Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးနေမှု ကြည့်ရှုအားပေး

 

 

နေပြည်တော် ဇန်နဝါရီ ၂၇

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်း တွင် သားဖွားသင်တန်းကျောင်း (နေပြည်တော်)၌ ကျန်းမာရေးဝန်ထမ်း များအား အိန္ဒိယနိုင်ငံမှ ထောက်ပံ့ သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးနေမှု ကို သွားရောက်ကြည့်ရှုပြီး အားပေး စကားပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နံနက် ၁၁ နာရီတွင် သားဖွား သင်တန်းကျောင်း (နေပြည်တော်)သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသူနှင့် ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ်များ၊ ကာကွယ်ဆေး ထိုးရန် မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်သတင်းပို့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးနေမှုကို ကြည့်ရှုရာ ပါမောက္ခ ဒေါက်တာ‌ကျော်ကျော်ဦးက ကာကွယ် ဆေးထိုးနှံသည့်နေရာများတွင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိ မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ထိန်းသိမ်းထား

ထိုသို့ကြည့်ရှုစဉ် လာရောက်သတင်းရယူကြသည့် သတင်းမီဒီယာများက ကိုဗစ်-၁၉ ကာကွယ်ဆေး (COVI-SHIELD)ထိုးနှံမှုနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အသိပေး ပြောကြားလိုသည့် အချက်များကိုမေးမြန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ရောက်ရှိပြီဆိုသော်လည်း ချက်ချင်းအားလုံးထိုးနှံရန် ရောက်လာမည်မဟုတ်ပါ ကြောင်း၊ ယခုအနေအထားတွင် သတိထားရန်လိုကြောင်း၊ မပေါ့ဆကြစေလိုကြောင်း၊ တချို့ပြည်သူများ အနည်းငယ် ပေါ့ဆသွားမည်ကို စိုးရိမ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်နိုင်ပါက လိုသလောက်အသုံးပြု၍ရပါကြောင်း၊ ယခုအချိန်တွင် အခြားနိုင်ငံမှ တင်သွင်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့လိုချင်သလောက် ဝယ်ယူ၍ရမည် မဟုတ်ပါကြောင်း၊ သို့ဖြစ်၍ ယခုအချိန်တွင် ပြည်သူများအနေဖြင့် သတိထားစေ လိုကြောင်း၊ ယခုအခါတွင်လည်း ကူးစက်မှုနှုန်း ကျဆင်း လာပြီဖြစ်သည့်အတွက် ယင်းကို ဆက်လက်ထိန်းသိမ်းထားကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ မှုနှင့်ပတ်သက်၍ အတွေ့အကြုံမရှိသည့်အတွက် ပြည်သူ များ စိုးရိမ်ကြသည်မှာ သဘာဝကျပါကြောင်း၊ ကာကွယ် ဆေးထိုးနှံပြီးသူများကို နာရီဝက်ခန့်စောင့်ကြည့်ပြီး စိတ်ချ ရမှုရှိမှသာ ပြန်လည်ထွက်ခွာခွင့်ပြုရန် လိုအပ်ပါကြောင်း ပြောကြားသည်။

အားပေးစကားပြောကြား

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ပထမဆုံးထိုးနှံသည့် ကျန်းမာရေးဝန်ထမ်းအမျိုးသမီးနှစ်ဦးနှင့် ကာကွယ်ဆေး ထိုးနှံရန် ရောက်ရှိနေကြသည့် ကျန်းမာရေးဝန်ထမ်းများကို အားပေးစကား ပြောကြားသည်။

ဒုတိယအကြိမ် ပြန်လည်ထိုးနှံသွားရမည်

ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းရှိ အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးကြောင်း၊ ယခု ကိုဗစ်-၁၉ ကာကွယ်ဆေး (COVI-SHIELD) ထိုးနှံပြီးသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံသွားရ မည်ဖြစ်ကြောင်း သိရသည်။

အမြန်ဆုံးသွားရောက် ပြသသင့်

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပါက နာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းစသည်တို့ ခံစားရတတ်ကြောင်း၊ ပုံမှန်အားဖြင့် အဆိုပါလက္ခဏာများ သည် ၂၄ နာရီအတွင်း သက်သာပျောက်ကင်းလေ့ရှိကြောင်း၊ မသက်သာဘဲ ပိုမိုပြင်းထန်လာလျှင်လည်းကောင်း၊ အခြား ပြင်းထန်လက္ခဏာများ ခံစားရလျှင်လည်းကောင်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသသင့် ကြောင်း အသိပေးထားသည်။

ယနေ့နံနက်ပိုင်းမှစတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်ဆေးရုံကြီးများ၊ ခရိုင်အဆင့်ဆေးရုံများနှင့် မြို့နယ် အဆင့် ဆေးရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVI-SHIELD) ထိုးနှံပေးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၃၈၀၀ ကျော် ကိုလည်း သတ်မှတ်နေရာများနှင့် သက်ဆိုင်ရာ မြို့နယ် ဆေးရုံများတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်