ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စတင်အသက်ဝင်

Type
၅

 

မေစီးပွား

 

အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်တို့ ပါဝင်ခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Compre-hensive Economic Partnership-RCEP) သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းစဉ်နှင့် လက်မှတ်ရေးထိုးစဉ် ကာလများ၌  RCEP  သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ က ပါဝင်ဆောင်ရွက်မှုတို့ကို အများပြည်သူသိရှိနိုင်ရန် သတင်းစာများတွင် ရေးသားဖော်ပြ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသို့ ဆွေးနွေးချပြမှုကို လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ 

 


ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှုသဘောတူစာချုပ်   (Regional  Compre-hensive Economic Partnership – RCEP) ကို ၂၀၁၂ ခုနှစ်မှ စတင်၍  ၈ နှစ်ကြာ ညှိနှိုင်းခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင်    အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူး ဇီလန်နိုင်ငံတို့သည်   ၂၀၂၀  ပြည့်နှစ်   နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ RCEP သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏  ၃၀ ရာခိုင် နှုန်း၊  ကမ္ဘာ့စီးပွားရေး၏  ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ ကုန်သွယ်မှု၏  ၂၉ ရာခိုင်နှုန်းနှင့်  ကမ္ဘာ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်စီးဝင်ခြင်း၏  ၃၀ ရာခိုင် နှုန်းကို   လွှမ်းခြုံထားသည့် ကမ္ဘာ့အကြီးမားဆုံး စည်းမျဉ်းအခြေခံ  နိုင်ငံစုံကုန်သွယ်မှု သဘောတူ စာချုပ်တစ်ခု ဖြစ်ပါသည်။  ယင်းသဘောတူစာချုပ် သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခြင်းဖြင့် စာချုပ်ပါ အခွင့်အလမ်းများကို ရယူခံစားနိုင်တော့ မည် ဖြစ်ပါသည်။ 

 


အခွင့်အရေးများ စတင်ခံစားနိုင်ပြီ


RCEP  သဘောတူစာချုပ်ကို  ပါဝင်လက်မှတ် ရေးထိုးခဲ့သည့်   အာဆီယံ၏   မိတ်ဖက်နိုင်ငံများ အနက် တရုတ်နိုင်ငံက ပထမဆုံးအနေဖြင့် မြန်မာ နိုင်ငံ၏ အသက်ဝင်ကြောင်း အကြောင်းကြားစာကို အသိအမှတ်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍ RCEP သဘောတူစာချုပ်အောက်မှ တရုတ် နိုင်ငံမှ    ပေးအပ်မည့်     အကောက်ခွန်ဆိုင်ရာ ဦးစားပေးအခွင့်အရေးနှင့် အခြားခံစားခွင့်များကို စတင်ခံစားနိုင်ပြီ ဖြစ်ပါသည်။ 

 


ကဏ္ဍစုံပါဝင်သော စာချုပ်


အာဆီယံအဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင်     လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံ- တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area- ACFTA) အရလည်း အခွင့်အရေးများကို ခံစားလျက်ရှိပါသည်။ သို့သော် ACFTA သည် အာဆီယံနှင့် မိတ်ဖက်နိုင်ငံ အကြား     ပထမဆုံး     စတင်ဆောင်ရွက်ခဲ့သည့် လွတ်လပ်သော     ကုန်သွယ်မှုသဘောတူညီချက် (Free Trade Agreement-FTA)    ဖြစ်သဖြင့် ကုန်စည်နှင့်     ဝန်ဆောင်မှုကုန်သွယ်ရေး၊    ရင်းနှီး မြှုပ်နှံမှုနှင့် အခြားကဏ္ဍအနည်းငယ်သာ ပါဝင်ခဲ့ ပါသည်။ RCEP သဘောတူစာချုပ်တွင် ပိုမိုကျယ်ပြန့် သည့် ခေတ်နှင့်လျော်ညီသည့် ကဏ္ဍစုံပါဝင်သော စာချုပ်ဖြစ်သဖြင့်   မြန်မာ-တရုတ်  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို RCEP သဘောတူ စာချုပ်အောက်မှ     ကျယ်ကျယ်ပြန့်ပြန့်    ပိုမို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

 


မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ယခင်က တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံသို့ တစ်ဖက်သတ် ကင်းလွတ်သက်သာ ခွင့်ကိုသာပေးသည့် အစီအစဉ်နှင့် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်တို့ကိုသာ   အသုံးပြုလျက်ရှိရာမှ   ယခုအခါ   RCEP သဘောတူစာချုပ်အောက်မှ အခွင့်အရေးများကိုပါ ပိုမိုအသုံးပြုနိုင်မည် ဖြစ်ပါသည်။

 


RCEP   သဘောတူစာချုပ်တွင်   အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ်၌  မပါဝင်ခဲ့သည့်   အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်စပ်လျဉ်းသည့် တင်ပို့မည့် ကုန်ပစ္စည်း အမျိုးအစား၊ ကောက်ခံမည့်အကောက်ခွန်တန်ဖိုး နှင့်     မြန်မာနိုင်ငံမှ    ထွက်ရှိ/ ထုတ်လုပ်သည့် ကုန်ပစ္စည်းတို့ကို      ကြိုတင်သတ်မှတ်ခြင်း၊ ကုန်ပစ္စည်း ရောက်ရှိသည့်အချိန်မှစ၍ ၄၈ နာရီ အတွင်း အကောက်ခွန်ရှင်းလင်းရေးကို ပြီးစီးအောင် ဆောင်ရွက်ခြင်း စသည့်အချက်များ ထည့်သွင်းထား ပါသည်။ သို့ပါ၍ RCEP သဘောတူ စာချုပ်အရ တရုတ်နိုင်ငံသို့    တင်ပို့သည့်   ကုန်ပစ္စည်းများကို လျင်မြန်စွာ ထုတ်ယူနိုင်သည့် အကျိုးကျေးဇူးရရှိမည် ဖြစ်ပါသည်။

 


ယုံကြည်မှုအပြည့်ဖြင့် ဆောင်ရွက်နိုင်


ထို့ပြင် သွင်းကုန်ပမာဏမြင့်တက်မှုမှ ကာကွယ် ပေးခြင်း၊ လျှော့ဈေးဖြင့် စုပုံတင်ပို့ရောင်းချခြင်းနှင့် တစ်ဖက်နိုင်ငံမှ   အထောက်အပံ့ရယူ၍   တင်ပို့ ရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍  ပြည်တွင်းလုပ်ငန်း များအပေါ်    ပြင်းထန်သော  ထိခိုက်နစ်နာမှုကို ကာကွယ်ဖြေရှင်းနိုင်သည့် အချက်များ ပါဝင်သဖြင့် မြန်မာနိုင်ငံနှင့်     တရုတ်နိုင်ငံတို့အကြား     RCEP သဘောတူစာချုပ်အရ ကုန်သွယ်မှုပြုလုပ်ရာတွင် ယုံကြည်မှုအပြည့်ဖြင့်  ဆောင်ရွက်နိုင်မည်  ဖြစ်ပါ သည်။

 


မြန်မာလုပ်ငန်းရှင်များအနေဖြင့်  တရုတ်နိုင်ငံ သို့ ယခုအချိန်မှစ၍ ကုန်ပစ္စည်းအမယ် ၅၉၆၉ မျိုး ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်  တင်ပို့နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။      ၎င်းတို့မှာ တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ၃၆၈ မျိုး၊  စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်း ၃၈၉ မျိုး၊ ဆီထွက်ကုန်ပစ္စည်း ၁၀ မျိုး၊ အစားအစာနှင့်စပ်လျဉ်းသည့် ကုန်ပစ္စည်း ၁၆၃ မျိုး၊     တွင်းထွက်ကုန်ပစ္စည်း  ၁၈၁  မျိုး၊   ဓာတု ထွက်ကုန်နှင့် လုပ်ငန်းသုံးကုန်ပစ္စည်း ၁၁၂၇ မျိုး၊ ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊ သားရေထည်ပစ္စည်း ၆၇ မျိုး၊ သစ်တောထွက်ပစ္စည်း ၂၃၄ မျိုး၊ အထည် အလိပ်နှင့်စပ်လျဉ်းသည့် ကုန်ပစ္စည်း ၉၀၃ မျိုး၊ ဖိနပ်၊  ထီးအပါဝင်ပစ္စည်းမျိုးစုံ ၂၉ မျိုး၊   ဘိလပ်မြေ နှင့် ဘိလပ်မြေထွက်ပစ္စည်းများ၊ မှန်နှင့် မှန်ပစ္စည်း ၁၄၆ မျိုး၊ ပုလဲနှင့်  အဖိုးတန် ကျောက်မျက်ပစ္စည်း ၆၂ မျိုး၊ သတ္တုနှင့် သတ္တုအခြေခံပစ္စည်း ၅၅၄ မျိုး၊ စက်နှင့်   စက်ပစ္စည်းအစိတ်အပိုင်း   ၁၀၅၈ မျိုး၊ မော်တော်ကား၊   လေယာဉ်၊   သင်္ဘောနှင့်  သယ်ယူ ပို့ဆောင်ရေးအစိတ်အပိုင်းများ       ၁၂၄   မျိုး၊ ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းနှင့် တူရိယာ ပစ္စည်း ၂၄၀  စသည်တို့   ပါဝင်ပါသည်။ ကျန်ကုန်စည် များကိုလည်း      နှစ်အလိုက်    ပေးဆောင်ရမည့် အကောက်ခွန်လျှော့ချသည့်     အခွင့်အရေးများကို ပေးအပ်ထားပါသည်။

 


အပြန်အလှန်ကုန်သွယ်မှု


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန် အလှန်ကုန်သွယ်မှုမှာ    ၂၀၁၉-၂၀၂၀  ပြည့်နှစ်တွင်  ပို့ကုန် အမေရိကန်ဒေါ်လာ  သန်း ၅၄၂၀ ဒသမ ၀၅၂   နှင့် သွင်းကုန် အမေရိကန်ဒေါ်လာသန်း ၆၇၂၉ ဒသမ ၁၇၄ ဖြစ်ပြီး  ၂၀၂၀-၂၀၂၁  ခုနှစ်တွင်  ကိုဗစ်-၁၉ ၏   သက်ရောက်မှုများကြောင့်  အမေရိကန် ဒေါ်လာသန်း   ၅၁၆၀ ဒသမ ၈၂၅ နှင့်  သွင်းကုန် အမေရိကန်ဒေါ်လာ    သန်း   ၄၆၄၇  ဒသမ  ၀၉၆ ဖြစ်ပါသည်။ 

 


အကျိုးရလဒ်များ


သို့ပါ၍  မြန်မာနိုင်ငံမှ  တရုတ်နိုင်ငံသို့  တင်ပို့ သည့် ကုန်ပစ္စည်းအများစုကို အကောက်ခွန်နှုန်း ကင်းလွတ်ခွင့်၊   သက်သာခွင့်များနှင့်  တင်ပို့နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံ့ပို့ကုန်ဝင်ငွေရရှိခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း၊ အခွန် အကောက် ဝင်ငွေများ ပိုမိုတိုးတက်ရရှိခြင်းစသည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်ပါသည်။ 

 


ဝန်ဆောင်မှုအပိုင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အနေဖြင့်      အာဆီယံ-တရုတ်     လွတ်လပ်သော ကုန်သွယ်မှုဒေသအောက်တွင် ဝန်ဆောင်မှုကဏ္ဍခွဲ ၅၂  ခုကို    ဖြေလျှော့ထားသော်လည်း၊   RCEP သဘောတူစာချုပ်အောက်တွင် စီးပွားရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊   ဆောက်လုပ်ရေး၊   ဖြန့်ဖြူးခြင်း၊ပညာရေး၊ ပတ်ဝန်းကျင်၊ ငွေရေးကြေးရေး၊ ကျန်းမာ ရေး၊   ခရီးသွားလာရေး၊  ပို့ဆောင်ရေးနှင့်  အခြား ဝန်ဆောင်မှုကဏ္ဍများအောက်မှ ဝန်ဆောင်မှုကဏ္ဍ ခွဲ အခု ၈၀ ကို  ဖြေလျှော့ထားပါသည်။  တရုတ်နိုင်ငံ အနေဖြင့်   အာဆီယံ-တရုတ်   လွတ်လပ်သော ကုန်သွယ်မှု ဒေသအောက်တွင် ဝန်ဆောင်မှု ကဏ္ဍခွဲ ၈၈ ခုကိုသာ  ဖြေလျှော့ထားသော်လည်း  RCEP သဘောတူစာချုပ်တွင်       ဝန်ဆောင်မှုကဏ္ဍခွဲ ၉၅ ခုထိ ဖြေလျှော့ထားပါသည်။ 

 


ဝန်ဆောင်မှုကဏ္ဍများ     ပိုမိုဖြေလျှော့ခြင်း အားဖြင့် စီးပွားရေးစွမ်းဆောင်မှုများ တိုးမြှင့်လာ နိုင်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်နှင့် ထုတ်လုပ်မှု များအနေဖြင့်    အပြည်ပြည်ဆိုင်ရာ   စျေးကွက် အတွင်း၌  ယှဉ်ပြိုင်နိုင်စွမ်း   မြှင့်မားလာနိုင်ခြင်း၊ ဝန်ဆောင်မှု စားသုံးသူများအတွက် ကောင်းမွန်သည့် အရည်အသွေးများအား    ရွေးချယ်နိုင်ရန်   အခွင့် အလမ်းများ   ရရှိလာနိုင်ခြင်း၊   သဘောတူစာချုပ် ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော အရည်အသွေးမြင့်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ စီးဝင်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့်   နည်းပညာ ဆိုင်ရာ အကူအညီများလည်း လွှဲပြောင်းလက်ခံရယူ နိုင်မည်ဖြစ်ပြီး  ဝန်ဆောင်မှုကဏ္ဍများနှင့် ဆက်စပ် သည့် အခြားနယ်ပယ်များလည်း ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပါသည်။

 


 နည်းပညာပူးပေါင်းဆောင်ရွက်မှု


ယခင်ကရှိခဲ့သည့် အာဆီယံ၏ ကုန်သွယ်ရေး သဘောတူစာချုပ်များတွင် ပါဝင်ခြင်းမရှိဘဲ RCEP သဘောတူစာချုပ်တွင်      ထည့်သွင်းထားသည့် နယ်ပယ်များဖြစ်သည့်  အီလက်ထရွန်နစ် ကူးသန်း ရောင်းဝယ်ရေးအခန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအခန်း၊ အစိုးရ ဝယ်ယူရေးအခန်းနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခန်းများနှင့်     စပ်လျဉ်း၍    အကူအညီနှင့် စွမ်းဆောင်ရည် မြင့်တင်ရေး အစီအစဉ်များအတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား  နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်မည်ဖြစ် ပါသည်။  

 


RCEP သဘောတူစာချုပ်သည် ကဏ္ဍစုံပါဝင် သည့် ကမ္ဘာ့အဆင့်မီစာချုပ်ဖြစ်သဖြင့် အဖွဲ့ဝင် နိုင်ငံတစ်ခုအနေဖြင့် စာချုပ်ပါပြဋ္ဌာန်းချက်များကို လိုက်ပါအကောင်အထည်ဖော်ရာတွင်   မိမိနိုင်ငံ အတွက် လိုအပ်သည့်ဥပဒေ၊ မူဘောင်များကို နိုင်ငံ တကာ စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ပြောင်းလဲ နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သကဲ့သို့ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအသီးသီးမှ အဖွဲ့အစည်းများအတွက် လည်း    နိုင်ငံတကာအဆင့်မီ    ဆောင်ရွက်နိုင်ရန် အရည်အသွေးမြှင့်တင်နိုင်မည့် အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်ပါသည်။  

 


ထို့ပြင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံဖြစ်သဖြင့်   RCEP  သဘောတူစာချုပ်တွင် ပါဝင်သည့် အချို့သော ကတိကဝတ်များကို လိုက်ပါ ဆောင်ရွက်ရန်မလိုဘဲ တစ်ဖက်သတ်အခွင့်အရေးကို ၃ နှစ်မှ ၁၅ နှစ်အထိ ရရှိထားပါသည်။ အဆိုပါ အချိန်ကာလအတွင်း  နိုင်ငံအတွက် လိုအပ်သည့် ဥပဒေမူဘောင်ရေးဆွဲပြဋ္ဌာန်းခြင်း၊   လူ့စွမ်းအား အရင်းအမြစ်    ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပြုစု ပျိုးထောင်ခြင်း၊    စာချုပ်အကောင်အထည်ဖော် မည့်  အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင် ခြင်းတို့ကို    အချိန်မီ     ဆောင်ရွက်နိုင်မည်ဖြစ် ပါသည်။  

 


အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတို့အကြား RCEP သဘောတူစာချုပ် အသက် ဝင်လာခြင်းသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး နှင့်    ရင်းနှီးမြှုပ်နှံမှုအပြင်   အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်မှုများအတွက် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နောက်ထပ်ကဏ္ဍသစ် တစ်ခု  ဖွင့်လှစ်နိုင်ခြင်းဖြစ်ပါကြောင်း တင်ပြအပ် ပါသည်။           ။