
ကျွန်မတို့ အခု ကိုဗစ်ရောဂါကနေစပြီးတော့ ပြောရမယ်ဆိုရင် အရင် ငါးရက်အတွင်းကတော့ ၁၀၀၀ အောက် ကျလာပါတယ်။ ရောဂါကူးစက်တဲ့ သူတွေ ၁၀၀၀ အောက် ကျလာတယ်ဆိုတော့ ဒါတိုးတက်မှုလို့ ပြောရပေမယ့် လည်း သိပ်ကြီးကောင်းပြီလို့တော့ ပြောလို့မရသေးပါဘူး။ ဒါပေမယ့်လည်း အားလုံးဝိုင်းဝန်းပြီးတော့ ထိန်းချုပ်ပေးဖို့၊ ဒီရောဂါကို ထိန်းချုပ်ပေးဖို့ ကြိုးစားကြလို့ ကျေးဇူးတင်တယ်လို့ ကျွန်မပြောချင်ပါတယ်။ ဒါဆက်ပြီးတော့ ထိန်းသိမ်းထားကြပါ။ အဲဒီတော့ ကျွန်မတို့အနေနဲ့ အခုဆိုရင် အဓိက ဦးတည် နေတာကတော့ ကာကွယ်ဆေးပေါ့။ ကာကွယ်ဆေးကို လူ (၁၅) သန်းအတွက်၊ ဝယ်ယူဖို့အတွက် အခု ကျွန်မတို့ အဖွဲ့တစ်ဖွဲ့ အိန္ဒိယနိုင်ငံမှာ ရောက်နေပါ တယ်။ ဒီကာကွယ်ဆေးဝယ်ယူရေးကိစ္စတွေနဲ့ ပတ်သက်လို့ဆိုရင် နောက် တစ်ပတ်လောက်အတွင်းမှာ တိတိကျကျပိုပြီးတော့ သိရပါလိမ့်မယ်။
ကျွန်မတို့ဟာ ကာကွယ်ဆေးဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ၊ အားလုံး အဆင်သင့်ရှိပြီးပြီဆိုတာနဲ့ မကြာခင်ကာလမှာ ကာကွယ်ဆေးထိုးတဲ့ အစီ အစဉ်တွေစဖို့လည်း ကျွန်မတို့စီစဉ်ထားပြီးပါပြီ။ တစ်တိုင်းပြည်လုံးမှာပေါ့။ ကျွန်မတို့က တစ်ဆင့်ပြီးတစ်ဆင့် ဦးစားပေးမှာဆိုတော့ ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးက ကျွန်မတို့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။ အဲဒါပြီးတော့မှ နောက် ကျွန်မတို့အနေနဲ့ နိုင်ငံအတွက်ရော၊ ပြည်သူတွေ အတွက်ရော လိုအပ်ချက်အရ ကျွန်မတို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေးရပြီးတာနဲ့လည်း လနဲ့ချီပြီးမှ ကျွန်မတို့ တစ်တိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးပေးလို့ပြီးမှာပါ။ ဒါကြောင့် ဒီကြားထဲမှာ သိပ်ပြီးတော့ သတိထားဖို့လိုပါတယ်။ ပန်းတိုင်မြင်ရ တဲ့အချိန်မှာမှ ခလုတ်တိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေ ဒီကြားထဲမှာ ကာကွယ်ဆေးမရောက်ခင်ပေါ့။ ဒါ လပိုင်းနဲ့ချီပြီး တော့ ကြာနိုင်ပါတယ်လို့ ကျွန်မထပ်ပြောပါရစေ။ ဒီကြားထဲမှာ ရောဂါ မကူးစက်အောင်လို့၊ ကိုယ့်ဆီကလည်း သူများမကူးစက်အောင်လို့၊ သူများဆီ ကလည်း မကူးစက်အောင်လို့ သတိနဲ့နေကြပါလို့ ကျွန်မထပ်လောင်းပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုစပြီးတော့လည်း နည်းနည်း တော့ ကျလာပြီ။ နည်းနည်းတော့ကျလာပြီဆိုတော့ များများကျလာအောင် လို့ ကျွန်မတို့လုပ်ရမယ်။ ဆက်ပြီးတော့ကျရမယ်။ အားလုံး တစ်ခါတည်း ပျောက်ကင်းသွားအောင်လို့ ကျွန်မတို့ကြိုးစားရမယ်။
နောက်ပြီးတော့ ကာကွယ်ဆေးနဲ့ တစ်ဖက်ကထိန်းသွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံအနေနဲ့ ပုံမှန်ပြန်ပြီးတော့ လည်ပတ်လို့ရမှာပါ။
တချို့ကမ္ဘာ့နိုင်ငံတွေမှာဆိုရင် အခုကပြောရတာတောင်မှ လှိုင်းက နံပါတ် ဘယ်လောက် ရောက်နေမှန်းမသိပါဘူး။ တတိယလှိုင်းလား၊ စတုတ္ထလှိုင်းလား၊ ပဉ္စမလှိုင်းလား။ ပိုပိုပြီးတော့ ဆိုးလာတဲ့နေရာတွေရှိပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အခုဘယ်လိုမှ ပေါ့လို့ မရတော့ဘူးဆိုတာကို ကျွန်မထပ်ပြီးတော့ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ ဒီအချိန်က ခရစ္စမတ်ကာလလည်း ဖြစ်ပါပြီ။ မနက်ဖြန်ဆိုရင် ခရစ္စမတ်နေ့ ဖြစ်ပါလိမ့်မယ်။ မကြာခင်မှာဆို နှစ်သစ်ကူးနေ့ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့်လည်း သတိပေးတာကတော့ တစ်ဖက်ပေါ့။ ဒီလို ခရစ္စမတ်အချိန်၊ နှစ်သစ်ကူးအချိန်မှာ သိပ်ပြီးတော့ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်ချင်တဲ့စိတ်နဲ့ စည်းမျဉ်းစည်းကမ်း၊ ရောဂါကာကွယ်ရေးစည်းမျဉ်း စည်းကမ်းတွေ ချိုးဖောက်တဲ့အခြေအနေမျိုးကို မရောက်ပါစေနဲ့လို့ သတိပေး ချင်တာ တစ်ဖက်၊ တစ်ဖက်ကလည်း ဒီအချိန်မှာတော့ ကျွန်မကနေပြီးတော့ နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာပို့ချင်ပါတယ်။ ကျွန်မတို့ရဲ့ ခရစ်ယာန်ဘာသာ ဝင်များသာမက ကျွန်မတို့ ပြည်သူပြည်သားများအားလုံးနဲ့ ကမ္ဘာသူကမ္ဘာသား များအားလုံး ဒီလိုအချိန်ကာလမှာ ငြိမ်းချမ်းရေးနဲ့ ပြည့်ဝကြပါစေ။ ရွှင်လန်း ခြင်းနဲ့ ပြည့်ဝကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။