ဒေသတွင်း၌ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်အား အသုံးပြုမှုနည်းပါးနေသေးသည့်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီး

နေပြည်တော်    စက်တင်ဘာ    ၁၅


ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး  သည် ယနေ့ နံနက် ၉ နာရီမှစတင်၍ ဗီဒီယိုကွန်ဖရင့် ဖြင့်  ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံ-သြစတြေးလျ၊  နယူးဇီလန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန်  စီးပွားရေးဝန်ကြီးများ   ဆွေးနွေးပွဲ၊  ပထမအကြိမ် အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ နှင့် (၉) ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီး များ အစည်းအဝေးတို့ကို နေပြည်တော်ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။ 


တက်ရောက်


အဆိုပါ အစည်းအဝေးများသို့ အာဆီယံစီးပွားရေး ဝန်ကြီးများ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့မှ     စီးပွားရေးဝန်ကြီးများ၊    အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ အစည်းအဝေးများတွင် ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် သက်ဆိုင်ရာ  ဆွေးနွေးဖက်နိုင်ငံများမှ  စီးပွားရေး ဝန်ကြီးများက           ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ 
ပထမဦးစွာ   (၂၆) ကြိမ်မြောက်   အာဆီယံ-သြစတြေးလျ၊  နယူးဇီလန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲကို   ကျင်းပခဲ့ရာ   သြစတြေးလျနိုင်ငံ ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး H.E. Dan Tehan MP နှင့် နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးနှင့် ပို့ကုန်တိုးတက်မှုဆိုင်ရာဝန်ကြီး H.E. Phil Twyford နှင့် အာဆီယံစီးပွားရေးဝန်ကြီး များက     အာဆီယံ-သြစတြေးလျ၊    နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ    ထူထောင်ခြင်း သဘောတူစာချုပ်အကောင်အထည်ဖော်မှု၊ သဘော တူစာချုပ်  အဆင့်မြှင့်တင်ခြင်းအတွက်  ညှိနှိုင်းမှု အခြေအနေများ၊  ၂၀၂၁ ခုနှစ်အလွန်  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထောက်အကူပြုအစီအစဉ် နှင့် ချီလီနိုင်ငံက အဆိုပါသဘောတူစာချုပ်တွင် အဖွဲ့ဝင် အသစ်အဖြစ် ပါဝင်ရန် အဆိုပြုလာခြင်းကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ 
ပြည်ထောင်စုဝန်ကြီးက      ဆွေးနွေးရာတွင် ဒေသတွင်း၌ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ် အား      အသုံးပြုမှုနည်းပါးနေသေးသည့်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊   သဘောတူစာချုပ်   အဆင့် မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ မတိုင်မီ  ပြီးစီးနိုင်ရေး  ကြိုးစား ဆောင်ရွက်ရန်လိုကြောင်း၊     ချီလီနိုင်ငံအနေဖြင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်သို့ အဖွဲ့ဝင်  အသစ်အဖြစ်  ပါဝင်ရန်  အဆိုပြုလာခြင်းအပေါ် ကြိုဆိုကြောင်းနှင့်   စီးပွားရေးအထောက်အကူပြု အစီအစဉ်အတွက်   ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့၏ ကူညီပံ့ပိုးပေးမှုကိုလည်း ကျေးဇူးတင် ရှိကြောင်း ဆွေးနွေးခဲ့သည်။  
မွန်းလွဲပိုင်းတွင် (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပ ခဲ့ရာ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန ဝန်ကြီး H.E. KAJIYAMA Hiroshi နှင့် အာဆီယံစီးပွားရေးဝန်ကြီးများက အာဆီယံ-ဂျပန်  ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူ စာချုပ်အောက်ရှိ အကောင်အထည်ဖော်မှုအခြေ အနေများ၊ ၂၀၂၁ ခုနှစ်အတွက် ဆောင်ရွက်သည့် အာဆီယံ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် ဂျပန်နိုင်ငံက အဆိုပြုလာသည့် အာဆီယံ-ဂျပန် တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးအစီအစဉ် (ASEAN-Japan Priority for Innovative and Sustainable Growth) တို့အပေါ် အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံ က အဆိုပြုထားသည့်  အာဆီယံ-ဂျပန် တီထွင် ဆန်းသစ်မှုနှင့်   စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးအစီအစဉ်အောက်တွင် ပါဝင်သည့် နယ်ပယ် များသည် ကိုဗစ် - ၁၉ အလွန် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါကြောင်းနှင့် အဆိုပါအဆိုပြုချက်ကို ကြိုဆို ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ ပထမအကြိမ် အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများ  ဆွေးနွေးပွဲကို  ကျင်းပခဲ့ရာ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး  Rt Hon Elizabeth Truss MP နှင့် အာဆီယံ စီးပွားရေးဝန်ကြီးများက အာဆီယံ-ဗြိတိန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု  (၂၀၂၀-၂၀၂၁)  ၏  ဖြစ်ပေါ် တိုးတက်မှုအခြေအနေကို  အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် အာဆီယံနှင့်ဗြိတိန်တို့အကြား အနာဂတ် အာဆီယံ-ဗြိတိန် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ပူးတွဲကြေညာချက်ကို ဝန်ကြီးများက အတည်ပြုခဲ့သည်။ 


ဆက်လက်၍ (၉) ကြိမ်မြောက် အရှေ့အာရှ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှားနှင့် ကိုရီးယား နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကိုဗစ် - ၁၉ ကြောင့် သက်ရောက်မှု များနှင့် အရှေ့အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုများ လျှော့ချရေးအစီအမံများနှင့်  အရှေ့အာရှနိုင်ငံများတွင်   ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် ပြန်လည်ထူထောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း ၍ Economic Research Institute for ASEAN and East Asia –ERIA က ပြုစုတင်သွင်းသည့် စာတမ်းတို့ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။   


ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် တိုက်ဖျက် ရေး၊ ကာကွယ်ဆေး သာတူညီမျှရရှိရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများစီးဆင်းမှု အဆင်ပြေချောမွေ့စေရေး၊  ဒစ်ဂျစ်တယ်စီးပွားရေး   ဖွံ့ဖြိုးလာစေရေးတို့သည် အရေးကြီးကြောင်း အလေးပေးပြောကြားသည်။ 
ထို့နောက် အစည်းအဝေးအသီးသီးက ထုတ်ပြန် မည့်    ပူးတွဲကြေညာချက်များကို   ဝန်ကြီးများက အတည်ပြုခဲ့ကြသည်။
အဆိုပါအစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများလည်း တက်ရောက် ခဲ့ကြသည်။                                      

 

သတင်းစဉ်