
ရန်ကုန် ဩဂုတ် ၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ဩဂုတ် ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ရုပ်သံသီတင်းပတ် စားပွဲဝိုင်းဆွေးနွေး ပွဲ (4th Lancang – Mekong Audiovisual Week Roundtable Conference) သို့ တက်ရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီး ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး
စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ရုပ်သံသီတင်းပတ် စားပွဲဝိုင်းဆွေးနွေးပွဲတွင် နိုင်ငံအလိုက် ရုပ်သံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း မွန်သော အစီအစဉ်များ အဆင့်မြှင့်တင်၍ တောင်အာရှနှင့်အရှေ့တောင် အာရှဈေးကွက်သို့ ထိုးဖောက်ဖြန့်ချိနိုင်ရေး၊ အနာဂတ်ကာလ၌ မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်သံ ပူးပေါင်းထုတ်လုပ်ပြီး အပြန်အလှန်ထုတ်လွှင့် ပြသရေး၊ ဘာသာပြန်ဆိုခြင်းနှင့် မူပိုင်ခွင့် အလေးထားခြင်းစသည့်ကဏ္ဍတို့ကို အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သဘောတူလက်မှတ်ရေးထိုး
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မဲခေါင်ဒေသအတွင်း၌ လူမှုရေးနှင့် ယဉ်ကျေးမှု ဆက်နွှယ်တူညီမှုများ၊ မြန်မာနိုင်ငံ ၏ အထင်ကရနေရာများနှင့် သာယာလှပမှုများ၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှုများ၊ နိုင်ငံတကာမီဒီယာများ လာရောက် ရိုက်ကူးနိုင်ရန် ဖိတ်ခေါ်ပြီး ကူညီဆောင်ရွက် ပေးမည့်အခြေအနေများကို ဗီဒီယိုဖိုင်နှင့်တကွ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် မဲခေါင် ဒေသအတွင်းနိုင်ငံများမှ မီဒီယာများကပူးပေါင်းဆောင်ရွက်ကြမည့် Mekong LOOK App တွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ နိုင်ငံတို့က တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် ရန် စိတ်ဝင်စားမှုအဆိုပြုလွှာကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ရုပ်သံဆွေးနွေးပွဲကို တရုတ်နိုင်ငံ အမျိုး သားရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေး အဖွဲ့အစည်း(NRTA) နှင့် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့က တာဝန်ယူကာ ယူနန်ပြည်နယ်ရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံ ခန့်ခွဲရေးအဖွဲ့အစည်းနှင့် ယူနန်မီဒီယာအုပ်စု (YMG)၊ လန်ချန်း-မဲခေါင် နိုင်ငံတကာဂြိုဟ်တုရုပ်သံလိုင်းတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ် ပြီး မဲခေါင်ဒေသနိုင်ငံများအပြင် တောင်အာရှ နိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ ရုပ်သံဌာနအကြီးအကဲများနှင့် မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တောင်အာရှနိုင်ငံများမှ မီဒီယာကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်