စပိန်နိုင်ငံ၏ တန်းတူညီမျှရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရ

မက်ဒရစ်   မတ်   ၁၂
 
စပိန် နိုင်ငံ၏ တန်းတူညီမျှရေးဝန်ကြီးတွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု စမ်းသပ်တွေ့ရှိရ သဖြင့် ဝန်ကြီးသည် ၎င်း၏ခင်ပွန်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်နှင့် ပိုဒီမို့စ်(Podemos) ပါတီ၏ အကြီးအကဲ ပါဘလို အီဂလဲဆီးယပ်စ်နှင့်အတူ သီးခြားခွဲခြားစောင့်ကြည့်မှု ခံယူနေရကြောင်း ကြာသပတေးနေ့ က ထုတ်ပြန်သည့် အစိုးရကြေညာချက်တွင် ဖော်ပြသည်။ 
 
ဝန်ကြီး အီရီနီ မွန်တီရို၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်ကြောင်း၊ ဒုတိယ ဝန်ကြီးချုပ် ပါဘလို အီဂလဲဆီးယပ်စ် ကိုလည်း အခြေအနေအရ သီးခြားခွဲခြားထားရှိကြောင်း ယင်းကြေညာချက်တွင် ဖော်ပြသည်။ ယနေ့နံနက်တွင် အစိုးရအဖွဲ့ဝင်များအားလုံး စမ်းသပ် စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း၊ ရလဒ်များကို နောက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း  ယင်းကြေညာချက်တွင် ဖော်ပြသည်။
 
ကိုရိုနာဗိုင်းရပ်စ်ပြဿနာကို တုံ့ပြန်နိုင်ရေး အရေးပေါ်လုပ်ငန်းစီမံချက်တစ်ရပ်ကို  ဆွေးနွေး ရန်အတွက်  အစိုးရအဖွဲ့အထူးအစည်းအဝေးမကျင်းပမီ  နှစ်နာရီမျှအလိုတွင် ယင်းကြေညာချက် ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။   အစည်းအဝေးကို   ဆက်လက်ကျင်းပမည် ဖြစ်သော်လည်း  အစည်းအဝေး မဖြစ်မနေတက်ရောက်ရန်လိုအပ်သည့် ဝန်ကြီးများသာ ပါဝင်မည်ဖြစ်ကြောင်း၊  ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်၏ လာမည့်အစည်းအဝေးများကို ဗီဒီယိုကွန်ဖရင့်ဖြင့်   ပြုလုပ်မည် ဖြစ်ကြောင်း  ယင်းကြေညာချက်တွင် ဖော်ပြသည်။
 
ကိုးကား - အေအက်ဖ်ပီ  
ဘာသာပြန် - အောင်ဇော်လင်း