ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းများ၏ အရွေ့ ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၁၉

 

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာ အသင်းဖြစ်မြောက်ရေး ကော်မတီက ကြီးမှူးကျင်းပသည့် “ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းများ၏ အရွေ့” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

 

အွန်လိုင်းဆွေးနွေးပွဲသို့ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ဒစ်ဂျစ် တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကိုကို (စက်မှုတက္ကသိုလ်)နှင့် ဒေါ်နန်းကလျာ ဝင်း နှင့် ကော်မတီဝင်များ၊ စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ သတင်းမီဒီယာသမားများနှင့် စိတ်ပါ ဝင်စားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာ၌ ကိုဗစ်ကြောင့် ထိခိုက် သည့် လုပ်ငန်းများတွင် ရုပ်ရှင်လုပ်ငန်း များလည်း ပါဝင်ပါကြောင်း၊ ရုပ်ရှင် လုပ်ငန်းဟု ပြောဆိုကြလျှင် ရုပ်ရှင် ရိုက်ကူးရေးမှ ပြသသည်အထိ၊ ဖန်တီး ထုတ်လုပ်သူမှ စားသုံးသူအထိ အဆင့် ဆင့် ထိခိုက်မှုရှိပါကြောင်း၊ ရုပ်ရှင် လုပ်ငန်းများ၏ ပြောင်းလဲသွားမည့်၊ ရွေ့လျားသွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ ယနေ့ ဆွေးနွေးကြမည် ဖြစ်ပါကြောင်း။

 

ပြောင်းလဲမှု ပိုမိုဖြစ်ပေါ်ခဲ့

ရုပ်ရှင်လုပ်ငန်းများသည် အပြောင်း အလဲဖြစ်ပေါ်လျက်ရှိပြီး နည်းပညာ ကြောင့် ပြောင်းလဲမှုသည် မြန်ဆန် လျက် ရှိပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာ အပြောင်းအလဲကြောင့် ပြောင်းလဲမှုသည် ကဏ္ဍပေါင်းစုံတွင် တည်ရှိသော်လည်း မီဒီယာကဏ္ဍတွင် ပြောင်းလဲမှု ပိုမိုဖြစ်ပေါ်ခဲ့ပါကြောင်း။

အပြောင်းအလဲနှင့် တွေ့ကြုံရာ တွင် အဓိကအပြောင်းအလဲ နှစ်ခုနှင့် ရင်ဆိုင်နေရပါကြောင်း၊ နည်းပညာ အပြောင်းအလဲနှင့် ကိုဗစ်ကပ်ရောဂါ ကြောင့် ပြောင်းလဲရသည့် အပြောင်း အလဲတို့ ဖြစ်ပါကြောင်း၊ အပြောင်း အလဲဆောင်ရွက်ကြရာတွင် စိန်ခေါ်မှု၊ အခက်အခဲများ တွေ့ကြုံနိုင်သည် မှန်သော်လည်း အခွင့်အလမ်းများ အဖြစ် ပြောင်းလဲနိုင်သည်များလည်း ရှိပါကြောင်း။

 

ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲ

ရုပ်ရှင်လုပ်ငန်းများ၏ အနာဂတ် မည်သည့်လမ်းကြောင်းကို သွားမည် ဆိုသည်ကို မေးမြန်းလျှင် ဒစ်ဂျစ်တယ် လမ်းကြောင်းကို သွားရမည်ဆိုသည့် အဖြေဖြစ်နေမည် ဖြစ်ပါကြောင်း၊ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာသည့် အကန့်အသတ်ကြားမှ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရုပ်ရှင် ဇာတ်ညွှန်း ရေးသားသည့်နေရာမှစ၍ ရုပ်ရှင်ပြသ သည်အထိ စဉ်းစားကြရမည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံရှိ ရုပ်ရှင်လုပ်ငန်း များသည် ကိုဗစ်ကြောင့် ဒစ်ဂျစ်တယ် စနစ်အဖြစ် မြန်မြန်ဆန်ဆန် ပြောင်း လဲသွားမည်ဟု မြင်ပါကြောင်း ပြော ကြားသည်။

ဟောပြောဆွေးနွေး

ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျစ် တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင် က အမှာစကားပြောကြားပြီး ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (ရန်ကုန်) အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက် က “ DTT ပုံစံမှ OTT ပုံစံသို့ ပြောင်းလဲခြင်း နောက်တွင်” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

 

အမြင်များ ဆွေးနွေးဖလှယ်

ထို့နောက် “ ဒစ်ဂျစ်တယ်ပလက် ဖောင်းများနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း များ၏ အရွေ့” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဆွေးနွေးပွဲ ဦးဆောင်ဆွေးနွေးသူအဖြစ် မြန်မာ နိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ် မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးမင်းဆွေလှိုင်က ဆောင်ရွက်၍ အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုပေါက် (ဦးအောင်မင်း နိုင်)၊ Red Radiance ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမင်းနှင့် ABC Content solutions မှ စီအီးအို ဦးဝင်းခိုင်တို့က မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အွန်လိုင်းပလက် ဖောင်းများ အကျိုးရှိရှိ အသုံးပြုနိုင်ရေး အမြင်များကို ဆွေးနွေးဖလှယ်ကြ သည်။

 

အကြံပြုဆွေးနွေး

အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ကိုဗစ်-၁၉ ကာလ အတွင်း ပရိသတ်နှင့် ထိတွေ့မှုရရှိနိုင် ရန် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးပြုခဲ့သည့် အတွေ့အကြုံများ၊ သမားရိုးကျ ပလက်ဖောင်းများ နှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ အတွက် content များကို ထုတ်လုပ်ရာ တွင် မတူခြားနားမှုရှိသည့် သဘော သဘာဝအရ ဒစ်ဂျစ်တယ်အတွက် စဉ်းစား၍ ထုတ်လုပ်သင့်သည်များကို အကြံပြုဆွေးနွေးသည်။

 

သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုပေါက်က ရုပ်ရှင်ရိုက်ကူးရေး အတွက် ကိုဗစ်ကာလတွင် အခက်အခဲ များရှိနေသည့်အချိန်၌ ဒစ်ဂျစ်တယ် ပလက်ဖောင်းများဖြစ်သည့် ဖေ့စ် ဘုတ်ခ်နှင့် တစ်ခ်တော့ခ်တို့တွင် စမ်းသပ် ၍ content များ ဖန်တီးခဲ့ရာမှ အောင်မြင်မှုရရှိခဲ့သည့် အခြေအနေ များ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ သုံး၍ ဖန်တီးထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများကို အတွေ့အကြုံ များအပေါ် အခြေခံ၍ ဆွေးနွေးသည်။

Red Radiance ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းက ဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် ဖန်တီးထုတ်လုပ်ရာ၌ အချက်အလက် လုံခြုံမှုအရေးကြီးပုံ၊ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံများ တိုးတက်ပြောင်းလဲလာ ပုံနှင့် ဒစ်ဂျစ်တယ်နည်းပညာ အသိ ပညာပေးခြင်း၊ လေ့လာသင်ယူခြင်း တို့ တွန်းအားပေးဆောင်ရွက်သင့်ပုံများ ကို ဆွေးနွေးသည်။

 

ABC Content solutions မှ စီအီးအို ဦးဝင်းခိုင်က အွန်လိုင်းတွင် streaming ဖြင့် ရုပ်ရှင်များပြသခဲ့မှုနှင့် လက်ရှိ ပြသနေရာတွင် ကြုံတွေ့ရ သည့် အားသာချက်၊ အားနည်းချက် များ၊ အစီအစဉ်များနှင့် ဇာတ်ကားများ ခိုးကူးနေမှုများအား အရေးယူဆောင် ရွက်သင့်သည်များကို ဆွေးနွေးသည်။

 

ပြန်လည်ရှင်းလင်း ဖြေကြား

ထို့နောက် တက်ရောက်လာကြသူ များ၏ မေးခွန်းများကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေး ကြွယ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာ အသင်း ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကိုကို (စက်မှု တက္ကသိုလ်)တို့က ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးကြပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်