
ရန်ကုန် ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ Regional အသင်းဖြစ်သော ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်း၏ ပထမဆုံးအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်က ကုန်သည် စက်မှုအသင်းချုပ်၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း၏ Regional အသင်း ငါးသင်းထဲမှ တစ်သင်းအပါအဝင်ဖြစ်သည်။
အစည်းအဝေးတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးအေးဝင်း က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်သူရက စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ တာဝန်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးခြင်းလည်းပါဝင်ကြောင်း၊ လုပ်ငန်းတစ်ခုစတင်ရင်းနှင့် အလုပ် အကိုင် အခွင့်အလမ်းများ ထပ်ပေါ်ပေါက်လာမှ အောင်မြင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်လွင်ကလည်း “ အနာဂတ်မှာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်တွေ အင်မတန် လိုအပ်ပါတယ်၊ အသင်းကနေတစ်ဆင့် လူငယ်စွန့်ဦးတီထွင်သူများက သူတို့လာရာ မတူညီတဲ့ ပတ်ဝန်းကျင် တွေကနေ အတွေ့အကြုံနဲ့ အကြံဉာဏ်တွေကို သင်ယူလို့ရပါတယ်” ဟု ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင် များအသင်း အထွေထွေအတွင်းရေးမှူး ဦးသက်ထွန်းဦးက အသင်း၏ ဖွဲ့စည်းပုံ၊ လှုပ်ရှားဆောင်ရွက်မှုများ၊ နှစ်ချုပ် ငွေစာရင်း ရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ပြီးနောက် ASEAN Young Entrepreneur Award များတွင် ဆုရရှိခဲ့သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
သီရိ