
မင်းမင်း
မြန်မာ့ဓလေ့အရ မိသားစုထမင်းဝိုင်းတွင် ငါးပိငါးခြောက်ကို အခြေခံထား ချက်ပြုတ်သည့် ဟင်းလျာများကို စားသုံးခဲ့ကြသည်။ ယခုလည်း စားသုံးလျက်ရှိပြီး နောင်တွင်လည်း စားသုံးနေဦးမည်သာ။ သို့အတွက် ငါးထွက်ရှိရာဒေသများမှ ငါးပိငါးခြောက် လုပ်ငန်းများသည် တည်ရှိနေဦးမည်ဖြစ်သည်။ သို့သော် အငန်ကဲသည့်၊ ဆေးဝါးသုံးစွဲထားသည့် ငါးပိငါးခြောက်များကြောင့် ကျန်းမာရေးထိခိုက်မှုရှိမည်ကို စိုးရိမ်ကြသည်။ ထို့အတွက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသည် ကျန်းမာရေးနှင့် သင့်လျော်သည့် သန့်ရှင်းမှု၊ သိုလှောင်ထုပ်ပိုးမှုများရှိသည့် စားသောက်ကုန်များဖြစ်လာစေရန် ပြောင်းလဲကြိုးပမ်းလာရသည်။
“ယခုလို ဆောင်းတွင်းခါဆို ရာသီဥတု အေးအေးလေးနဲ့ မနက်စာ ကောက်ညှင်း ပေါင်းနဲ့ ငါးခြောက်မီးကင်၊ ငါးပိကင်လေး နဲ့ ထမင်းပူပူ၊ ဒါတွေဟာ ခံတွင်းတွေ့တဲ့ အစားအစားတွေပါ။ အငန်ကဲတဲ့ ငါးပိ ငါးခြောက်မျိုး၊ ယင်မနားဆေးတို့၊ ယမ်းစိမ်းတို့လို ဆေးဝါးတွေ သုံးတာမျိုး၊ ထုတ်လုပ်ရောင်းချမှု မသန့်တာမျိုးကို ကြောက်ကြလို့ ငါးပိငါးခြောက် ရှောင်တဲ့ သူတွေလည်း ရှိလာတယ်။ ဒါပေမယ့် မြန်မာ့ဟင်းလျာတွေနဲ့ ကင်းလို့မရတော့ သန့်ရှင်းမှုရှိတဲ့၊ ဆေးမသုံးတဲ့၊ ကျန်းမာ ရေးအတွက် အခြေခံထား ထုတ်လုပ်တဲ့ ငါးပိငါးခြောက်တံဆိပ်တွေကို ရွေးချယ် စားသုံးကြတာများတယ်”ဟု ရန်ကုန်မြို့ မှ ဒေါ်မြမြဝင်းက ပြောသည်။
ငါးပိငါးခြောက်လုပ်ငန်းများ
ကျန်းမာရေးနှင့် သင့်လျော်စေရန်
မြန်မာနိုင်ငံသည် မြစ်ချောင်း အင်းအိုင်ပေါများပြီး ယင်းတို့မှထွက်ရှိ သည့် ငါးကို အခြေခံထုတ်လုပ်ထားသည့် ငါးပိငါးခြောက်များသည် လူတန်းစား မရွေးစားသုံးသည့် စားသောက်ကုန် ဖြစ်သည်။ ထို့အတွက် စားသုံးမှုများသည့် ငါးပိငါးခြောက်လုပ်ငန်းများကို ကျန်းမာ ရေးနှင့် သင့်လျော်သည့် လုပ်ငန်းခွင် သန့်ရှင်းမှု၊ သိုလှောင်ထုပ်ပိုးမှု၊ ဖြန့်ဖြူးမှု ရှိသည့် စားသောက်ကုန်များ ဖြစ်လာ စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များက အသိပညာပေးခြင်း၊ နည်းပညာ ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လာကြသည်။
ငါးပိငါးခြောက် ထုတ်လုပ်မှုများ သည့် ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ငါးပိ ငါးခြောက်လုပ်ငန်းများကို သန့်ရှင်း သောလုပ်ငန်းခွင်၊ သန့်ရှင်းသော သိုလှောင်ထုပ်ပိုး ဖြန့်ဖြူးမှုရှိသည့် လုပ်ငန်းများဖြစ်လာစေရန် စားသုံးသူ ရေးရာဦးစီးဌာနက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
“ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ငါးပိ ငါးခြောက်လုပ်တဲ့ လုပ်ငန်းတွေက ၁၅၇ ဦးခန့် ရှိပါတယ်။ တိုင်းဒေသကြီးအတွင်း က အင်းအိုင်မြစ်ချောင်းတွေကထွက်တဲ့ ရေထွက်ကုန်ကို အခြေခံပြီး စားဝတ် နေရေးအတွက် အသက်မွေးကြတယ်။ တစ်နိုင်တစ်ပိုင် မိရိုးဖလာလုပ်ငန်းတွေ လည်းရှိတယ်။ ဒီလုပ်ငန်းကို အခြေခံပြီး တိုးတက်လာတဲ့ လုပ်ငန်းတွေလည်း များလာပြီ။ ဒီလုပ်ငန်းတွေတိုးတက် အောင် ထောက်ပံ့ပေးတာဟာ ဒေသ စီးပွားကို အထောက်အပံ့ပေးတာပါပဲ။ လုပ်ငန်းတိုးတက်ဖို့အတွက် ကူညီ ထောက်ပံ့ပေးတဲ့အခါ ထုတ်လုပ်ရောင်းချ တဲ့သူတွေ၊ စားသုံးသူတွေ အဆင်ပြေစေဖို့ ဆောင်ရွက်ပေးရပါတယ်။ ဒီအတွက် အသိပညာပေးတာ၊ နည်းပညာပေးတာ တွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပဲခူးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြော သည်။
နည်းပညာပေးသင်တန်းများဖွင့်လှစ်
တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာနသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အသိပညာ ပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ခဲ့သည့်အပြင် လုပ်ငန်းများ ထုပ်ပိုးစနစ် တိုးတက်စေရေးအတွက် လည်း နည်းပညာပေးသင်တန်းများဖြင့် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပျဉ်ပုံကြီးကျေးရွာ မိုးယွန်းကြီး ငါးရံ့ ခြောက်ရောင်းဝယ်ရေးမှ ဦးတင်ကိုလှိုင် က “ကျွန်တော်တို့ ပျဉ်ပုံကြီးရွာငါးရံ့ ခြောက်ကို စားသုံးသူတွေ အကြိုက်တွေ့ ကြပါတယ်။ ဆားပေါ့တော့ ကျန်းမာရေး အတွက် သင့်လျော်ပါတယ်။ ပြီးတော့ စားသုံးသူတွေကြောက်တဲ့ ဆေးဝါးတွေ ကိုလည်း မသုံးစွဲပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မိုးယွန်းကြီး အမှတ် တံဆိပ်နဲ့ ငါးပိငါးခြောက်တွေ ထုတ်လုပ် ရောင်းချပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်တဲ့ ငါးရံ့ခြောက်၊ အသင့်စား ငါးရံ့ခြောက်က လူကြိုက်များတယ်။ ဒီလို လူကြိုက်များအောင်လည်း အရည် အသွေးကို ထိန်းသိမ်းထားပါတယ်။ ငါးရံ့ ခြောက်က သဘာဝရေချိုငါးရံ့ကို အသုံး ပြုရတာပါ။ နေရောင်ရဲ့ အပူချိန်နဲ့ သုံးရက်လှန်း၊ လေးရက်လှန်း သေချာ လှန်းတာဖြစ်တဲ့အတွက် ခြောက်သွေ့ တယ်။ ပိုးမွှားကင်းတယ်။ သန့်ရှင်းတယ်။ ဆေးဝါးလွတ်တယ်။ စားသုံးသူရေးရာ ဦးစီးဌာနက ဖွင့်လှစ်တဲ့ သင်တန်းကနေ လိုအပ်တဲ့ အသိပညာ၊ နည်းပညာတွေ လည်း ရပါတယ်”ဟု ပြောသည်။
ငါးရံ့ခြောက်ပြုလုပ်သည့် ငါးရံ့များ ကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါ မြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချို အင်းအိုင်များမှ အများဆုံး ရရှိလျက်ရှိပြီး အကောင် အကြီး၊ အသေးပေါ်မူတည်၍ ငါးရံ့အစို တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀ မှ ၁၈၀၀၀ အထိ ဈေးဖြင့် ဝယ်ယူရပြီး ငါးအစိုတစ်ပိဿာကို ခွဲခြမ်း ပြီး နေလှန်းပါက ငါးခြောက်၂၅ ကျပ်သားမှ ၃၀ သားခန့် ထွက်ရှိကြောင်း သိရသည်။
ငါးရံ့ခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက် ပြုလုပ်ရာတွင် ခန့်မှန်းကျပ် ၃၀၀၀၀ ခန့်ကုန်ကျပြီး ငါးရံ့ခြောက်တစ်ပိဿာ လျှင် ငွေကျပ် ၅၅၀၀၀ မှ ၆၀၀၀၀ အထိ ဈေးရရှိကြောင်း၊ ပဲခူးဒေသထွက် ငါးရံ့ ခြောက်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လွိုင်ကော် စသည့်ဒေသ များသို့ အများဆုံး ပို့ဆောင်ရောင်းချ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များ အရောင်းစင်တာ
တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ငါးပိငါးခြောက် အပါအဝင် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ၊ လူသုံးကုန် ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်ရန်နှင့် ပြည်တွင်း ပြည်ပ ဈေးကွက်ပိုမိုရရှိရန်ရည်ရွယ်၍ တိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ပဲခူးတိုင်းဒေသကြီး ထုတ်ကုန် များ အရောင်းစင်တာကို ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။
အဆိုပါစင်တာတွင် ပါဝင်ရောင်းချ လျက်ရှိသည့် ရှင်မ ငါးပိ၊ ငံပြာရည် လုပ်ငန်းမှ ဦးသူရဝင်းက “ကျွန်တော်တို့ ငါးပိလုပ်ငန်းမှာ ကျွန်တော်တို့ဒေသ ဆည်မြောင်းအင်းအိုင်တွေက ထွက်တဲ့ ရေထွက်ကုန်ကိုပဲ အဓိကထားထုတ်လုပ် ပါတယ်။ ဒီလိုမျိုး ဒေသထွက်ကုန်စင်တာ မှာ ပါဝင်ခင်းကျင်းပြသရောင်းချနိုင် ခြင်းဟာ ကျွန်တော်တို့လို လုပ်ငန်းရှင် များအတွက် အကျိုးကျေးဇူးများစွာ ရရှိတဲ့အတွက် အခြားလုပ်ငန်းရှင်တွေ ကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီလိုမျိုး MSMEs အရောင်း စင်တာတွေကတစ်ဆင့် ကျွန်တော်တို့ ကုန်ပစ္စည်းရဲ့ဈေးကွက်ကို လည်း ချဲ့ထွင်နိုင်မှာဖြစ်ပြီး တစ်ဖက် တစ်လမ်းကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ရရှိအောင် ကူညီဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ငါးလုပ်ငန်းကဏ္ဍမြှင့်တင်ရန်
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှ ရေချိုရေငန် ငါးပုစွန်ထုတ်လုပ်မှု လုပ်ငန်းများကို ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ကူညီ ထောက်ပံ့ ဆောင်ရွက်လျက်ရှိသည့် အပြင် မိရိုးဖလာ စားသုံးမှုပုံစံများ ဖြစ်သည့် ငါးပုစွန်အစို၊ ငါးပိငါးခြောက်၊ ငါးဆားနယ် စသည်တို့သာမက ငါး အသားလွှာ၊ ငါးအသားချောင်း၊ ငါးဆုပ် လုံး အစရှိသည့် အသင့်ချက် ငါးပုစွန် ကုန်ချောများကို ထုတ်လုပ်ပြီး ငါးလုပ်ငန်းကဏ္ဍကို မြင့်မားအောင် မြှင့်တင်သွားရန် စီမံဆောင်ရွက်လျက် ရှိသည်။
မိုးယွန်းကြီး ငါးရံ့ခြောက် ရောင်းဝယ်ရေးမှ ဦးတင်ကိုလှိုင်က “ငါးပိ ငါးခြောက်လုပ်ငန်းဆိုပေမယ့် အရင်း အနှီးက များပါတယ်။ ငါးရံ့ခြောက်ဆို ရေချိုငါးရံ့ ပေါတဲ့အချိန် ဝယ်ထား၊ လှန်းထား၊ စနစ်တကျ သိမ်းထားပြီးမှ အဝယ်လိုက် ထုတ်ရောင်းရတာပါ၊ ဒီအပေါ်မှာ ကုန်ဝယ်တဲ့ အရင်းအနှီး၊ လှန်းထားသိမ်းထားနိုင်ဖို့ ငွေကြေးကို အဆင့်ဆင့်သုံးရပါတယ်။ ကုန်ပေါချိန်မှာ သိမ်းထားမှလည်း ငါးဈေးနဲ့ သင့်လျော် တဲ့ ငါးခြောက်ဈေးကို ရောင်းနိုင်မှာပါ။ ဒီအတွက် သုံးရတဲ့အရင်းအနှီးက များပါ တယ်။ အခုနောက်ပိုင်းမှာ ကျန်းမာရေး နဲ့သင့်လျော်တဲ့ ထုတ်လုပ်သိမ်းဆည်းပုံ အဆင့်ဆင့်ကိုတော့ သိလာကြတယ်။ လုပ်လာကြတယ်။ နိုင်ငံတော်က ချေးငွေ လည်းပေးနေတယ်လို့ သိရပါတယ်။ ငါးပိ ငါးခြောက်လုပ်ငန်းက ရေထွက် ကုန်ထွက်တဲ့ နေရာဒေသတွေမှာ လုပ်ကိုင်မှုများတဲ့ ဒေသစီးပွားဖြစ်တဲ့ အတွက် တိုးတက်အောင် အထောက်အပံ့ တွေ ဆက်ပြီးတော့လည်း ပေးစေချင်ပါ တယ်”ဟု ပြောသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ကိုဗစ်-၁၉ ရန်ပုံငွေမှ တစ်ဆင့် ကူညီထောက်ပံ့ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူ ရေးလုပ်ငန်းရှင် ၁၇ ဦးအား ငွေကျပ်သိန်း ၂၉၁၀ ကို ထုတ်ချေးထားကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပြည်တွင်း ပြည်ပသို့ တင်ပို့လျက်ရှိ
ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ် သည့် ရေထွက်ပစ္စည်းများသည် တိုင်း ဒေသကြီးအတွင်းမှ ငါးထုတ်လုပ်မှုအပေါ် တွင် ၈၀ ရာခိုင်နှုန်း အခြေခံထုတ်လုပ် ကြောင်းသိရပြီး တိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငါမွေးမြူသူ ၅၈၂၆ ဦး၊ ငါးမွေးကန်ဧက ၃၁၁၉၈ ဒသမ ၂၆၇ ဧက ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပဲခူးတိုင်းဒေသကြီးမှ မွေးမြူထွက်ရှိ သည့်ငါးများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွှေပိတောက်ငါးဈေး၊ ကြည့်မြင်တိုင်ငါးဈေးများသို့ တင်ပို့ ရောင်းချလျက်ရှိပြီး ပြည်ပတင်ပို့မှုအနေ ဖြင့် EU နိုင်ငံများနှင့် အခြားနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်။
ညောင်လေးပင်မြို့မ ဒေါ်ဝင်း ငါးပိရည် ကျိုအနှစ်ခြောက်လုပ်ငန်းမှ ဒေါ်မိုးမိုးဦး က “အသင့်စား ငါးပိရည်ကျိုအနှစ်ခြောက် လုပ်ငန်းကို လက်ရှိမှာ လုပ်သားငါးဦး ခန့်နဲ့ လုပ်ကိုင်နေပါတယ်။ လုပ်ငန်းကို စတင်တာတော့ သုံးနှစ်လောက်ရှိပါပြီ။ ကျွန်မတို့ ထုတ်ကုန်ကို ပဲခူးတိုင်းဒေသ ကြီး ထုတ်ကုန်များ အရောင်းစင်တာမှာ လည်း ခင်းကျင်းရောင်းချနေပါတယ်။ ပြည်တွင်းသာမကပါဘူး။ ပြည်ပကို လည်း ပို့ရပါတယ်။ ကျွန်မတို့ဒေသမှာ ဒီလိုတစ်ပိုင်တစ်နိုင် ထုတ်ကုန်တွေ တွင်ကျယ်လာဖို့ အားပေးတယ်။ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို အရောင်း စင်တာမှာလည်း တင်ရောင်းလို့ရတော့ ဈေးကွက်အခွင့်အလမ်းရတယ်”ဟု ပြော သည်။
နိုင်ငံတော်က ကြိုးပမ်းဖော်ဆောင် လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်ရေးသည် အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့်လည်း တိုက်ရိုက် ဆက်နွှယ်နေသည်။ အကြောင်းမှာ နိုင်ငံ အတွင်းမှ အခြေခံပြည်သူများသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့်အတွက်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်း များမှထွက်ရှိသည့် ငါးပိငါးခြောက် ရေထွက်ကုန်ထုတ်လုပ်သည့် လုပ်ငန်း များက ဒေသစီးပွားကို အထောက်အပံ့ ပြုလျက်ရှိသကဲ့သို့ ဆက်၍လည်း ပိုမို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်း ကြံဆောင်သွားရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။