စပါးဖူလုံမှုမရှိသော မြိတ်ဒေသတွင် ရေငန်တားတမံများကျိုး၍ လယ်ဧကတစ်ထောင်ကျော်သို့ ပင်လယ်ရေဝင်ရောက်နေ

 

မြိတ်    မေ   ၁၄


စပါးဖူလုံမှုမရှိသော တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ကလွင်ကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာအုပ်စု၊ သစ်ယာဝ ကျေးရွာ အုပ်စုတို့တွင်   ရေငန်တားတမံများ   ကျိုးပေါက်နေမှုကြောင့်  လယ်ဧက တစ်ထောင်ကျော်တွင်    ပင်လယ်ရေဝင်ရောက်ခြင်း     ကြုံတွေ့နေရပြီး လယ်သမားများမှာလည်း   အခက်အခဲများစွာ   ရင်ဆိုင်နေရကြောင်း သိရသည်။

 


မြိတ်ဒေသအတွင်း  လယ်မြေများစွာတွင်  ရေငန်တားတမံများ ကျိုးပေါက်ပြီး  ရေငန်ဝင်ရောက်မှုကြောင့်  မိုးစပါးအချိန်မီစိုက်ပျိုးရန် ခက်ခဲနေကြောင်း  ဒေသခံတောင်သူလယ်သမားများက  ပြောသည်။  

 


“ကျွန်တော်တို့     သစ်ယာဝကျေးရွာမှာ    ရေငန်တားတမံတွေ ကျိုးပေါက်နေတာကြောင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိတာ နှစ်နှစ်ကျော်ပါပြီ။  လယ်တွေမှာ  ပင်လယ်ရေတွေ  ဝင်နေပါတယ်။  အဲဒါကြောင့်  ကျွန်တော် တို့လယ်တွေ   မစိုက်ပျိုးနိုင်ပါဘူး။   အားလုံးပေါင်း  ဧက တစ်ထောင် ကျော်ရှိပါတယ်။  အခုအချိန်ထိ   ဒီအတိုင်းမစိုက်ပျိုးဘဲနဲ့ ပစ်ထားရ တုန်းပါပဲ”ဟု   သစ်ယာဝကျေးရွာမှ    တောင်သူဦးမြညွန့်က    ပြောသည်။

 


မြိတ်ဒေသရှိ တောင်သူလယ်သမားများမှာ ရေငန်တားတမံကျိုးပြီး ပင်လယ်ရေငန်များဝင်ရောက်မှု  အခက်အခဲအပြင်  စိုက်ပျိုးစရိတ်ကြီးမြင့်မှုများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။ 

 


မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ  ဦးထွေးဝေက “အချို့ လယ်တွေက လယ်ယာစိုက်ပျိုးမှုမရှိဘဲ လယ်ပျက်စာရင်းသွင်းနေတာ တွေ့ရပါတယ်။ လယ်တွေမှာ ရေငန်တားတမံတွေကျိုးနေတာကြောင့် မစိုက်ပျိုးနိုင်ကြဘဲ အခြားနည်းအသုံးချနေကြပါတယ်။ ကျွန်တော်တို့ ဒေသက စပါးဖူလုံမှုမရှိရတဲ့အထဲမှာ လယ်တွေ ဒီတိုင်းပစ်ထားရတာတွေ များနေပါတယ်။   အဲဒီဖြစ်စဉ်တွေကို     သက်ဆိုင်ရာဌာနတွေကလည်း သေချာကြပ်မတ်ဆောင်ရွက်ပေးစေချင်ပါတယ်။  ကျွန်တော်တို့အနေနဲ့ ရေငန်တားတမံကျိုးနေတာတွေကို တတ်နိုင်သလောက် လိုက်လံဆယ်ယူ  ပြုပြင်ပေးနေပါတယ်။ ဒေသနဲ့ကိုက်ညီတဲ့ စပါးမျိုးကောင်းမျိုးသန့်တွေ ကိုလည်း အခြားဒေသကနေမှာယူပြီး လယ်သမားတွေကို ထုတ်ပေးနေ ပါတယ်။ ဌာနဆိုင်ရာတွေက လယ်ယာမြေတွေကို သေချာကြပ်မတ်ပြီး အထွက်နှုန်းတိုးအောင် ဆောင်ရွက်ပေးသင့်ပါတယ်”ဟု ပြောသည်။

 


မြိတ်မြို့နယ်တွင် ဆည်ရေသောက်ဧရိယာမရှိသည့်အတွက် မိုးစပါး ရာသီတွင်  သဘာဝမိုးရေကိုသာ  အဓိကအားထားပြီး စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်းနှင့် မြိတ်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၄၂၄၇၆ ဧက ရှိကာ  ဒေသမျိုးစပါးထွက်ရှိမှုမှာ  တစ်ဧကလျှင် စပါးတင်း ၄၀ မှ ၅၀ အထိထွက်ရှိကြောင်း၊    အထွက်ကောင်းမျိုးစပါးစိုက်ပျိုးလျှင်    ထွက်ရှိ မှုမှာ တစ်ဧကလျှင် စပါးတင်း ၉၀ မှ ၁၀၀ ခန့်အထိ   ထွက်ရှိကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ဦး(မြိတ်)