COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့ လျက်ရှိသည့်  COVID-19 ရောဂါ  ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍  ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။    (၂၉-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီမှ (၁-၃-၂၀၂၀) ရက်နေ့၊ ညနေ(၆:၀၀)နာရီအထိ စောင့်ကြည့်လူနာ အသစ် ထပ်မံမတွေ့ရှိရပါ။ သို့ဖြစ်ပါ၍ စောင့်ကြည့်လူနာနှင့် သံသယလူနာ စုစုပေါင်း (၄၅) ဦးရှိခဲ့ပြီး ၎င်းတို့အားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း သိရှိရပါသည်။ COVID-19 ရောဂါပိုး မတွေ့ရှိရသော်လည်း ဆေးရုံဆင်းခွင့် သတ်မှတ်ချက်အရ ဝေဘာဂီအထူးကုဆေးရုံတွင် (၃) ဦးနှင့် မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် (၁) ဦး စုစုပေါင်း လူနာ (၄) ဦးအား ဆက်လက်ထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာအားလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါ သည်။
၃။    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေး သော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားခြင်းများမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန