ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်းဟောပြောပွဲ ကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၂၄


မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေးကော်မတီက စီစဉ်ကျင်းပသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်း ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီဝင်များ၊ မြန်မာစာအုပ် စင်တာ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန့်သော်ကောင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ သတင်းမီဒီယာသမားများနှင့် စိတ်ပါ ဝင်စားသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့အွန်လိုင်း ဆွေးနွေးပွဲမှ ဗဟုသုတများစွာရရှိမည် ဟု မျှော်လင့်ပါကြောင်း၊ နောက်ထပ် ပြုလုပ်မည့် အသိပညာပေးဆွေးနွေးပွဲ များသည်လည်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်မီဒီယာ ဖွံ့ဖြိုးတိုးတက် ရေး၊ ဒစ်ဂျစ်တယ် စာပေတိုးတက်ရေး အတွက် များစွာအထောက်အကူပြု မည်ဟု ထင်မြင်ပါကြောင်း။
မိမိအတွေ့အကြုံအပေါ် အခြေခံ ၍ အနည်းငယ်ဆွေးနွေးလိုပါကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာ ပေါ်လာသည့် အတွက် ယခင်ကတည်ရှိခဲ့သည့် ပုံနှိပ် မီဒီယာ၊ အစဉ်အလာမီဒီယာသည် များစွာထိခိုက်သည်ဟု ပြောဆိုမှုများ ရှိပါကြောင်း၊ အထူးသဖြင့် သတင်း မီဒီယာတွင် များစွာထိခိုက်ပါကြောင်း၊ သို့သော် ဒစ်ဂျစ်တယ်မီဒီယာပေါ်ထွန်း လာသည့်အတွက် စာပေဘက်တွင် ထိုကဲ့သို့ ထိခိုက်မှု၊ သက်ရောက်မှု ရှိသည်ဟု မိမိအနေဖြင့် မထင်မြင်ပါ ကြောင်း။
စာပေသမားအတွက် အီလက် ထရွန်နစ်မီဒီယာ ပေါ်ပေါက်လာသော ကြောင့် စာပေကို ပိုမိုစိတ်ဝင်စားစရာ အခွင့်အလမ်း၊ စာဖတ်နိုင်သည့် အခွင့်အလမ်း များပြားလာမည်ဖြစ်ပါ ကြောင်း၊ စာပေဖတ်ရှုသည့် အလေ့ အထသည် ကျဆင်းသွားမည် မဟုတ် သည့်အပြင် စာအုပ်အပေါ်တွင် တန်ဖိုး ထားမှုသည် ကျဆင်းသွားမည် မဟုတ် ပါကြောင်း၊ စာအုပ်စာပေသည် အသွင် သဏ္ဌာန်အမျိုးမျိုးဖြင့် ဆက်လက် ထွန်းကားနေမည် ဖြစ်ပါကြောင်း။
စာပေ ဖန်တီးသူများကလည်း ပြောင်းလဲသွားသည့် နည်းပညာနှင့် အညီ အွန်လိုင်းပေါ်မှ မဂ္ဂဇင်းကို မည်သို့ထုတ်လုပ်မည်၊ ဂျာနယ်ကို မည်သို့ထုတ်လုပ်မည် ၊ အွန်လိုင်းပေါ် တွင် စာရေးလျှင် မည်သို့ရေးသားပါက ပိုမိုဆွဲဆောင်မှုရှိမည်စသဖြင့် လေ့လာ သင့်ပါကြောင်း။
ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ တစ်ဖက်မှလည်း စာအုပ်လုပ်ငန်းလောကကို ဝင်ရောက် လာမည့်သူများအတွက် အကျိုးရှိစေ မည့် အသိပညာဖလှယ်ပေးသည့် အစီ အစဉ်၊ အသိပညာဝေမျှပေးသည့်အစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ မြန်မာစာအုပ်လောကသည် နည်းပညာ ပြောင်းလဲလာသည်နှင့် အတူတွဲ၍ ဆက်လက်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျစ် တယ် မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုကဲ့သို့ Webinar များကို နှစ်ပတ် တစ်ကြိမ်၊ သုံးပတ်တစ်ကြိမ် ကျင်းပရန် ရည်ရွယ်ထားပြီး တတိယ မြောက် Webinar ကို ရုပ်ရှင်နှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒစ်ဂျစ် တယ်မီဒီယာလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ လုပ်ငန်း ဆောင်ရွက်နေသူများကို တစ်စုတစ်စည်းတည်း ဖြစ်အောင် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာ အသင်း ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)က သုတ၊ ရသစာပေနှင့်ပတ်သက်၍ ဆွေးနွေး ဟောပြောရာတွင် မိမိအနေဖြင့် ပရိသတ်များကို စာဖတ်ကြရအောင် ဟု အဖော်ညှိလိုပါကြောင်း၊ သုတ စာအုပ်ပဲဖြစ်ဖြစ်၊ ရသစာအုပ်ပဲဖြစ်ဖြစ် သုတနှင့်ရသရောထားသည့် စာအုပ်ပဲ ဖြစ်ဖြစ် မည်သည့်စာအုပ်ကိုမဆို ဖတ်ရန် တိုက်တွန်းလိုပါကြောင်း၊ သုတပဲဖြစ်ဖြစ်၊ ရသပဲဖြစ်ဖြစ် အားလုံး သည် ဦးနှောက်ကို မြစ်ဖျားခံပါ ကြောင်း။
ယနေ့တွင် မိမိအနေဖြင့် သုတနှင့် ရသ ထုံမွှမ်းထားသည့် စာအုပ်တစ်အုပ် အကြောင်းကို သတင်းပေးလိုပါ ကြောင်း၊ စာပေပုံသဏ္ဌာန်သစ်ဖြင့် ရေးထားသည့် စာအုပ်ဖြစ်ပါကြောင်း၊ ကမ္ဘာမြေတစ်ခွင်လုံး ရင်ဆိုင်နေရ သည့် ကိုဗစ်-၁၉ ကိစ္စဖြစ်သည့်အတွက် မိမိအနေဖြင့် ပိုမိုစိတ်ဝင်စားကာ ပြန်လည်မျှဝေလိုခြင်းဖြစ်ပါကြောင်း၊ ထိုစာအုပ်မှာ နွေဦးမှတ်တမ်း ၂၀၂၀ ဖြစ်ပါကြောင်း၊ စာရေးသူမှာ နှင်း မာယာဖြစ်ပါကြောင်း၊ ထိုစာအုပ်လေး သည် သုတရော၊ ရသရောစုံသည့် အတွက် ဖတ်ကြည့်စေလိုပါကြောင်း။
ကျိုးကြောင်းဆင်ခြင်တုံတရား နှင့် စဉ်းစားတတ်သည့် အလေ့အထ ကို ရသနှင့် သုတ စာပေများက ပေးပါ ကြောင်း၊ စိတ်ခံစားချက်ကို လွှတ် မပေးဘဲ ကျိုးကြောင်းဆင်ခြင်တုံ တရားဖြင့် စဉ်းစားနိုင်အောင်၊ ဆုံးဖြတ် နိုင်အောင်၊ ဝေဖန်အကဲဖြတ်နိုင်အောင် ဦးနှောက်ကို အလေ့အကျင့် လုပ်ပေး သည်မှာ သုတစာပေဖြစ်ပါကြောင်း၊ သုတရော၊ ရသပါနှစ်ခုစလုံးကို သဟ ဇာတညီအောင် စာဖတ်ကြရအောင် ဟု ပြောကြားသည်။
ယင်းနောက် ဒစ်ဂျစ်တယ်ပလက် ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ ၏ အရွေ့စကားဝိုင်းကို ပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြန်မာ နိုင်ငံ ဒစ်ဂျစ်တယ်အသင်း ဖြစ်မြောက် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကိုကို (ကိုကို -စက်မှုတက္ကသိုလ်)က ဆောင် ရွက်ပြီး မြန်မာစာအုပ်စင်တာ အမှု ဆောင်အရာရှိချုပ် ဒေါက်တာ သန့်သော်ကောင်း၊ စိတ်ကူးချိုချို စာအုပ်တိုက်မှ ဦးအောင်စည်သာ၊ Chance Myanmar Online Educa-tion မှ ဒေါ်ဖြိုးဖြိုးအောင်တို့က ပါဝင် ဆွေးနွေးကြသည်။
စကားဝိုင်းတွင် ဒေါက်တာ သန့်သော်ကောင်းက နိုင်ငံတကာ စာအုပ်များ တင်သွင်းရောင်းချပေးနေ မှု လက်ရှိအခြေအနေများ၊ ကြုံတွေ့ နေရသည့် အားသာချက်များနှင့် စိန်ခေါ်မှုများ၊ လက်ရှိအခြေအနေမှ တိုးတက်အောင် စီမံဆောင်ရွက်သင့်သည့်အချက်များ၊ ဈေးကွက်အလား အလာများ၊ ပညာရေးနှင့် နိုင်ငံတကာ စာအုပ်ဆက်နွှယ်မှုများ၊ မူပိုင်ခွင့် ကိစ္စများနှင့်ပတ်သက်၍ လည်း ကောင်း၊ ဦးအောင်စည်သာက နိုင်ငံ တကာစာအုပ်များကို မြန်မာစာချစ်သူများဖတ်ရှုနိုင်ရန် သမားရိုးကျပုံစံမှ ဒစ်ဂျစ်တယ်ပလက်ဖောင်း အသုံးပြု ဆောင်ရွက်နေပုံများ၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းများသို့ အရွေ့က အနာ ဂတ်တွင် မြန်ဆန်လာနိုင်သည့်ကိစ္စ များ၊ စာအုပ်ထုတ်ဝေသူများနှင့် ရောင်းချသူများဘက်မှ ပြင်ဆင်ထား သင့်သည်များကို လည်းကောင်း၊ ဒေါ်ဖြိုးဖြိုးအောင်က စာဖတ်သူတစ်ဦး အနေဖြင့် နိုင်ငံတကာမှ စာအုပ်များကို ရွေးချယ်ဝယ်ယူဖတ်ရှုနေမှု၊ ပုံနှိပ် စာအုပ်နှင့် အီလက်ထရွန်နစ်စာအုပ် များ၏ ခြားနားချက်များ၊ အားသာ ချက်၊ အားနည်းချက်များ၊ မြန်မာ လူငယ်များ နိုင်ငံတကာစာအုပ်ဖတ်ရှု ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူး များ၊ ဒစ်ဂျစ်တယ်အရွေ့တွင် မြန်မာ စာအုပ်လုပ်ငန်းကို မြင်ချင်သည့်ပုံစံ များကို လည်းကောင်း ဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ အွန်လိုင်းမှ တက်ရောက် နားထောင်ကြသူများ က မေးခွန်းများကို မေးမြန်းကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဒေါ်ဆွေဇင်ထိုက်၊ ဒေါက်တာ သန့်သော်ကောင်းနှင့် ဦးအောင်စည်သာတို့က ပြန်လည် ဆွေးနွေးဖြေကြားကြပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
ဒစ်ဂျစ်တယ်ပလက်ဖောင်းများ နှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့ အွန်လိုင်းဟောပြောပွဲကို နိုင်ငံတကာမှ ထုတ်ဝေနေသည့် စာအုပ်များကို ပြည်တွင်း စာဖတ်ပရိသတ်များက မှာယူနိုင်မည့်နည်းလမ်းများ၊ မှာယူ ရာတွင် သိထားသင့်သည့်အချက် အလက်များ၊ ဒစ်ဂျစ်တယ်စာပေ ဆိုင်ရာ အကျိုးခံစားခွင့်များနှင့် အခြား အခွင့်အလမ်းများစသည်တို့ကို စာပေ ချစ်မြတ်နိုးသူများ ပိုမိုသိရှိနားလည် စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်