COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ခံနေရသည့် ထိုင်းနိုင်ငံ စမွတ်စခွန်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအစိုးရက စားနပ်ရိက္ခာများထောက်ပံ့

 

 

နေပြည်တော် ဇန်နဝါရီ ၂၄

 

လတ်တလော COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကြောင့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ငါး၊ ပုစွန်ဈေးဧရိယာတွင် အသွားအလာကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာအစိုးရမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။

သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် သံရုံး၊ စစ်သံရုံး၊ အလုပ်သမားသံအရာရှိရုံးတို့မှ တာဝန်ရှိသူများက စမွတ်စခွန်ခရိုင် တလာကုပုစွန်ဈေးအနီး အသွားအလာ ကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အိမ်ခန်း ၁၃၅၀ ခန့်အတွက် ဆန် ၅ ကီလိုဝင်အိတ် ၁၃၅၀၊ ဆီ တစ်လီတာဘူး ၁၃၅၀၊ ပဲ ၅၀၀ ဂရမ်ပါ အိတ် ၁၃၅၀၊ ကြက်ဥ ၁၅ လုံးပါကတ် ၁၃၅၀၊ စည်သွပ်ဘူး ၁၀ ဘူးပါ ကတ် ၁၃၅၀၊ သောက်ရေသန့် ခြောက်လီတာပါဘူး ၉၄၅၀ တို့အား ယမန်နေ့က သွားရောက်လွှဲပြောင်းပေးအပ် ခဲ့သည်။

ထို့အတူ မြန်မာသံရုံး ဒုတိယအကြီးအကဲ သံအမတ် ဦးစန်းဦးမောင် ဦးဆောင်သည့် သံရုံး၊ အလုပ်သမား သံအရာရှိရုံး၊ အချက်အလက်ကောက်ယူရေးဌာနခွဲ(မဟာချိုင်)မှ တာဝန်ရှိသူများက စမွတ်စခွန်ခရိုင် တလေထိုင်း ငါးဈေးအနီး မြန်မာရွှေ့ပြောင်းအလုပ်သမား အိမ်ခန်း ၃၆၀ အတွက် ဆန် ၅ ကီလိုဝင်အိတ် ၃၆၀၊ ဆီ တစ်လီတာ ဘူး ၃၆၀၊ ပဲ ၅၀၀ ဂရမ်ပါ အိတ် ၃၆၀၊ ကြက်ဥ ၁၅ လုံးပါ ကတ် ၃၆၀၊ စည်သွတ်ဘူး ၁၀ ဘူးပါ ကတ် ၃၆၀၊ သောက်ရေ သန့် ခြောက်လီတာပါဘူး ၂၅၂၀ တို့အား ယမန်နေ့က သွားရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာအလုပ်သမားများ အသွားအလာကန့်သတ်ခံရ သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၉ ရက်မှ စတင်၍ မြန်မာ သံရုံး ဗန်ကောက်မြို့နှင့် အလုပ်သမားသံအရာရှိရုံးတို့ သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် အမြဲမပြတ် ဆက်သွယ်လျက် လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများ ကို အချိန်နှင့်တစ်ပြေးညီရရှိရေး ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် အဆိုပါဒေသတွင် လတ်တလော COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေမှုဖြစ်စဉ်နှင့် ဆက်စပ်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ရောဂါကူးစက်ခံနေရ သူများ၊ အသွားအလာကန့်သတ်ခံနေရသူများ) အနေဖြင့် ကျန်းမာရေး၊ နေထိုင်စားသောက်ရေးအပါအဝင် ရုပ်ပိုင်း ဆိုင်ရာအားဖြင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့်သော်လည်းကောင်း၊ ထိခိုက်ခံစားရမှုများ မရှိစေ ရန်အတွက် ကာကွယ်စောင့်ရှောက်မှုပေးရန် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ၎င်းတို့ အသွားအလာကန့်သတ် ခံနေရစဉ်အတွင်း နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ရှေးရှုလျက် ယခုကဲ့သို့စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေး ခြင်းဖြစ်ပြီး ဆက်လက်၍လည်း မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန စမွတ်စခွန်ခရိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်လျက် ၎င်းတို့ထံ သွားရောက် တွေ့ဆုံအားပေးပြီး ဆက်လက်ကူညီဆောင်ရွက်ပေးသွား ရန် ညွှန်ကြားထားကြောင်း သိရသည်။

သတင်းစဉ်