စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု

Type
၅

 

ညိုညိုဝင်း(ကျေးလက်ဦးစီး)
 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားလာစေရေးအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အရင်းအနှီးငါးခုဖြစ်သည့် လူသားအရင်းအနှီး၊ လူမှုအရင်းအနှီး၊ ငွေကြေးအရင်းအနှီး၊ ရုပ်ဝတ္ထုအရင်းအနှီးနှင့် သဘာဝအရင်းအမြစ် အရင်းအနှီးတို့ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါသည်။ အဆိုပါအရင်းအနှီးငါးခုအနက် သဘာဝအရင်းအမြစ်၊ ဘဏ္ဍာရေးအရင်းအမြစ်နှင့် ရုပ်ဝတ္ထုအရင်းအမြစ်များကို စနစ်တကျ အသုံးပြုနိုင်စေရန်အတွက်   လူသားအရင်းအနှီးဖြစ်သည့်  လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးသည်  အဓိကပါဝင်လျက် ရှိပါ သည်။

 

မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်း ၅၄ သန်းကျော်တွင် ၇၀ ရာခိုင် နှုန်းခန့်မှာ ကျေးလက်ဒေသတွင် နေထိုင်ကြ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာ၌ အဓိကကျသည့်    လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဦးစီးဌာနဝန်ထမ်းများ၏      လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးအပိုင်းနှင့်ကျေးလက်နေပြည်သူများအတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအပိုင်းဟူ၍ နှစ်ပိုင်း ခွဲ၍ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

 


ကျေးလက်ဒေသလူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးရေးအတွက် အခြေခံမူ


ကျေးလက်လူ့စွမ်းအားအရင်းအမြစ်       ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် Multilayer Principle အဖြစ်  ဒေသအလိုက်  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး    စွမ်းရည်တည်ဆောက်ခြင်း၊ Adjustment Principle အဖြစ် ပြုပြင်ပြောင်းလဲခြင်းကို ဟန်ချက် ညီအောင်ဆောင်ရွက်ခြင်း၊ Long-term Principle အဖြစ် ရေရှည် စီမံချက်ထားရှိဆောင်ရွက်ခြင်း၊ Practicability Principle အဖြစ် လက်တွေ့ စွမ်းဆောင်ရည် တည်ဆောက်ခြင်း စသည့်အချက်များနှင့် အညီ လိုက်လျောညီထွေမှုရှိအောင် အခြေခံမူဝါဒများ ချမှတ်ဆောင် ရွက်သွားရမည်ဖြစ်သည်။ 

 


ကျေးလက်ဒေသလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၏အရေးပါမှု


မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့်     သာယာဝပြောရေးတို့အတွက် ကျေးလက်ဒေသနှင့်ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး ရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် များစွာမှီတည်လျက်ရှိပါသည်။ မိမိတို့ဦးစီးဌာနဝန်ထမ်းများအနေဖြင့် ကျေးရွာအရောက် ကွင်းဆင်း စစ်ဆေးကြီးကြပ်ခြင်း၊ ကျေးရွာအစည်းအဝေးနှင့် တွေ့ဆုံပွဲများ၌ ထိတွေ့ပြောဆိုခြင်း၊ တွေ့ကြုံရသော အခက်အခဲပေါင်းစုံကို ဖြေရှင်း ပေးခြင်း စသည်ဖြင့် ပြည်သူလူထုနှင့် ထဲထဲဝင်ဝင်ဆက်ဆံနေရပါသည်။ ထိုသို့ဆက်ဆံရာတွင် ပြည်သူနှင့်တစ်သားတည်း   နေထိုင်ကျင့်ကြံ ပြောဆိုဆက်ဆံမှသာလျှင် ပြည်သူလူထု၏   ယုံကြည်ကိုးစားမှုကို ခံယူရရှိပြီး  ပြည်သူကအားထားရသော   ဝန်ထမ်းကောင်းများဖြင့် ဖွဲ့စည်းထားသည့် ကောင်းမွန်သောအဖွဲ့အစည်းတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။

 


လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၏ 
အရေးပါသော အခန်းကဏ္ဍ


နိုင်ငံ့ဝန်ထမ်းများနှင့်   ကျေးလက်နေပြည်သူများအနေဖြင့် အပြောင်းအလဲများကို သိမြင်လက်ခံလာစေပြီး တစ်ဦးချင်း ပူးပေါင်း ပါဝင်မှသာလျှင်   အောင်မြင်မှုများကို   ရရှိနိုင်မည်ဖြစ်ပါသည်။ ကျေးလက်နေပြည်သူလူထုများအနေဖြင့် မိမိတို့၏  ရပ်ရွာဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အစိုးရအဖွဲ့အစည်းများ၏ အကူအညီ ကိုသာ စောင့်ဆိုင်းလက်ခံခြင်းမျိုးမဟုတ်ဘဲ မိမိတို့ဘာသာ ကိုယ့်အား ကိုယ်ကိုးသည့် စိတ်ဓာတ်၊ Community Leadership ၏ သဘော တရားများ၊ ပိုင်ရှင်စိတ်ဓာတ် (Ownership Mindset) တို့ ရှိလာစေရန် ပြောင်းလဲဆောင်ရွက်မှသာလျှင် အဆိုပါကျေးရွာများသည် အခြား သောကျေးရွာများထက် ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့် များကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

 


ဖွံ့ဖြိုးတိုးတက်မှု  အပြောင်းအလဲအတွက်   တစ်ဦးကောင်း တစ်ယောက်ကောင်း စီမံခန့်ခွဲလုပ်ဆောင်ရန် မဖြစ်နိုင်သကဲ့သို့ အဖွဲ့ အစည်းအတွင်းရှိ ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက် မှသာလျှင် အပြောင်းအလဲကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုသည် လူမှန်နေရာမှန် တာဝန်ပေးခြင်းဖြစ်ရာ သက်ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၏ စိတ်အခံ (Mindset) များကို ပြောင်းလဲအောင်စီမံခန့်ခွဲမပေးနိုင်ပါက အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲကိုစီမံခန့်ခွဲမှု (Change Management)တွင် အခက် အခဲရှိလာပါလိမ့်မည်။ Mindset မပြောင်းလဲနိုင်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့တွင် ဗဟုသုတ၊ စွမ်းရည်အသစ်များ  ရရှိလာမည် မဟုတ်ကြောင်း အပြောင်းအလဲကို စီမံခန့်ခွဲမည့် တာဝန်ရှိသူတိုင်း သိရှိနားလည်ထားရမည် ဖြစ်ပါသည်။

 


အပြောင်းအလဲ မပြုလုပ်ပါဘဲ ပိုမိုတိုးတက်ကောင်းမွန်သည့် အဖွဲ့အစည်း/ရပ်ရွာတစ်ခု ဖြစ်မလာနိုင်ပါ။ အပြောင်းအလဲကို ဝန်ထမ်း များ၊ ဒေသခံပြည်သူများက လက်ခံလာသည်နှင့်အမျှ အဖွဲ့အစည်း၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ပိုမို တိုးတက်ကောင်းမွန်သော လူ့အဖွဲ့စည်းများ၊ ကျေးရွာများဖြစ်လာနိုင် သည့်အတွက် အပြောင်းအလဲစီမံခန့်ခွဲမှု (Change Management)ကို အဖွဲ့အစည်းအတွင်းရှိ အလွှာပေါင်းစုံမှ ပါဝင်လုပ်ဆောင်ခြင်းဖြင့် တိုးတက်အောင်မြင်သော အဖွဲ့အစည်းများ၊ ကျေးရွာများဖြစ်လာ နိုင်မည်ဖြစ်ပါသည်။

 


စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် 
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆက်စပ်မှု


ကျေးလက်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် ကျေးလက်နေပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လေ့ကျင့် သင်ကြားခြင်း၊  အစီအစဉ်ရေးဆွဲခြင်း၊  စနစ်များနှင့်မူဘောင်များ ဖန်တီးခြင်းဖြင့် အကျိုးရလဒ်များရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လက်တွေ့ကျသောအရင်းအနှီးတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ခေတ် စနစ်နှင့်အညီ ကျေးလက်စီးပွားရေး  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်မီလိုက်လျောညီထွေမှုရှိသည့်  နည်းစနစ်များ၊  စက်မှုလက်မှု လုပ်ငန်းများ   တွင်ကျယ်စွာအသုံးပြုနိုင်အောင်   ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 

 


ကျေးလက်စီးပွားရေးခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှု ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်  ကျွမ်းကျင်လုပ်သားများ လုံလောက်စွာရရှိစေရေးကို ဖြည့်ဆည်းမွေးထုတ်ပေးရမည် ဖြစ်ပါ သည်။ ပထမဦးစွာ ကျေးလက်ဒေသရှိ လုပ်သားများအတွက် လုပ်ငန်း ဆောင်ရွက်မှု၊ စီမံခန့်ခွဲမှု၊ နည်းပညာကျွမ်းကျင်မှု စသည့် အသိပညာ၊ အတတ်ပညာများရှိသင့်ပြီး  လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် ကျွမ်းကျင် လုပ်သားများ ပါဝင်သည့်လူ့စွမ်းအားအရင်းအမြစ်များ စုဆောင်းခြင်း၊ ထပ်မံလိုအပ်သော အသိပညာ၊ အတတ်ပညာများ ထပ်မံဖြည့်ဆည်း ပေးပြီး အရည်အသွေးပြည့်မီသည့် ကျေးလက်ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ 

 


စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးရေး
အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး ပတ်ဝန်း ကျင်ကောင်းများ  ဖြစ်ပေါ်လာစေရေးအတွက်   ရေးဆွဲထားသော ကျေးလက်ဒေသဖွံ့ဖြိုးရေး  မဟာဗျူဟာမူဘောင်ပါ   လုပ်ငန်းစဉ် ငါးရပ်နှင့်အညီ စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ကာလတို၊  ကာလလတ်စီမံကိန်းအစီအစဉ်များ  ရေးဆွဲပြီး အရှိန်မြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 

 


ထိုသို့ဆောင်ရွက်ရာတွင်  ကျေးလက်နေပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် ကျေးလက်အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို  ပံ့ပိုးမြှင့်တင်ပေးခြင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် မိသားစုများ ဝင်ငွေတိုးပွားလာစေရန်တို့အတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ များ ထူထောင်ပေးခြင်း၊ ကျေးလက်ဒေသများ၌ အလုပ်အကိုင်အခွင့် အလမ်းများ  ဖန်တီးပေးနိုင်ရန်အတွက်   အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျေးလက်စီးပွားရေးနှင့် ကျေးလက် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု ထောက်ပံ့ပေးခြင်း စသည့်လုပ်ငန်းများကို ပြည်တွင်း/ပြည်ပဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊  အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသ အုပ်ချုပ်ရေးအဖွဲ့များ၊   သက်ဆိုင်ရာအစိုးရဌာနများ၊   ကျွမ်းကျင် ပညာရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ကျေးလက်နေပြည်သူလူထုများ နှင့်အတူ နီးနီးကပ်ကပ်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။

 


ထိုသို့စဉ်ဆက်မပြတ် ကျေးလက်ဒေသ  ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အထူးအလေးပေးထည့်သွင်း ဆောင်ရွက်လျက်ရှိပါသည်။ ဌာနဝန်ထမ်းများ၏ အရေးပါမှုကို သိမြင် ပြီး အပြည့်အဝယုံကြည်မှုပေးခြင်း၊ စွမ်းရည်ပြည့်ဝသောကျွမ်းကျင် ဝန်ထမ်းများနှင့်  အသစ်တီထွင်ဆန်းသစ်တတ်သော  ဝန်ထမ်းများ ဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ လုပ်ငန်းများကို ထိရောက် စွာဆောင်ရွက်နိုင်ရေး လူမှန်၊  နေရာမှန်  တာဝန်ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအနေဖြင့်   အများပြည်သူများနှင့်   ဆက်ဆံရာတွင် ကောင်းမွန်သောဆက်ဆံရေးဖြစ်လာစေရန်  ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များကို  သင်ကြားပို့ချပေးခြင်း စသည် တို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

 


ထို့ပြင် နိုင်ငံတကာ စီမံကိန်းဆောင်ရွက်မှု အတွေ့အကြုံကောင်း များဖြင့် ပြည်သူအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူသားအရင်း အမြစ် (Human Resource)ကို အသုံးပြု၍ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သဖြင့် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ကျေးလက်ဒေသ အသွင်ကူးပြောင်းမှုပုံစံဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် အကျိုးပြုလျက်ရှိပါသည်။ 

 


ကျေးလက်ဦးစီးဌာန ဝန်ထမ်းများ 
စွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်မှုများ


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်း များအား ပိုင်ဆိုင်မှု  (Assets)အဖြစ်   ရှုမြင်ပြီး   ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရန်အတွက် ၎င်းတို့ကို  လုပ်ငန်းခွင်တွင် သက်ဆိုင်သည့် လုပ်ငန်းနေရာများ၌ ထိရောက်စွာ ပြန်လည်အသုံးချ နိုင်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ခု  ခြောက်လဘဏ္ဍာနှစ်အထိ   စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ပို့ချပေးနိုင်ခဲ့မှုအခြေအနေကို ဖော်ပြအပ်ပါသည်။

 


ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်၊ အောက်မြန်မာပြည်) တို့တွင် ဖွင့်လှစ်သည့်သင်တန်းသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းစုစုပေါင်း ၄၈၁ ဦးတက်ရောက်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့် ရေးကျောင်း၌  ဖွင့်လှစ်သည့်သင်တန်းသို့   စုစုပေါင်း   ၈၇၆ ဦး တက်ရောက်ခဲ့ပါသည်။

 


ကျေးလက်နေပြည်သူများအတွက် 
စွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်မှု


လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်သည့် အနေဖြင့် ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်များမြှင့်တင် ပေးရန်နှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်  ရည်ရွယ်၍  ကျေးလက်နေပြည်သူများကိုလည်း အသက်မွေးဝမ်းကျောင်း     အထောက်အကူပြုသင်တန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင်   တိုင်းဒေသကြီး/ပြည်နယ်အားလုံး၌ ပို့ချပေးလျက်ရှိပါသည်။ 

 


ဦးစီးဌာနအနေဖြင့် ကျေးရွာသူ ကျေးရွာသားများအား အသင်း အဖွဲ့ပုံစံ/အစုအဖွဲ့ ပုံစံဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာ စေရန် အသင်းအဖွဲ့/စုဖွဲ့မှုဆိုင်ရာသင်တန်းများ၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ အသင်းအဖွဲ့များမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ဈေးကွက်သို့ အလွယ်တကူ တင်ပို့နိုင်ရန်အတွက် ဈေးကွက်ရှာဖွေချိတ်ဆက်မှုသင်တန်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆောင်ရွက်ရာတွင်  လိုအပ်သည့်နည်းပညာသင်တန်း များ၊ ရန်ပုံငွေဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ငွေကြေးစီမံခန့်ခွဲမှုသင်တန်း များနှင့် အခြားလိုအပ်သည့် သင်တန်းများကို သက်ဆိုင်ရာဦးစီးဌာန များနှင့် ချိတ်ဆက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုး မွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဆောင်ရွက်သူများအား   လိုအပ်သောငွေကြေး အရင်းအနှီးများ လက်လှမ်းမီရရှိစေရန်အတွက်လည်း “ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့်   ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းများ”  ဆောင်ရွက်ပေးလျက်ရှိပါသည်။

 


တွေ့ကြုံရသော အခက်အခဲများနှင့် အားနည်းချက်များ


လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာနဝန်ထမ်း များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအပိုင်းနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရာတွင် မြို့နယ်အဆင့်ဦးစီးဌာနရုံးများ၌ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ဝန်ထမ်းနှင့် လုပ်ငန်းအချိုးမညီမျှခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ    ငွေစာရင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများလုံလောက်မှုမရှိခြင်းနှင့်  ဘဏ္ဍာရေးဆိုင်ရာသင်တန်း များ ထပ်မံပံ့ပိုးပေးရန်လိုအပ်ခြင်း၊ အင်ဂျင်နီယာငယ်များအပါအဝင် ကဏ္ဍအလိုက်ဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း များနှင့် နည်းပညာဆိုင်ရာသင်တန်းများ ထပ်မံပံ့ပိုးပေးရန် လိုအပ်ခြင်း၊ M&E ၊ MIS စနစ်အတွက် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လျက်ရှိခြင်းတို့ ဖြစ်ပေါ်လျက် ရှိပါသည်။

 


ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအပိုင်းနှင့်ပတ်သက်၍ လေ့လာ သုံးသပ်ရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း များ  စနစ်တကျထိရောက်စွာဖွင့်လှစ်နိုင်ရန်   ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းလိုအပ်ခြင်း၊ သင်တန်းသား ရွေးချယ်ရေးစံနှုန်းများ၊ Guideline များထားရှိရန်လိုအပ်ခြင်း၊ သုတေသနစာတမ်းများ ပြုစု ဖတ်ကြားခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် သုတေသနလုပ်ငန်းများ/စစ်တမ်းကောက်ယူမှုများ ပြုလုပ်နိုင်မှုမရှိသေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးပြီးနောက် လုပ်ငန်းများလုပ်ကိုင်နိုင်ရန် လိုအပ်သောပစ္စည်း များ ထောက်ပံ့ပေးနိုင်ရန်အတွက် လုံလောက်သောရန်ပုံငွေမရှိခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သည့်အခါ သင်တန်း သားများအား မြို့နယ်များသို့ခေါ်ယူရန် အခက်အခဲရှိသဖြင့် ကျေးရွာ တစ်ရွာတည်းရှိ သင်တန်းသူ သင်တန်းသားများအား စုပေါင်းသင်ကြား ရသည့်အတွက် သင်တန်းဖွင့်လှစ်ပြီးသည့်အခါ  ၎င်းတို့၏  ထုတ်ကုန် များ တူညီနေခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပြီး နောက်  ဌာနမှအရင်းအနှီးမပံ့ပိုးနိုင်ခြင်းတို့ကြောင့် ထုတ်ကုန်များ ဈေးကွက်သို့ ရောက်ရှိရေးချိတ်ဆက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးချိတ်ဆက်ပေးနိုင်မှု အားနည်းနေသေးခြင်း၊ အချို့ကျေးရွာများ တွင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် စာရင်းဇယားများနှင့်ပတ်သက်၍  အားနည်းနေသေးခြင်း၊   အချို့ ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းစတင် ဆောင်ရွက်ချိန်၌ အမျိုးသမီး များ ပါဝင်နိုင်ရန်ခက်ခဲခြင်း၊ အမျိုးသမီးများ  ရှေ့ထွက်၍   ဆွေးနွေး အကြံပေးနိုင်မှု နည်းပါးနေသေးကြောင်း တွေ့ရှိရပါသည်။

 


သုံးသပ်အကြံပြုချက်


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား သင့်တင့်မျှတစွာ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် နှစ်စဉ်ဝန်ထမ်းသစ် ခန့်ထား ခွင့်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက် လျက်ရှိပြီး နှစ်စဉ် ခန့်ထားခွင့်ရရှိပါက  လုပ်ငန်းများ  ပိုပိုမြန်ဆန် သွက်လက်စွာဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိ ရပါသည်။

 


ဈေးကွက်နှင့်ဒေသ၏ လိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်း အမျိုးအစားရွေးချယ်၍  အမှန်တကယ်  လုပ်ငန်းဆောင်ရွက်မည့် သင်တန်းသားများ ရွေးချယ်ခြင်း၊ နည်းပညာ အကူအညီ ရယူရန်နှင့် သင်တန်းများဖွင့်လှစ်ရန်အတွက် ရက်ကန်းနှင့် သက်မွေးသင်တန်း ကျောင်းများအပါအဝင်   ဆက်စပ်ဦးစီးဌာနများနှင့်   ချိတ်ဆက် ဆောင်ရွက်ခြင်း၊  ပြည်တွင်း/ ပြည်ပ   ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍  အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်မှုများအပေါ် အကဲဖြတ်ဆန်းစစ်မှုများ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းဆင်း  ရွာသူ ရွာသားများအား ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်  နိုင်ရန်  အတိုးနှုန်းသက်သာသောချေးငွေများ  ထောက်ပံ့ပေးခြင်း၊ သမဝါယမအသင်းများ  ဖွဲ့စည်းပေးခြင်း၊  လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့်   ပုဂ္ဂလိကစီးပွားရေး   လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး  ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်း ကျွမ်းကျင်မှုရှိစေရေးအတွက် ဝန်ထမ်းများအား ပြည်တွင်း/ပြည်ပ သင်တန်းများ တက်ရောက်စေခြင်း၊ လေ့လာရေးခရီးစေလွှတ်ခြင်း၊ နောင်တွင်သင်တန်းများကို    စနစ်တကျ  ဖွင့်လှစ်နိုင်ရန်အတွက် “အသက်မွေးဝမ်းကျောင်း   အထောက်အကူပြုသင်တန်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်” Standard Operating Procedures (SOP) ရေးဆွဲ၍ ယင်း(SOP)နှင့်အညီ ဆောင်ရွက်သင့်ပါသည်။

 


စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်


လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ကျေးလက်ဒေသတွင်း စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်ရေးတို့သည်   တိုက်ရိုက်အချိုးကျ ဆက်သွယ်လျက်ရှိကြောင်း  တွေ့ရှိရမည်ဖြစ်ပါသည်။  လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုသည် နိုင်ငံတစ်နိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသော အခန်းကဏ္ဍဖြစ်ပါသည်။ ထို့ပြင်ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏  အဓိကမောင်းနှင်အားလည်း   ဖြစ်ပါသည်။   နိုင်ငံ တစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် အဆိုပါ နိုင်ငံသားများ၏ အသိပညာ၊ အတတ်ပညာကျွမ်းကျင်မြင့်မားမှုကြောင့် ဖြစ်ပါသည်။ 

 


သို့ဖြစ်ပါ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် “စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်” ဆောင်ရွက် ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊  အားနည်းချက်များအပေါ် အခြေခံပြီး   ဖြေရှင်းဆောင်ရွက်ရမည့်အချက်များကို   ကြိုးစား ဆောင်ရွက်သည့်အပြင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဦးစီးဌာန ဝန်ထမ်းများအား စနစ်တကျစီမံခန့်ခွဲခြင်း၊ ကျေးလက်နေပြည်သူများ အား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့ဖြင့် ဦးစီးဌာနဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူလူထု၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာပြီး မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။       ။