
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ တာဝန်ရှိသူများလိုက်ပါ၍ လွိုင်ကော်မြို့ရှိ RC ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး (တံခွန်တိုင်)အဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များအား ယနေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်နယ်အကျိုးအတွက် ဘာသာရေးအသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်ပံ့ပိုးကူညီမှု သည် အရေးကြီးကြောင်း၊ ဘာသာရေးခေါင်းဆောင်များသည် ဒေသအလိုက်၊ ဘာသာအလိုက် ကိုးကွယ်သူ ဘာသာဝင်များအပေါ် သက်ရောက်မှုကြီးသူများဖြစ်၍ ဒေသ၏အကျိုးစီးပွားအတွက် ထိရောက်သော စွမ်းဆောင်ပေးနိုင်သူများဖြစ်ကြောင်း၊ ဘာသာရေး၏ အဆုံးအမတရားတို့ဖြင့် ဒေသကိုတည်ငြိမ်အေးချမ်း စေရေး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊
သို့မှသာ ကယားပြည်နယ်သည် အမြန်ပြန်လည် တည်ငြိမ်အေးချမ်းစေပြီး မူလအခြေအနေအတိုင်း ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အေးချမ်းမှုကို လိုလားသည့်ပြည်သူများ၊ တာဝန်သိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် တားဆီးချေမှုန်းနိုင်မည်ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံး၊ သေဆုံးမှုများသည် မိမိတို့တိုင်းရင်းသားများသာ ဖြစ်၍ နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံ၏ လူသားအရင်းအမြစ်များ ဆုံးရှုံးနေခြင်းပင်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့် အညီ ကျင့်သုံးလိုက်နာဆောင်ရွက်စေလျက်ရှိ ကြောင်း၊ အရေးပေါ်ကာလတစ်လျှောက် အနိမ့်ဆုံး အဆင့် အနည်းဆုံးအင်အားကိုအသုံးပြု၍ ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း အပြစ်မဲ့ ပြည်သူများ သတ်ဖြတ်ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင် အဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ငဲ့ညှာစွာ ထိန်းသိမ်း ကိုင်တွယ်မှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးမပါသော အကြမ်းဖက်မှုသက်သက်ကို လုပ်ဆောင်နေကြောင်း၊ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီး အောင် လုပ်ဆောင်သည်ကို လက်ခံ၍မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော တာဝန်အရ တပ်မတော်က ဒီမိုကရေစီစနစ်ခိုင်မာအောင် ဥပဒေ နှင့်အညီ အာဏာသုံးရပ်အား ထိန်းသိမ်းပေးသည်ကို အာဏာသိမ်းသည်ဟူသော အကြောင်းပြချက်ဖြင့် ဒေသပျက်စီးအောင် လုပ်ဆောင်သော လုပ်ဆောင် ချက်ပင်ဖြစ်ကြောင်း။
အာဏာသိမ်းခြင်းသည် ရှိပြီးဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်း၍ အာဏာသိမ်း ခေါင်းဆောင်နှင့် ပြည်သူအများစု လိုလားသည့် စနစ်တစ်ခု ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ရေးဆွဲအတည်ပြုရသဖြင့် အာဏာ ပြန်လည်လွှဲပေးနိုင်မှုသည် အာဏာသိမ်းခေါင်းဆောင် အပေါ်တွင်မူတည်ပြီး ယခု မိမိတို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာထိန်းခြင်း သည် ပြည်သူနှင့် တပ်မတော်က ထောက်ခံအတည်ပြု သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ဖြစ်နေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် မလိုပါ ကြောင်း၊ ဖွဲ့စည်းပုံမဖျက်သိမ်း၍ ဖွဲ့စည်းပုံပါ ဥပဒေများ အတိုင်း အရေးပေါ်ကာလပြဋ္ဌာန်းချက်ပါ ကန့်သတ် ကာလအတွင်းသာ အာဏာသုံးရပ်ကို ထိန်းသိမ်းပြီး အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ လုပ်ငန်းစဉ်များကို ဖြေရှင်းပေးနေခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပဉ္စမအချက်ပါ လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို သတ်မှတ် ကာလအတွင်း ကျင်းပ၍ အနိုင်ရပါတီအား ပြန်လည် လွှဲပြောင်းပေးရမည်သာ ဖြစ်ကြောင်း။
ပြည်တွင်းပြည်ပ သွေးထိုးမှုများကြောင့် အာဏာသိမ်းမှုဟု အထင်အမြင်လွဲမှားမှုများကို ဘာသာရေးခေါင်းဆောင်များအနေဖြင့် ရှင်းရှင်း လင်းလင်း အသိပေးထိန်းကျောင်းပေးရန်လိုကြောင်း၊ အရေးပေါ်ကာလသည် ဥပဒေမှ အချိန်ကာလ ကန့်သတ်ချက်ပေးပြီးဖြစ်၍ နိုင်ငံတော်၏ လုပ်ဆောင် မှုကို အထင်အမြင်မလွဲစေလိုကြောင်း၊ ငြိမ်းချမ်းရေး အတွက် ထိတွေ့ဆက်ဆံညှိနှိုင်းမှုများ ဆောင်ရွက်စဉ် ငြိမ်းချမ်းမှု၏ အကျိုးကျေးဇူးကြောင့် အေးချမ်း စည်ပင်စွာဖြင့် ဖွံ့ဖြိုးခဲ့သည်ကို မမေ့ရန်လိုကြောင်း၊ တိုင်းရင်းသားအချင်းချင်း မကျေလည်မှု၊ အမြင်ကွဲလွဲမှုများဖြင့် ဒေသဖွံ့ဖြိုးရန်၊ နိုင်ငံတိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ အလားတူ ဘာသာမတူညီမှုကို အကြောင်းပြ၍ သဘောထားကွဲလွဲနေ၍မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၂ တွင် ‘‘နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်’’ဟု ပြဋ္ဌာန်းထားပြီးဖြစ်၍ တူညီသောအခွင့်အရေးရှိပြီးဖြစ်ကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးအတွက် အားလုံးတွင် တာဝန်ရှိ၍ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် တက်ရောက်လာသည့် ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များဖြစ်ကြသည့် RC ခရစ်ယာန်ဘာသာမှ ဦးအီညားရှို၊ အစ္စလာမ်ဘာသာမှ ဦးမင်းလွင်၊ ဟိန္ဒူဘာသာမှ ဦးခါရ်ကာဗဟာဒူးနှင့် ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့မှ ဦးပိုးရယ်အောင်သိန်းတို့က သက်ဆိုင်ရာ ဘာသာများအလိုက် လိုအပ်သည်များ ဆွေးနွေးတင်ပြပြီး ဆုတောင်း စကားများ ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြန်လည် ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တက်ရောက်လာသည့် ဘာသာရေး အဖွဲ့ခေါင်းဆောင်များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်