Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်း

 

အရင်အပတ်ကဆိုရင် နည်းနည်း ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ပြည်သူ နည်းနည်းများလာတယ် ပေါ့။ ဒါကတော့ ကျွန်မတို့ ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ ဒီတစ်ပတ် နှစ်ပတ်လည်း ဒီလိုပဲ ရှိနေမယ် လို့ ထင်ပါတယ်။ ဒါပေမယ့် ထိန်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဆက်လက် ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ထပ်တလဲလဲပြောပါတယ်။ Mask တွေနဲ့ Face Shield တွေကို တတ်နိုင်သမျှတပ်ပါ။ အပြင်မထွက် ဘဲ နေနိုင်ရင်နေပါ။ အထူးသဖြင့် နောက်တစ်ပတ်နှစ်ပတ်အတွင်းမှာပေါ့။ ကျွန်မတို့လည်းဖြေလျှော့ ပေးဖို့လည်း အများကြီးကြိုးစားနေပါတယ်။
ဒီတော့ အခြေအနေတွေ နည်းနည်းထိန်းလို့ရလာတာနဲ့အမျှ ပြန်ပြီးတော့ ဖြေလျှော့ပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေရဲ့ စိတ်ဖိစီး မှုတွေလည်း သက်သာအောင်လို့၊ နောက်စီးပွားရေးလည်း ပြန်ပြီးလည်ပတ် အောင်လို့ပါ။ အရင်အပတ်က ကျွန်မပြောထားတဲ့အတိုင်းပဲပေါ့။ စီးပွားရေး အခုရေတိုအတွင်းမှာ လည်ပတ်ဖို့ရော၊ ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ကိုက်ညီ ဖို့ရော၊ ပြည်သူကို ပညာပေးတဲ့ စီးပွားရေးအစီအစဉ်တွေ၊ ပြည်သူတွေအနေနဲ့ ပါဝင်ပြီးတော့ လုပ်နိုင်မယ့် စီးပွားရေးလုပ်ငန်းလေးတွေ၊ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို ဒီအပတ်စပြီးတော့ ရုပ်မြင်သံကြားမှာ လွှင့်ပါ့မယ်။ နောက် ဗုဒ္ဓဟူးနေ့မှာ တစ်ခု၊ နောက်ပြီး ကြာသပတေးနေ့မှာ တစ်ခု၊ ဗုဒ္ဓဟူးနေ့ကတော့ ပိုပြီးတော့ ပညာပေးအနေနဲ့ ကြာသပတေးနေ့ကျတော့ ပညာပေးလည်း ဖြစ်တယ်။ လက်တွေ့ကျကျတွေ ဘယ်လိုဆောင်ရွက်နေကြတယ်၊ ဘယ်လို ဆောင်ရွက်လို့ ရတယ်ဆိုတာကိုလည်း ပြမှာဖြစ်ပါတယ်။
ဒီလိုအစီအစဉ်တွေ အကြောင်းပြောရင်းနဲ့ ကျွန်မ တစ်ခုမေတ္တာရပ်ခံချင် ပါတယ်။ အဲ့ဒါကတော့ ဖြစ်နိုင်ရင် သတင်းစာတွေကို ဖတ်စေချင်ပါတယ်။ နိုင်ငံတော် သတင်းစာတွေ၊ အဲဒါက သတင်းစာရောင်းချင်လို့ ကျွန်မပြောတာ မဟုတ်ပါဘူး။ ရောင်းလို့ ကောင်းရင်လည်း ကောင်းတာပေါ့။ ဒါပေမယ့် ဘာဖြစ်လို့ပြောရလဲဆိုတော့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ နောက်တခြားအစိုးရဌာန အသီးသီးက ထုတ်ပြန်ထား တဲ့ ကြေညာချက်တွေကို တချို့တွေက သေသေချာချာ မဖတ်ဖြစ်ကြဘူး။ သေသေချာချာ ဂဃဏနပေါ့။ ဘာတွေပြောထားသလဲဆိုတာ မသိကြဘူး ဆိုတာ ကျွန်မ သတိပြုမိပါတယ်။ ဖုန်းထဲမှာ ကြည့်တဲ့အခါကျရင် တစ်ခါ တလေလည်း အစအဆုံး မကြည့်လိုက်မိတာလား၊ ရုပ်မြင်သံကြားမှာလည်း မကြားမိတာလားတော့ မသိဘူး။ တချို့တွေကနေပြီးတော့ စည်းမျဉ်း စည်းကမ်းတွေ၊ ချမှတ်ထားတဲ့အကြံပြုချက်တွေပေါ့။ ဒါတွေ သေသေချာချာ မသိတာကို သတိထားမိပါတယ်။
အဲဒီတော့ သတင်းစာဖတ်တယ်ဆိုရင် သတင်းစာထဲမှာ ကြေညာချက် တွေအားလုံး ပါပါတယ်။ တရားဝင်ထုတ်ပြန်ထားတာ၊ ဌာနအသီးသီးက ထုတ်ပြန်ထားတာ၊ နောက်ပြီးတော့ ကျန်းမာရေးအထူးပြုပေါ့။ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ဟာတွေ အဲ့ဒါကြောင့် ကြည့်စေ ချင်ပါတယ်။ နောက်တစ်ခုကလည်း facebook တို့ တယ်လီဖုန်းကနေ တစ်ဆင့် ကြည့်နိုင်တဲ့ဟာတွေ ရှိတာပဲလို့ တချို့က ထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါ တစ်ခါတလေလည်း မပြည့်စုံတာ အပြင်မှာ သတင်းစာဖတ်တာက ဖုန်းကြည့် တာထက် အများကြီး မျက်လုံးသက်သာပါတယ်။ အဲဒါကြောင့် သတင်းစာဖတ် စေချင်တယ်။
ဒီ အပြင်လည်း ဘာဖြစ်လို့ သတင်းစာတွေကို ဖြစ်နိုင်ရင်ဖတ်စေချင်လည်း ဆိုတာ အခုတစ်လောဆိုရင် ရန်ကုန်တက္ကသိုလ်ရာပြည့်နဲ့ ပတ်သက်ပြီးတော့ ဆောင်းပါးတွေ၊ ဘာတွေအများကြီး သတင်းစာတွေထဲမှာ ပါပါတယ်။ နိုင်ငံ တော် သတင်းစာတွေထဲမှာပေါ့။ တခြားဂျာနယ်တွေ ဘာတွေမှာလည်း ပါမှာ ပါ။ နောက်အရင်တစ်လောကဆိုရင် မြန်မာ့ရုပ်ရှင်ရာပြည့်၊ အဲဒီလိုဆောင်းပါး တွေဟာ အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။ ဗဟုသုတလည်း ရတယ်။ အခုလိုအိမ်မှာနေရတဲ့အချိန်မှာ၊ ကိုဗစ်ကာလကြောင့် အပြင်မထွက်နိုင်တဲ့ အချိန်မှာဆိုရင် ဒီလိုဟာတွေ ဖတ်ခြင်းအားဖြင့် ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို အများကြီးသိနိုင်ပါတယ်။ ရုပ်ရှင်ရာပြည့်ဆိုတာ ရုပ်ရှင်တစ်ခုတည်း အကြောင်း မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ အနုပညာအကြောင်း ဖြစ်ပါတယ်။ နောက် အနုပညာရှင်ကြီးတွေနဲ့ အင်တာဗျူးလုပ်ထားတာတွေ၊ အနုပညာရှင်ကြီးတွေ အကြောင်းပါတဲ့ ဆောင်းပါးတွေပေါ့။ ရန်ကုန်တက္ကသိုလ်လည်း ဒီလိုပါပဲ။ တချို့က ရန်ကုန်တက္ကသိုလ်မှာ ကိုယ်တိုင်စာမသင်ခဲ့ရလို့ စိတ်မဝင်စားဘူးလို့ အဲဒီလိုမထင်ပါနဲ့။ ရန်ကုန်တက္ကသိုလ်တစ်ခုတည်း အကြောင်းမဟုတ်ပါဘူး။ ဒီဆောင်းပါးတွေ ဖတ်လိုက်ရင် ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း၊ ပညာရေးသမိုင်းအကြောင်းကိုပါ အများကြီးသိလာနိုင်ပါတယ်။ အဲဒီလို ဆောင်းပါးတွေကို လေ့လာနိုင်ဖို့ အချိန်လည်း အခုက ရှိတယ်ပေါ့၊ အိမ်မှာ နေရတဲ့အခါမှာ။
နောက်တစ်ခုကလည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းသိဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကိုသိမှသာလျှင် ဒီနိုင်ငံရဲ့ အနာဂတ်လိုအပ်ချက်တွေကို ပိုပြီးတော့ သဘောပေါက်မှာပါ။ နောက်ပြီးတော့ ကိုယ့်နိုင်ငံရဲ့အစွမ်းအစတွေ၊ ကိုယ့်နိုင်ငံ‌ရဲ့ အားနည်းချက်တွေ၊ အားသာချက် တွေကိုလည်း ဒီသမိုင်းကို လေ့လာခြင်းအားဖြင့် အများကြီးသိနိုင်ပါတယ်။ ဒါကတော့ သင်ပုံသင်နည်းစနစ်ရဲ့ အားနည်းချက်ကြောင့်လည်း ပါတာပေါ့။ တချို့ကဆိုရင် သမိုင်းဆိုတာဟာ အလွတ်ကျက်တဲ့ ဘာသာရပ်တစ်ခုဆို ပြီးတော့ စိတ်မဝင်စားကြဘူး။ ဘယ်နှစ်မှာ ဘာဖြစ်တယ်၊ ဘယ်တုန်းက ဘယ်မင်းက ဘယ်လောက်ကြာကြာ ဘာလုပ်သွားတယ် စသဖြင့်ပေါ့။ အဲဒီလို မြင်ကြပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ သမိုင်းဆိုတာ တကယ်လေ့လာတတ် ရင်၊ သမိုင်းကို သုံးသပ်တတ်ရင် ကျွန်မတို့ နိုင်ငံသမိုင်းတင်မဟုတ်ဘူး ကမ္ဘာ့ သမိုင်းပေါ့။ ပြောရမယ်ဆိုရင် လူသားတွေရဲ့ သမိုင်းပေါ့။ လူသားတွေဆိုတာ ခေတ်အဆက်ဆက်၊ ခေတ်ပေါင်းများစွာ ဘယ်လိုစိန်ခေါ်မှုတွေကို ကျော်လွှား ခဲ့တယ်။ ယဉ်ကျေးမှုတွေက ဘယ်လိုပြောင်းလဲခဲ့တယ်။ အခုခေတ်မှာဆိုရင် အရင်ခေတ်တွေနဲ့ ဘယ်လိုကွာခြားတာတွေရှိသလဲ။ ဒါတွေကို အများကြီး သိနိုင်ပါတယ်။ သိခြင်းအားဖြင့်လည်း ကျွန်မတို့အနေနဲ့ အနာဂတ်ကို ဘယ်လို အကောင်းဆုံးဖြစ်အောင် ဆောက်တည်နိုင်မလဲဆိုတဲ့ အကြံဉာဏ်တွေ၊ အတွေး အခေါ်တွေလည်း ရနိုင်ပါတယ်။ ဒါကြောင့် ကျွန်မကနေပြီးတော့ နိုင်ငံတော် သတင်းစာတွေကိုလည်း တတ်နိုင်သလောက်ဖတ်ပါ။ သတင်းစာတွေက သိပ်ပြီးတော့ ဈေးကြီးကြီးပေးရတာမျိုး မဟုတ်ပါဘူး။ ပြန်ကြားရေးဝန်ကြီး ဌာနကို အားပေးစေချင်လို့ ပြောတာမဟုတ်ပါဘူး။ အားပေးသင့်တဲ့ အခါတော့ လည်း အားပေးတာတော့ မမှားပါဘူး။ အဲဒါတော့ ကျွန်မတိုက်တွန်းချင်ပါတယ်။
နောက်ပြီးတော့ စောစောကကျွန်မပြောတဲ့အတိုင်းပဲ ဖြေလျှော့ပေးနိုင်တဲ့ ကိစ္စတွေ အားလုံးဖြေလျှော့ပေးပါမယ်၊ အခြေအနေကောင်းလာတာနဲ့အမျှ၊ အဲဒါကြောင့်မို့လို့ ဒါတွေကိုလည်း သတင်းစာတွေထဲမှာကြည့်လို့ရှိရင် ဘာတွေ ဘယ်လို စီစဉ်နေတယ်ဆိုတာကိုလည်း သိရပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့ စီးပွားရေး သုံးသပ်ချက်အနေနဲ့မဟုတ်ဘဲနဲ့ အခု ဘာတွေလုပ်နေတယ်၊ ဘာတွေ ဖြစ်နေ တယ်၊ ဘယ်တိုင်းဒေသကြီးတွေမှာ စီးပွားရေးနဲ့ ပတ်သက်လို့ ဘယ်လိုစီမံကိန်း တွေ ဖော်ထုတ်နေတယ်၊ အကောင်အထည်ဖော်မယ်၊ အဲဒါတွေလည်း သိနိုင် ပါတယ်။ အဲဒီလို သိခြင်းအားဖြင့် ကိုယ့်ရပ်ကိုယ့်ရွာအကြောင်းတင်မကဘဲ ကိုယ့်နိုင်ငံတစ်ဝန်းမှာ စီးပွားရေးအခြေအနေတွေ ဘယ်လိုရှိသလဲ၊ ဘယ်လို လိုအပ်ချက်တွေရှိသလဲ၊ ဘယ်လိုအခွင့်အရေးတွေ ရှိနိုင်မလဲဆိုတာကိုလည်း ဗဟုသုတရှာနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ သတင်းစာတွေထဲမှာ ဆိုရင် ပုံမှန်ပဲ ကိုယ့်နိုင်ငံရဲ့အခြေအနေတင်မကဘဲ နေ့တိုင်းနေ့တိုင်း ဒါကတော့ ဖုန်းမှာ ကြည့်ရင်လည်းရပါတယ်။ ကျွန်မပြောသလိုပေါ့။ သတင်းစာကျတော့ အေးအေးဆေးဆေး သေသေချာချာလေ့လာလို့လည်းရတယ်။ နောက်ပြီးတော့ ဖုန်းနဲ့စာရင် မျက်လုံးသက်သာတာပေါ့။ အဲဒီအထဲမှာဆိုရင် နေ့စဉ်နေ့စဉ် ဘယ်နှယောက် ရောဂါရှိတာကို တွေ့ခဲ့ရပြီ၊ ဘယ်နှယောက် သက်သာ သွားပြီ၊ ဘယ်နှယောက်သေဆုံးသွားတယ်။ ဒါတွေအားလုံးကို မြင်ရမှာဖြစ် ပါတယ်။ နောက်ပြီး ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ရောဂါအခြေအနေ ဘယ်လိုရှိ သလဲဆိုတာကိုလည်း သတင်းစာတွေထဲမှာပါပါတယ်။ ဘယ်နိုင်ငံမှာဆိုရင် ဘယ်လိုအခြေအနေတွေရှိပြီ၊ ဘယ်လိုစည်းကမ်းတွေ သတ်မှတ်တယ်၊ စီးပွားရေးနဲ့ပတ်သက်လို့ ဘယ်လိုသက်ရောက်မှုတွေရှိနေပြီ စသဖြင့်ပေါ့။ အဲဒီတော့ အဲဒီသတင်းစာတွေ ဖတ်လိုက်တဲ့အခါမှာ အခုကမ္ဘာတစ်ဝန်းက ကိုဗစ်ရောဂါ မကျသေးဘူးဆိုတာကို တွေ့ရပါမယ်။ တချို့နိုင်ငံတွေမှာ တက်နေ တုန်းပဲ ရှိပါသေးတယ်။ ဖြစ်ပွားမှုက တစ်နေ့ထက်တစ်နေ့ ပိုပြီးများလာတာကို တွေ့ရပါတယ်။ များလာပြီးတော့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို အမျိုးမျိုး စဉ်းစားနေရတာကိုလည်း တွေ့ရပါတယ်။
နောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပြင် တခြားကျန်းမာရေးနဲ့ပတ်သက်လို့ သုတေသနတွေလုပ်ထားတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုထားတာ တွေ၊ သုံးသပ်ထားတာတွေ၊ ဒါတွေကိုလည်း ဖတ်လို့ရပါတယ်။ အဲဒီလိုလုပ်ခြင်း အားဖြင့်၊ အဲဒီလိုဖတ်ခြင်းအားဖြင့် ကိုဗစ်ရောဂါရဲ့အခြေအနေဟာ ဘယ်လို ရှိသလဲဆိုတာ သိပြီးတော့ မပေါ့သင့်တဲ့နေရာမှာ မပေါ့ဖို့လည်း သတိပေးရာ ရောက်ပါတယ်။ တစ်ချိန်တည်းမှာလည်း ကျွန်မတို့ စိတ်ဓာတ်ကျမှာ မဟုတ် ပါဘူး။ နိုင်ငံတော်တော်များများနဲ့စာရင် ကျွန်မတို့နိုင်ငံမှာ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တယ်လို့ ကျွန်မ ဒီလိုမြင်ပါတယ်။ ဒီလိုထိန်းထားနိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းကလည်း ပြည်သူကိုယ်တိုင် ပါဝင်လို့ပါပဲ။ ဒီဟာက ဘယ်နှခါပဲပြောပြော အမှန်တရားကတော့ အမှန် တရားအနေနဲ့ ရပ်တည်နေမှာပါ။ ပြည်သူမပါလို့မဖြစ်ပါဘူး။ နောက်ဆုံး တချို့ နိုင်ငံတွေမှာ ရောဂါကို မထိန်းနိုင်တာဟာ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်မှုက နည်းနည်းအားနည်းတယ်လို့ မြင်ပါတယ်။ ဒါတော့ သူ့တိုင်းပြည်နဲ့သူဆိုတော့ ကျွန်မလည်း ဘာမှမပြောလိုပါဘူး။ သူတို့ရဲ့စနစ်နဲ့ သူတို့ပေါ့။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာ အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တာဟာ ပြည်သူ တွေရဲ့ကျေးဇူးကြောင့်လို့ ကျွန်မ ဒီလိုသတ်မှတ်ပါတယ်။
ဒါပေမယ့် ကျွန်မတို့နိုင်ငံထက်ပိုပြီးတော့ အခြေအနေကောင်းတဲ့ ပိုပြီး တော့ ကောင်းကောင်းထိန်းထားနိုင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အဲဒီဟာ လည်း မြင်ရမှာပါ။ ကျွန်မတို့ ပိုပြီးတော့ ကောင်းနိုင်တယ်၊ အခြေအနေပိုပြီး ကောင်းအောင် လုပ်နိုင်တယ်ဆိုတာကိုလည်း နှလုံးသွင်းဖို့တော့ သတိပေးချင် ပါတယ်။ ပြီးတော့ ကျွန်မစောစောက ပြောတဲ့အတိုင်းပဲပေါ့။ ကျွန်မတို့အနေနဲ့ ဖြေလျှော့ပေးနိုင်တာကို ဖြေလျှော့ပေးနိုင်တယ်။ စီးပွားရေးကြောင့်ရော၊ ပြည်သူလူထုတွေရဲ့ စိတ်ဖိစီးမှု သက်သာဖို့အတွက်ရော၊ အဲဒီတော့ သွားရေး လာရေးပေါ့။ သွားရေးလာရေး၊ စီးပွားရေးလုပ်ဖို့၊ လုပ်နိုင်တဲ့အခွင့်အရေး တွေပေါ်ပေါက်ရေး ဒါတွေကို အထူးဂရုစိုက်ပြီးတော့ အမြန်ဆုံးအခြေအနေ ကောင်းလာအောင်လို့ ကြိုးစားပါ့မယ်။
နောက်တစ်ခုကလည်း မကြာမီဆိုရင် ခရစ္စမတ်ကာလ၊ နှစ်သစ်ကူးကာလ ရောက်ပါတော့မယ်။ အဲဒါတွေနဲ့ပတ်သက်လို့ အထူးအစီအစဉ်တွေအနေနဲ့ နိုင်ငံတော်ကနေပြီးတော့ ဘာတွေလုပ်မလဲဆိုတာကိုလည်း ပြည်သူတွေ သိအောင်လို့ မှန်မှန် ကျွန်မတို့ ပြောသွားမှာဖြစ်ပါတယ်။ တခြားမြို့တွေမှာ တော့ မသိဘူး။ တခြားမြို့တွေ တော်တော်များများမှာလည်း တခြားမြို့တွေဆို ကျွန်မစဉ်းစားတာ တကယ်တော့ အဓိကအားဖြင့် ရန်ကုန်နဲ့ မန္တလေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ်မှုလည်း များတယ်။ နောက်ပြီးတော့ လူဦးရေ လည်း ထူထပ်တယ်။ အဲဒီနေရာတွေမှာတော့ သေသေချာချာ ကျွန်မ မနက်က မကြည့်လိုက်မိဘူး။ အပူချိန်ဘယ်လောက်ရှိလဲလို့။ နေပြည်တော်မှာတော့ နည်းနည်းအေးလာပါတယ်။ အေးလာတာနဲ့အမျှ ကိုဗစ်ရောဂါလည်း နည်းနည်း ပြန့်ချင်သလိုလိုတော့ ရှိတယ်။ ဒါကြောင့် အေးလာတဲ့ဒေသတွေမှာဆိုရင် အထူးဂရုစိုက်ပါ။ သက်ကြီးရွယ်အိုတွေ ဂရုစိုက်ပါ။ ရောဂါအခံရှိတဲ့လူအားလုံး ဂရုစိုက်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးကျန်းမာ ချမ်းသာအောင်နေကြပါ။