
နေပြည်တော် စက်တင်ဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား လားရှိုး မြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံး ဆိုင်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင် ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံ၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရှမ်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်း ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများနှင့် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြည်နယ် ဆိုင်ရာ အထွေထွေအချက်အလက်များကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးတာသိန်းဇော်တို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ၎င်းတို့ဒေသများတွင် စက်မှုဇုန်၊ ဟိုတယ်ဇုန်များ ဆောင်ရွက်ပေးနိုင်ရေး စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင် အဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့် ပတ်သက်၍ တင်ပြကြပြီး လားရှိုး ခရိုင်အုပ်ချုပ်ရေးမှူးက လားရှိုးမြို့ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဈေးကွက်ရရှိရေး
တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံတို့က နယ်စပ်ကုန်သွယ် မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများ၊ လမ်းပန်း ဆက်သွယ်မှုဆိုင်ရာ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးမည့်အခြေအနေများနှင့် ပို့ကုန် လုပ်ငန်းများကို အဆင့်မီသည့် သယ်ယူပို့ဆောင်မှု ဖြစ်စေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အရည်အသွေး ပြည့်ဝစွာ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရေး ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ ဒေသတွင်း စိုက်ပျိုးမွေးမြူ ရေးပညာရှင်များ ပေါ်ထွက်လာရေးအတွက် စိုက်ပျိုး ရေးသိပ္ပံဖွင့်လှစ်ပေးမည့် အခြေအနေများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ၏ အဆိုပြု ချက်များနှင့် ပတ်သက်၍လည်း အမြန်ဆုံးဆောင်ရွက် ပေးသွားမည့် အခြေအနေများ၊ မွေးမြူရေးနှင့် ပတ်သက်၍ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များရရှိရေးနှင့် ရောဂါကင်းစင်သည့် မွေးမြူ ရေးစနစ်ဖြစ်စေရေး၊ ဈေးကွက်ရရှိရေးတို့အတွက် လုပ်ဆောင်ပေးမည့် အခြေအနေများ။
အဓိကထားဆောင်ရွက်လျက်ရှိ
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ ရေရရှိရေး၊ မီးရရှိရေး တို့ကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် ပစ္စည်းကိရိယာ လိုအပ်ချက်၊ အရင်းအနှီးလိုအပ်ချက်များကို ကူညီ ဖြည့်ဆည်းပေးသွားမည့် အခြေအနေများ၊ တစ်နိုင် တစ်ပိုင်လုပ်ငန်းများ လုပ်ဆောင်နိုင်စေရေး နည်း ပညာနှင့် မတည်ငွေထုတ်ပေးသွားမည်ဖြစ်ပြီး သမဝါယမအသင်းများ စနစ်တကျဖွဲ့စည်းရန် လိုအပ် သည့် အခြေအနေများ၊ ရှမ်းပြည်နယ်သည် နယ်စပ် ထိစပ်မှု နယ်နိမိတ်ရှည်လျားသည့်အတွက် ဒေသ တွင်း သယံဇာတများကို ပြင်ပသို့ တရားမဝင် ထုတ်လုပ်တင်ပို့မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက် ရန် လိုအပ်သည့် အခြေအနေများ၊ ကျန်းမာရေး ဆိုင်ရာတင်ပြချက်များနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ထမ်းနှင့် ဆေးပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ဆေးရုံများ ဖွဲ့စည်းပုံတိုးချဲ့ရေးနှင့် ပတ်သက်၍ မြေပြင်လိုအပ်ချက်ကို စိစစ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ တစ်မျိုးသားလုံး၏ အားကစားအဆင့်မြှင့်တင် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်နှင့် အညီ ရှမ်းပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေးမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် တင်ပြချက်များတွင် ပါဝင်သည့် စိုက်ပျိုးမွေးမြူရေးအဆင့်မြှင့်တင်ရန် လိုအပ်ချက် များ၊ အားကစားကဏ္ဍ အဆင့်မြှင့်တင်ရေးဆိုင်ရာ များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ လက်ဖက်သီးနှံ အထွက်နှုန်းတိုးတက်ရေး အတွက် နည်းပညာနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် တွင် လက်ဖက်စိုက်ဧက ၆၀၀၀၀ ခန့် ရှိသည့်အတွက် အထွက်နှုန်းကောင်းပြီး တန်ဖိုးမြင့် လက်ဖက် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက အလုပ် အကိုင်အခွင့်အလမ်းများရရှိကာ ဒေသစီးပွားရေးကို လည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း။
ပြောင်းလဲလုပ်ဆောင်
စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းဟူ၍ လေးမျိုးသာရှိပြီး မျိုးကောင်းရန်၊ မြေနှင့် ရေကောင်း ရန်၊ စိုက်နည်းစနစ်မှန်ကန်ရန်နှင့် လိုအပ်သည့် သွင်းအားစုများကိုလည်း ပြည့်ပြည့်ဝဝဖြင့် ထည့်သွင်းအသုံးပြုရန်လိုကြောင်း၊ အထွက်နှုန်း တိုးအောင် ဆောင်ရွက်နိုင်ပါက ဒေသခံတောင်သူများ ၏ လူမှုစီးပွားဘဝကို တိုးတက်စေမည်ဖြစ်ကြောင်း၊ လူသားတို့တွင် ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရန်၊ ရောဂါဘယ ကင်းစင်ရန် လိုအပ်သည့် အာဟာရနှင့်ဆေးဝါးတို့ကို မှီဝဲရသကဲ့သို့ စိုက်ပျိုးရေးဆောင်ရွက်ရာ၌လည်း လိုအပ်သည့် အစာအာဟာရနှင့် ဆေးဝါးတို့ကို နည်းစနစ်တကျ တိုက်ကျွေးမှသာလျှင် အရည်အသွေး ပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထွက်ရှိလာ နိုင်မည်ဖြစ်ကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ် များကို ပစ်ပယ်၍မရသကဲ့သို့ ခေတ်မီပြီး စနစ်ကျန သည့် စိုက်ပျိုးမွေးမြူရေးပုံစံဖြစ်အောင် ပြောင်းလဲ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း။
ထိုကဲ့သို့ အရည်အသွေးမြင့်ပြီး အောင်မြင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ပေါ်လာရေး အတွက် စိုက်ပျိုးမွေးမြူရေး အသိပညာဗဟုသုတနှင့် ပြည့်စုံသည့် အသိပညာရှင် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးကို အဓိကလုပ်ကိုင်သည့် နိုင်ငံဖြစ်သော် လည်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် တက္ကသိုလ်တစ်ခုသာရှိသည်ကို တွေ့ရှိရသဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံများ၊ ကောလိပ်များ ထိုမှ တစ်ဆင့် တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြားပေး နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ကို ဗဟိုပြု၍ စိုက်ပျိုးမွေးမြူ ရေးသိပ္ပံ သို့မဟုတ် ကောလိပ်တစ်ခု ဖွင့်လှစ်အခြေ တည်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီဖူလုံမှုအားနည်းပြီး စားဆီနှင့် သုံးဆီကို နှစ်စဉ် ဘီလီယံနှင့်ချီ၍ တင်သွင်းနေရ ကြောင်း၊ ဆီသုံးစွဲမှုများကို ချွေတာနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်သည့် သယ်ယူ ပို့ဆောင်ရေးနည်းလမ်းများ ဥပမာအားဖြင့်- လျှပ်စစ် ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား စသည်ဖြင့် စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စားဆီထုတ်လုပ်မှုမြင့်မားရေးအတွက် ဆီထွက်ကုန် သီးနှံများကို အထွက်နှုန်းကောင်းမွန်အောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။
စနစ်တကျစဉ်းစားတွက်ချက်
သစ်တောဆိုင်ရာများနှင့် ပတ်သက်၍ သစ်တော ဖုံးလွှမ်းမှုနှင့် သစ်တောစိုက်ခင်းများ အောင်မြင်သည် ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ နည်းပညာမြင့် သစ်တောထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပြီး ဒေသတွင်း သယံဇာတ ကြွယ်ဝသည့် သစ်နှင့်ဝါး ကုန်ချောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး စဉ်းစားလုပ်ဆောင်ကြစေလို ကြောင်း၊ ဆန်နှင့်ပတ်သက်၍ တစ်ဧကအထွက်နှုန်း ယခုထက်တိုးတက်အောင် လုပ်ဆောင်ကြစေလို ကြောင်း၊ အများသုံးဆန်အပြင် ဒေသဆန်ဖြစ်သည့် ကောက်ညှင်းအထွက်နှုန်းကိုလည်း ကောင်းမွန် အောင် လုပ်ဆောင်ကာ ဒေသ၏ ပင်မထွက်ကုန် ဖြစ်အောင် လုပ်ဆောင်ရန်လိုကြောင်း၊ ကောက်ညှင်း ဆန်မျိုးကို ထိန်းထားနိုင်ရန်လည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် စပါး တင်ပို့ရောင်းချမှုများကို အားမပေးလိုကြောင်းနှင့် ဒေသတွင်း၌ပင် စပါးမှ ဆန်ထုတ်လုပ်ပါက ဆန်စက် များ လည်ပတ်နိုင်မည်၊ ဖွဲ၊ ဆန်ကွဲကဲ့သို့ ဆန်ထွက် ပစ္စည်းများမှ တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်မည်ဖြစ် ပြီး ဒေသတွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စနစ်တကျစဉ်းစားတွက်ချက် လုပ်ဆောင်ကြစေ လိုကြောင်း၊ မိုးရေချိန်အသင့်အတင့်ရရှိသည့် ဒေသဖြစ်သဖြင့် ရေရှားပါးမှုဖြစ်ပေါ်နေသည်မှာ သဘာဝမကျကြောင်း၊ ရေအရင်းအမြစ်များကို ရှာဖွေပြီး ရေစုဆောင်းခြင်းနှင့် ဖြန့်ဝေခြင်းလုပ်ငန်း များကို မဖြစ်မနေရရှိအောင် လုပ်ဆောင်ရန်လို ကြောင်း။
ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်
ထိုကဲ့သို့ ဒေသတွင်း ထုတ်ကုန်များမြင့်မားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအားပင်ဖြစ်သည့် အတွက် ဒေသတွင်း လျှပ်စစ်ဖူလုံရေး၊ သဘာဝအရင်း အမြစ်များမှ လျှပ်စစ်စွမ်းအားထုတ်ယူနိုင်ရေး အတွက် စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သည်မှန်သမျှ ကို ဦးစားပေးစဉ်းစားဆောင်ရွက်ကြစေလိုပြီး ထိုမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တိုးတက်ရေး အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများက လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့များ အနေဖြင့်လည်း ဒေသအတွက် လုပ်ဆောင်နိုင် သည် မှန်သမျှကို စဉ်းစားဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ဒေသတွင်း အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် ခေတ်နှင့်အညီ ပြောင်းလဲလာ သည့် ဆောက်လုပ်ရေးလိုအပ်ချက်များဖြစ်သည့် ဘိလပ်မြေ၊ သံမဏိ၊ ဓာတ်မြေဩဇာထုတ်လုပ် ရေး လုပ်ငန်းများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ ဒေသတွင်းဝင်ငွေကောင်းပြီး စီးပွားရေး တောင့်တင်းပါက သာယာလှပရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး မီးခိုးမထွက်သည့် စီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းများ ကိုလည်း လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ အိမ်သာလျှင် ဧည့်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း သို့ လာရောက်သူများပြားလာပါက ဒေသထွက်ကုန်၊ ထုတ်ကုန်များသည်လည်း ပိုမိုရောင်းချလာနိုင် မည်ဖြစ်ပြီး ဒေသ၏ အကျိုးစီးပွားကို ပိုမိုဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးကဏ္ဍ၊ ပညာ ရေးကဏ္ဍ၊ အားကစားကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေး တို့အတွက် အဆင့်ဆင့် တာဝန်ယူဆောင်ရွက်ကြ ရန်လိုကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံပေါများသည့် တိုင်းပြည်တစ်ခု ဖြစ်အောင် ကြိုးပမ်းဖော်ဆောင်ကြရန်လိုကြောင်း အကြံပြုတိုက်တွန်းပြောကြားပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေ အနေများကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများက ဒေသ ထွက်ကုန်ပစ္စည်းများကို အမှတ်တရပေးအပ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ ခရိုင်အားကစားကွင်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း အဆင့်မြှင့်တင် ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့သည်။
ဖူးမြော်ကြည်ညို
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်သို့သွားရောက်၍ လားရှိုးမြို့ နိုင်ငံတော်ဩဝါဒါစရိယ မဟာဗောဓာရုံကျောင်း တိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ အား ဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် ဘာသာရေးဆိုင်ရာတို့ကို မေးမြန်းလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်