
ရွှေခရု(Golden Apple Snail)
မူရင်းဒေသနှင့် ပျံ့နှံ့တည်ရှိမှု
ခရု၏ မူရင်းဒေသမှာ တောင်အမေရိက ဖြစ်၍ တရုတ်(တိုင်ပေ)သို့ ပင်လယ် အစားအစာအဖြစ် ရောက်ရှိလာခဲ့သည်။ ၁၉၇၉-၁၉၈၀ ခုနှစ်တွင် တရုတ်(တိုင်ပေ) မှ ဖိလစ်ပိုင်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများသို့ ပျံ့နှံ့ဝင်ရောက်လာသည်။ ယခုအခါ စပါး စိုက်ပျိုးသော နိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့ လျက်ရှိသည်။
သွင်ပြင်လက္ခဏာ
ဥဥခါစ ပန်းနုရောင်ဥများမှာ (၂ ၊ ၂.၈) မီလီမီတာရှိပြီး တဖြည်းဖြည်း ပန်းဆီအနီရောင်သို့ ပြောင်းလာသည်။ အကောင်ပေါက်ခါနီးတွင် အဖြူရောင် သို့ ပြောင်းလာသည်။ အကောင်ကြီးမှာ ဝါညိုရောင်ရှိပြီး အရွယ်အစားမှာ ၅ စင်တီမီတာခန့် ၂ ၊ ၃လက်မခန့် ရှိသည်။
မျိုးပွားခြင်း
အကောင်ပေါက်ပြီး (၂ ၊ ၃) လအတွင်း အရွယ်ရောက်သည်။ ခရုတစ်ကောင် သည် တစ်ကြိမ်လျှင် ဥပေါင်း (၁၀၀ မှ ၁၀၀၀) အထိ အတွဲလိုက်ဥသည်။ ခရုတစ်ကောင်သည် တစ်နှစ်အတွင်း သုံးကြိမ်အထိ မျိုးပွားနိုင်သည်။ ရွှေခရု တစ်ကောင်သည် ပတ်ဝန်းကျင်ရှိ အပူချိန်နှင့် အစာရေစာပေါ်မူတည်၍ (၅ ၊ ၁၀) နှစ်အထိ အသက်ရှင်နေထိုင် နိုင်သည်။
စားသောက်နေထိုင်ပုံ
ခရုများသည် ဥတွဲများကို နေရာ အနှံ့ဥလေ့ရှိသည်။ အထူးသဖြင့် ရေနှင့် နီးသောနေရာများတွင် ပိုမိုဥလေ့ရှိသည်။ ဥများသည် ရှစ်ရက်မှ နှစ်ပတ်အတွင်း အကောင်ငယ်များ ပေါက်လာသည်။ အကောင်ငယ်ဘဝတွင် ရေညှိ၊ ရေမှော်၊ ရွက်နုများကို စားသောက်၍ အကောင် ကြီးလာသည်နှင့် သီးနှံပင်အစိတ်အပိုင်း အားလုံးကို စားသောက်ဖျက်ဆီးသည်။
ဖျက်ဆီးမှုလက္ခဏာ
စပါး၊ ပြောင်း၊ ရှောက်၊ သံပုရာနှင့် ဟင်းသီးဟင်းရွက်များတွင် အများဆုံး ကျရောက်နိုင်သည်။ စပါးပျိုးခင်း စိုက်ခင်းများတွင် ပင်ခြေမှစတင်၍ ကိုက်ဖြတ် စားသောက်လေ့ရှိပြီး အပင်များ ပြန်လည်ရှင်သန်နိုင်ရန် ခဲယဉ်းသောကြောင့် ကြိုတင်ကာကွယ် ရန် အလွန်အရေးကြီးသည်။ မြေကြီးထဲ တွင် သုံးလခန့် ခိုအောင်းနိုင်သည်။ စိုက်ခင်း ရေရှိချိန်တွင် ပိုမိုကျရောက်နိုင် သည်။
ကာကွယ်နည်း
၁။ ခြောက်သွေ့သော ရာသီများတွင် ငြိမ်သက်စွာနေထိုင်၍ အသက်ရှင်နိုင် စွမ်းရှိသည်။ စပါးခင်းများအတွင်း ရေရရှိသောအခါ ပြန်လည်သက်ဝင် လှုပ်ရှားလာပြီး ဖျက်ဆီးတတ်သည်။ ထို့ကြောင့် စပါးပင်ငယ်စဉ်တွင် ခရု အန္တရာယ်ကို သတိပြုကင်းထောက် စစ်ဆေးပါ။
၂။ ပေါင်းမြက်များကို ရှင်းလင်းပါ။
၃။ သွင်းရေမှ ခရုများ ပိုမိုဝင်ရောက် တတ်သဖြင့် အလွယ်တကူ မဝင်ရောက် နိုင်ရန် ရေဝင်ပေါက်များတွင် သံဆန်ခါ စိပ်စိပ်ဖြင့် ပိတ်ထားပြီး ရေသွင်းပါ။
နှိမ်နင်းကုသနည်း
၁။ စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ် နှိမ်နင်းခြင်း
-ကုန်းမြင့်ပိုင်းတွင် ပျိုးပေါင်ဖြင့် ပျိုးထောင်စိုက်ပျိုးပါ။
-ခရုဖျက်ဆီးမှုကို ခံနိုင်ရည်ရှိရန် ပျိုးသက်နောက်ဆုတ်၍ ပျိုးပါ။
-ခရုများအားလုံးကို လွယ်ကူစွာ ဖျက်ဆီးရန် ရေဝပ်ကျင်း၊ ရေအိုင်ငယ် လေးများ၊ စိတ်မြောင်း ပတ်မြောင်းများ ပြုလုပ်ထားပါ။
-စပါးရွှေ့ပြောင်း စိုက်ပြီး (၁၀)ရက် အတွင်း ရေထုတ်ပါ။
-မစိုက်မီ တစ်ဧကလျှင် ထုံး(၁၅၀) ပိဿာနှုန်း ကြဲပက်ပေးပါ။
၂။ လက်လုပ်နည်းဖြင့် ကာကွယ် နှိမ်နင်းခြင်း
-လူအင်အားဖြင့် ဥအတွဲများကို ကောက်ယူဖျက်ဆီးပါ။
-ခရုများ ဥဥရန် ဝါးတိုင်ငယ်လေး များကို အခင်းအတွင်း စိုက်ပေးပြီး ဥများကို ဖျက်ဆီးပါ။
-ရေသွင်း ရေထုတ်မြောင်းများတွင် ဆန်ခါစိပ်စိပ် တပ်ဆင်၍ ကောက်ယူ ဖျက်ဆီးပါ။
-ဆန်ခါခုံးများထဲသို့ ခရု ကြိုက် နှစ်သက်သော သင်္ဘောရွက်၊ ပိန္နဲခွံ၊ နာနတ်ခွံ၊ ဒူးရင်းခွံများထည့်၍ လယ်ထဲ တွင် နေရာအနှံ့ချထားပါ။ နောက်နေ့ မနက်တွင် ၎င်းဆန်ခါများကို သွားရောက် ဆယ်ယူ၍ ပါလာသော ခရုများကို ဖျက်ဆီးပစ်ပါ။
၃။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း
-စိုက်ခင်းအတွင်း ဘဲလွှတ် ကျောင်းပါ။
-ဖြစ်နိုင်ပါက ခရုဥနှင့် အကောင်ငယ် လေးများကို စားစေရန်အတွက် လယ်ထဲ သို့ ငါးများ ထည့်သွင်းမွေးမြူပါ။
-ခရုစုပ်ငှက်များအား သတ်ဖြတ် ခြင်း မပြုရ၊ ကာကွယ်စောင့်ရှောက်ပါ။
-ခရုများကို ဘဲစာ၊ ဝက်စာ၊ ငါးစာ အဖြစ်အသုံးပြုနိုင်သည်။
၄။ ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း
-တစ်ဧကလျှင် စနေးဆိုဒ် (Snailcide 70WP) ဆေးမှုန့်(၁၈၀၊၂၄၀) ဂရမ်နှုန်းဖြင့် ကာကွယ်နှိမ်နင်းပါ။ ခရုဥမြုံများအား ဖျက်ဆီးခြင်းဖြင့် ခရု ကာကွယ်နှိမ်နင်းခြင်း၏ ၈၀ ရာခိုင်နှုန်း ပြီးမြောက်နိုင်သည်။
ရွှေခရု ကာကွယ်နှိမ်နင်းခြင်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ရွှေခရု ကောက်ပွဲ ကျင်းပခြင်းဖြင့်လည်း ကာကွယ်နှိမ်နင်းနိုင်ကြောင်း တင်ပြ လိုက်ရပါသည်။
ချစ်သက်လယ်(အိမ်မဲ)