
နေပြည်တော် စက်တင်ဘာ ၂၉
အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး(15th AMMTC)နှင့် ဆက်စပ် အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အိမ်ရှင် နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသည်။
အစည်းအဝေးတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Dato Paduka Haji Awang Halbi bin Haji Mohd Yussof က သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အမြင်ချင်းဖလှယ်
ထို့နောက် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အာဆီယံဒေသတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံ မူဘောင်များနှင့် ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ဝန်ကြီး များက နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဖြစ်ပေါ်လာသော ဒေသတွင်းမှုခင်းပြဿနာများနှင့် တားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အကြံပြုဆွေးနွေး
မြန်မာနိုင်ငံ AMMTC ခေါင်းဆောင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်က နိုင်ငံဖြတ်ကျော်မှုခင်းများ နယ်ပယ် တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ၌ အကြမ်း ဖက်မှု ကျူးလွန်နိုင်သည့် အခွင့်အရေးမရှိစေရေး၊ အကြမ်းဖက်ဝါဒ အမြစ်ပြတ်အောင် ရှင်းလင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှုများ၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများနှင့် လူကုန်ကူးမှုခင်းများသည် ချိတ်ဆက်မှုများရှိနေသဖြင့် တားဆီးနှိမ်နင်းရေးတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း နယ်စပ်စီမံခန့်ခွဲမှုနှင့် သတင်းအချက် အလက်ဖလှယ်မှုများ ထိရောက်မှုရှိအောင် တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေး တွင် နည်းပညာတိုးတက်လာမှုကြောင့် သတင်းမှား များသည် သတင်းမှန်များထက် သိသိသာသာ လျင်မြန်စွာကျယ်ပြန့်နေသဖြင့် အစွန်းရောက်အတွေး အခေါ်များ တိုးတက်ဖြစ်ပေါ်နေကြောင်း၊ ဆိုက်ဘာ နယ်ပယ် Digital Platform တွင် အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ပိုမိုလွယ်ကူလာသဖြင့် အာဆီယံဒေသ တွင်း ဆိုက်ဘာနယ်ပယ်လုံခြုံရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ် ချမှတ် အကောင်အထည်ဖော်ရေးတို့နှင့် စပ်လျဉ်း၍ လည်း ကောင်း၊ ဒေသတွင်း နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး နယ်ပယ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏ Share Responsibility ကို အခြေခံ၍ ဆောင်ရွက်ရေး၊ မှုခင်းဆိုင်ရာ သတင်းအချက်အလက် ဖလှယ်မှု ပိုမိုမြှင့်တင်နိုင်ရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အသိုက်အဝန်းထူထောင်မှုလုပ်ငန်းစဉ် အောင်မြင် ရေးတွင် ထမ်းဆောင်ရမည့်တာဝန်၊ ကျေပွန်ရမည့် ဝတ္တရားများကို အထူးအလေးထား မျှဝေထမ်းဆောင် သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေပါကြောင်း ပြောကြားသည်။
ပူးတွဲကြေညာချက်တို့ကို အတည်ပြု
15th AMMTC စုံညီအစည်းအဝေးတွင် နယ်စပ် ဒေသစီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတရားစာတမ်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကြေညာချက်နှင့် (၁၅)ကြိမ်မြောက် အာဆီယံဝန်ကြီး အဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ ပူးတွဲကြေညာချက်တို့ကို အတည်ပြုကြပြီး စက်တင်ဘာ ၃၀ ရက်တွင် AMMTC ၏ ဆက်စပ် အစည်းအဝေးများဖြစ်သည့် ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယား သုံးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး၊ တစ်နိုင်ငံချင်းစီနှင့် သီးခြားပြုလုပ်မည့် အစည်းအဝေးများနှင့် စပ်လျဉ်း၍အတည်ပြုကြကာ AMMTC စုံညီအစည်းအဝေး ပထမနေ့ကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်