များစွာမူတည်နေပြီး လွယ်ကူသည့်အရာ မဟုတ်သော် လည်း တတ်စွမ်းသရွေ့ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကာ ဦးတည်ချက်ကို ရောက်အောင် လျှောက်လှမ်းနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ မိမိတို့ပြည်နယ်၏ ငြိမ်းချမ်းရေးပန်းတိုင်သို့ လျှောက် လှမ်းရာတွင် အခက်အခဲ အတားအဆီးများ ရှိပါကလည်း အတူတကွ ပူးပေါင်းရင်ဆိုင် ဖြေရှင်းသွားကြရမည် ဖြစ်ပြီး ကော်မတီဝင်များအနေဖြင့်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်း ကိုကို၊ ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဘားအံ (လှိုင်းဘွဲ)၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့နယ်များမှ ကော်မတီဝင် (မြို့မိမြို့ဖ)များက ပြည်နယ် အတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးသို့ တက်လှမ်း ဆောင်ရွက်သွားနိုင် ရေး၊ ဒေသတွင်းအကောင်အထည် ဖော်ရာတွင် နေရာဒေသအလိုက် ကွာခြားချက်များ၊ မတူညီမှုများ၊ စိန်ခေါ်မှုများ၊ ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ် ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်က ရှေ့လုပ်ငန်းစဉ်များကို သတ်မှတ်ချပြပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် ထောက်ပံ့မှုများကို လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စမှန်သမျှ အချိန်အကန့်အသတ်မရှိ ဆက် သွယ်ဆောင်ရွက်နိုင်ပြီး အမြဲတမ်း ဆက်သွယ်ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)