
နေပြည်တော် ဒီဇင်ဘာ ၁၄
ဒေသခံတိုင်းရင်းသားများဖြင့် ပါဝင်ဖွဲ့စည်းထား သည့် တပ်များဖြစ်သဖြင့် ဒေသခံများနှင့် တပ် စည်းလုံးညီညွတ်မှုရှိရမည်ဖြစ်ပြီး စုစုစည်းစည်းဖြင့် ညီညီညွတ်ညွတ် ရှိရမည်ဖြစ်ကြောင်း၊ စုစည်း ညီညွတ်သည့်အင်အားရှိမည်ဆိုပါက မည်သူမျှ မိမိ တို့၏ တပ်ရင်းတပ်ဖွဲ့ကို ထိခိုက်အောင် ဆောင်ရွက် ၍ ရနိုင်မည်မဟုတ်ကြောင်း၊ အလားတူ ဒေသတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဒေသခံပြည်သူများအားလုံး အတူတကွ စုစည်းညီညွတ်စွာ နေထိုင်မည်ဆိုပါက ဒေသကို မည်သူမျှထိ၍ရမည် မဟုတ်သဖြင့် စည်းလုံးခြင်း ၏အားကို တည်ဆောက်ကြရမည် ဖြစ်ကြောင်း
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများ၊ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
စုစည်းညီညွတ်သည့် အားကို တည်ဆောက်
ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ပူတာအိုဒေသသည် သွားရေးလာရေး ကန့်သတ်ချက် ရှိသည့်နေရာတစ်ခုဖြစ်ပြီး ရာသီမရွေးသွားလာနိုင် ရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ပူတာအိုဒေသအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒေသတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံများအားလုံး စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရန်လိုကြောင်း၊ နယ်မြေခံတပ်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များတွင် ဒေသခံတိုင်းရင်းသားများနှင့်တိုင်းရင်းသူများ ပါဝင်ကြောင်း။
အမျိုးသမီးများသည် မိခင်စိတ်ရှိကြပြီး ၎င်း၏ မိသားစုကိုကာကွယ်လိုသည့် စိတ်အခြေခံရှိပြီးဖြစ် ကြောင်း၊ အချို့သောဒေသများရှိ တပ်ရင်းတပ်ဖွဲ့ များသို့ လက်နက်ကိုင်အဖွဲ့များက အလစ်အငိုက် လာရောက်တိုက်ခိုက်ခဲ့ချိန်တွင် တပ်မတော်သား မိသားစုဝင် အမျိုးသမီးများအနေဖြင့် မိမိတို့၏ သားသမီးများနှင့် မိမိတပ်ကို မထိခိုက်အောင် ကာကွယ်လိုသည့်စိတ်ဖြင့် လာရောက်တိုက်ခိုက် သူများကို ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့ကြသည် ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မိခင်စိတ်နှင့် ဖခင်စိတ်ကို ပေါင်းစပ်လိုက်မည်ဆိုပါက မိသားစု တစ်ခုသည် စည်းလုံးညီညွတ်သည့်အားရှိသည့် မိသားစုတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း၊ ပူတာအို ဒေသတွင်လည်း အဆိုပါစိတ်ဓာတ်များရှိအောင် တည်ဆောက်သွားကြရန်လိုပြီး စုပေါင်းသည့်အားဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ပူတာအိုဒေသသည် အေးမြသည့်ဒေသဖြစ်သဖြင့် ရာသီဥတုနှင့် ကိုက်ညီပြီး မိမိတို့စားရေးကို အထောက်အကူပြုနိုင်သည့် စားပင်သီးနှံများကို စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်း များကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် တတ်နိုင် သမျှ ဆောင်ရွက်နိုင်သည့် အခြေအနေရှိသောကြောင့် တပ်ဌာနချုပ်များတွင် တာဝန်ထမ်းဆောင်သူများ အနေဖြင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက် မည်ဆိုပါက စားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
စည်းကမ်းစနစ်တကျရှိပြီး
စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲရှိရမည်
တပ်မတော်တွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာ ညွှန်ကြားချက်များရှိပြီး ဖြစ်ကြောင်း၊ စည်းကမ်းတကျရှိစေရန်နှင့် စည်းစနစ်ကျနစေရန် အတွက် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန် ထားရှိခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်းများနှင့်အညီ နေထိုင်ကျင့်ကြံနေထိုင်ရန် လိုအပ်သကဲ့သို့ ကိုယ်ပိုင် အချိန်များတွင်လည်း စည်းကမ်းရှိစွာဖြင့် လွတ်လပ် စွာ နေထိုင်ရန်ခွင့်ပြုပေးထားကြောင်း၊ ဝတ်စား ဆင်ယင်မှုနှင့် ပတ်သက်၍ သတ်မှတ်ဝတ်စုံများ ဝတ်ဆင်ရာတွင် စနစ်တကျရှိရန် လိုအပ်သကဲ့သို့ အရပ်ဝတ်ဝတ်ဆင်ရာတွင်လည်း သေသပ်မှုရှိရန် လိုကြောင်း၊ စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှု ရှိခြင်းသည် စစ်သည်တစ်ဦးချင်း၏ ဘဝအတွက် ကောင်းမွန်သည့် အလေ့အကျင့်တစ်ခုပင်ဖြစ် ကြောင်း၊ မိမိတို့ နေ့စဉ်လုပ်ဆောင်နေရသည့် လုပ်ငန်းစဉ်များကို မှန်မှန်ကန်ကန် ဆောင်ရွက်၍ စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ နေထိုင်လုပ်ကိုင် မည်ဆိုပါက လေ့ကျင့်သားပြည့်ဝပြီး အရည်အသွေး ပြည့်ဝသည့် စစ်သည်များ ဖြစ်လာမည်ဖြစ်ကြောင်း။
စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့ကိုင်ဆောင် နေရသည့် လက်နက်များ၊ အသုံးအဆောင်ပစ္စည်းများ ကို ကျွမ်းကျင်စွာအသုံးချနိုင်ရန်အတွက် အမြဲလေ့ကျင့် နေရန်လိုကြောင်း၊ သို့မှသာ စစ်မြေပြင်တွင် လက်နက်များကို ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ အလားတူ တာဝန်ထမ်းဆောင်ချိန် ကာလများတွင် သတိဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက် ကြရန်လိုကြောင်း၊ စစ်မြေပြင်၌ အချိန်၊ ရာသီဥတု၊ မြေအနေအထားတို့အပေါ်တွင် မူတည်၍ အလစ် အငိုက်တိုက်ခိုက်ကြခြင်းဖြစ်သဖြင့် သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိဖြင့် နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း။
ပညာရေးအားပေးမြှင့်တင်
စစ်သည်တစ်ဦးချင်း၏ သတ်မှတ်အချိန်အတွင်း ရာထူးတိုးတက်ရေးအတွက် သတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများတွင် တာဝန်ကျေပွန် ခြင်း၊ စည်းကမ်းတကျရှိပြီး အမိန့်နာခံတတ်မှုရှိခြင်း တို့သည် မိမိတို့၏ အဆင့်တိုးမြှင့်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သဖြင့် ဘဝတိုးတက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ရရှိ ထားသည့် ရာထူးအဆင့်နှင့် လျော်ညီထိုက်တန် အောင် ဆောင်ရွက်ကြရန်လို ကြောင်း၊ သုတ၊ ရသ များ ပြည့်စုံနေစေရန်အတွက် စာပေများကို ဖတ်ရှု လေ့လာနေရန်လိုကြောင်း၊ ထိုသို့လေ့လာနိုင်ရန် အတွက် တပ်ရင်း၊ တပ်ဖွဲ့များအလိုက် စာကြည့်တိုက် များ ဖွင့်လှစ်ပေးထားကြောင်း၊ စာပေဖတ်ရှုခြင်းသည် မိမိတို့ ဘဝအတွက် များစွာအထောက်အကူပြုနိုင် သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး အမြဲ မပြတ် ဖတ်ရှုလေ့လာနေရန်လို ကြောင်း၊ အလားတူ တပ်မတော်သား မိသားစုဝင်များ၏ သားသမီးများ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှ အားပေး ဆောင်ရွက် လျက်ရှိသကဲ့သို့ မိမိတို့ကိုယ်တိုင်ကလည်း အားပေး ဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ပြင် ပူတာအိုဒေသသည် ဝေးလံခေါင်ဖျားပြီး ရာသီဥတုအေးမြသည့် ဒေသဖြစ်သဖြင့် ကျန်းမာရေး ကို အလေးထားနေထိုင်ရန်လိုကြောင်း၊ ကျန်းမာရေး ကို အထောက်အကူဖြစ်စေသည့် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ရန်နှင့် မိမိဘဝအတွက် အကျိုးမရှိသည့် အသောက်အစားနှင့် အပျော်အပါး များကို ဆင်ခြင်တုံတရားဖြင့် ထိန်းသိမ်းနေထိုင်ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူ ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်