
စဉ့်ကူး မေ ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း ကျော်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းက ကျောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်သော ဗိုလ်မှူးသော်တာထွန်း၊ ရဲမှူးသက်စိုး၊ ဦးထွန်းညွန့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများထံ ပေးအပ်ခဲ့သည်။
တင်ဇာလွင်(ပြန်/ဆက်)