စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာ 

 

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား 
တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား


ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၏    (၇၆) နှစ် မြောက် လွတ်လပ်‌ရေးနေ့  နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်း သားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ပြီး  ကျက်သရေမင်္ဂလာအပေါင်းနှင့်    ပြီးပြည့်စုံကြပါစေ ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။


မြန်မာနိုင်ငံရှိ  ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ များအားလုံးသည်    ရှေးနှစ်ပေါင်းများစွာကပင်      ကိုယ်ပိုင် ယဉ်ကျေးမှု၊   ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာများကို    ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း  ကိုယ့်ထီးကိုယ့်နန်း ဟူသော   အရိပ်အာဝါသအောက်တွင်   ခံ့ညားထည်ဝါစွာ ရပ်တည်နေထိုင်ခဲ့ကြပါသည်။   သို့ရာတွင်    ကမ္ဘာပေါ်၌ ကျယ်ပြန့်စွာ စိုးမိုးဗိုလ်ကျလာခဲ့သော ကိုလိုနီစနစ်ဆိုးကြီး ကြောင့် သယံဇာတပေါကြွယ်ဝသည့် မိမိတို့နိုင်ငံသည်လည်း ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင်  နယ်ချဲ့ ဗြိတိသျှတို့၏ ကျူးကျော်စစ်  သုံးကြိမ်ဆင်နွှဲမှုဖြင့် မတရားကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး   ၁၈၈၆    ခုနှစ်တွင် လွတ်လပ်ရေးနှင့်အတူ  အချုပ်အခြာအာဏာကိုပါ ဆုံးရှုံးခဲ့ရ ပါသည်။


ကိုယ့်ထီးကိုယ့်နန်းကို  တန်ဖိုးထားသည့်စိတ်၊   ဖိနှိပ်ချုပ်ချယ်မှု အပေါ် မခံချင်စိတ်၊ နယ်ချဲ့ဗြိတိသျှနှင့်ဖက်ဆစ်များအပေါ် နာကြည်း စိတ်များကြောင့် ဖြစ်ပေါ်လာသောပြည်ထောင်စုစိတ်ဓာတ်ကို အကြီး မားဆုံးခွန်အား၊    စွမ်းအားအရှိဆုံး   လက်နက်အဖြစ်အသုံးပြုကာ မဆုတ်မနစ်သော   ဇွဲလုံ့လဖြင့်    လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြခြင်း ကြောင့် ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်တွင်   လွတ်လပ်ရေးနှင့်  အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်      ပြန်လည်ရပ်တည် နေနိုင်ခဲ့သည်မှာ ယခုအခါ (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။


တစ်ခဏတာအတွင်း    ဆုံးရှုံးလိုက်ရသော   လွတ်လပ်ရေးကို နှစ်ပေါင်းများစွာ တိုင်းရင်းသားပြည်သူများ၏ အသက်၊ သွေး၊ ချွေးများ ကို ရင်းနှီးပေးဆပ်၍ ပြန်လည်ကြိုးပမ်းရယူခဲ့ရပါသည်။ ရှေးဘိုးဘွား များ၏မျိုးချစ်စိတ်၊ နိုင်ငံတော်အတွက် ပေးဆပ်စွန့်လွှတ်ရဲသည့်စိတ်များ ကြောင့် လွတ်လပ်ရေးဟူသောအနှိုင်းမဲ့ဂုဏ်ဒြပ်နှင့်အတူ ပြည်ထောင်စု တစ်ခုကို ပိုင်ဆိုင်ခဲ့ရသော်လည်း နိုင်ငံရေးနှင့်လူမျိုးရေးအရ အယူဝါဒ ကွဲပြားမှုများကြောင့်ပင် မြန်မာနိုင်ငံမှာ မုန်တိုင်းကြားမှပျိုးပင်ငယ်ပမာ ကာလများကို  ရင်ဆိုင်ကြုံတွေ့ခဲ့ရပြန်ပါသည်။ ၎င်းပြည်တွင်းပဋိပက္ခ ၏အမြုတေမှာ နယ်ချဲ့တို့၏  နှစ်ပေါင်းများစွာ   သွေးခွဲအုပ်ချုပ်ခြင်း ကြောင့် ဖြစ်ပေါ်လာသော တိုင်းရင်းသားစည်လုံးညီညွတ်မှု အားနည်း ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုပြိုကွဲခြင်း၊ အချုပ်အခြာအာဏာ ဆုံးရှုံးခြင်းဆိုသည့်အခြေအနေများကို ခြိမ်းခြောက်လာသောအန္တရာယ် အသွယ်သွယ်ကို ရင်ဆိုင်ခံစားခဲ့ရပြန်ပါသည်။ 


အသက်တမျှအရေးကြီးသည့်  လွတ်လပ်ရေးနှင့်  အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသား ပြည်သူများနှင့်   တွဲလက်ညီညီ    ရင်ဆိုင်ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့နေခြင်းသာ ဖြစ်ပါ သည်။ လွတ်လပ်ရေးနှင့်  အချုပ်အခြာအာဏာ   တည်တံ့ခိုင်မြဲရေး အတွက် အဓိကမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊   အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လေးနက်စွာခံယူစောင့်ထိန်းကြရမည့် ကျင့်ဝတ်တစ်ခု ပမာ ထင်ရှားစွာတည်ရှိနေပါသည်။ ထို့ကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုစွမ်းအားကို အားကောင်းစေသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝ ပြီး  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စု ဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးမှ လေးနက် စွာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ 


ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား


၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများ ကို ယခင်အစိုးရအနေဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ခဲ့ခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ကြိုးပမ်း ခဲ့ခြင်းကြောင့် တပ်မတော်က ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကို  ဖွဲ့စည်းခဲ့ပြီး   နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်အဖြစ် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကိုအခြေခံသည့်    ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ချမှတ်ထားပါသည်။ ထို့အတူ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသော အမျိုးသားရေးရည်မှန်း ချက်နှစ်ရပ်ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ 
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင်  လူမျိုးကိုအခြေခံသည့်   ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ   ဒေသကိုအခြေခံသည့်စနစ်ကို   အဓိက ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ “ခေတ်မီဖွံ့ဖြိုး တိုးတက် ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက် သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကို အရည်အသွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များနှင့်ပြည့်စုံရန် လိုအပ်သဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်သည့်  ဘက်စုံပညာရေးကဏ္ဍကို    မြှင့်တင်ကြိုးပမ်းဆောင်ရွက်” ပေးရမည်ဖြစ်ပါသည်။ 


ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက် ထားမှသာ ဘဝရပ်တည်ရေးကို အာမခံနိုင်မည်ဖြစ်ပါသည်။ တိုင်းရင်း သားဒေသများ၊ အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသအချို့တွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှု နည်းပါးခြင်းများ နှင့်အခြားသော စိန်ခေါ်မှုများကြောင့်   ပညာရေးအားနည်းသည်ကို တွေ့ရှိရပါသည်။ထို့ကြောင့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်း သားပြည်သူအားလုံး   စာတတ်မြောက်ရန်နှင့်    အတန်းပညာများ တတ်မြောက်ရန် မလွဲမသွေဆောင်ရွက်ပေးကြရမည် ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ယခင် “အ” သုံးလုံးကျေ သင်တန်းကဲ့သို့   စာတတ်မြောက်ရေးလှုပ်ရှားမှုကို   စေတနာရှင် ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဒေသခံပညာတတ် များ၊ ဒေသခံဝန်ထမ်းများက တိုင်းရင်းသားဘာသာစကား သင်ကြား ရေးအထောက်အကူပြု  ဆရာ ဆရာမများ၏   အကူအညီရယူကာ နိုင်ငံတစ်ဝန်း အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ 
ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင် ဆရာ ဆရာမများက သင်ကြားပို့ချပေးရမည် ဖြစ်ပြီး စာပေဖတ်ရှုလေ့လာမှုကို ဆက်လက်အားပေးရမည် ဖြစ်ပါ သည်။ ဥပဒေအသိပညာတတ်မြောက်သူများ၊ စီးပွားရေး အသိပညာ အခြေခံတတ်သိနားလည်သူများ ပေါများစေရေးနှင့် စီးပွားရေးပညာရှင် များ ပေါ်ထွန်းလာစေရေးတို့အတွက် တက္ကသိုလ်များတွင် ဥပဒေပညာ နှင့်  စီးပွားရေးပညာတို့ကို    တိုးချဲ့သင်ကြားပေးလျက်  ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေးကို ဦးတည်ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ပညာရည် မြင့်မားမှသာ ပိုင်းခြားဝေဖန်ဆန်းစစ်နိုင်သည့် အတွေးအခေါ်များ ရရှိမည်ဖြစ်သောကြောင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး  ပညာရည်တိုးတက်အောင်   ဆောင်ရွက်ပေးကြရမည် ဖြစ်ပါသည်။ အနာဂတ်လူငယ်များကို မိမိတို့ ယဉ်ကျေးမှု၊ အမျိုးသား ရေး  စရိုက်လက္ခဏာများကို  ထိန်းသိမ်းတတ်စေရေးနှင့်  တိုးတက် ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်စေရေးတို့အတွက် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် ဘက်စုံပညာရေး ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ 


ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား


မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေကြသူများဖြစ်ကြပြီး ကျေးလက်နေလူဦးရေ ၇၂ ရာခိုင်နှုန်းအနက် ၄၅ ရာခိုင်နှုန်းခန့်မှာ  စိုက်ပျိုးရေးနှင့်အသက် မွေးကြသူများ ဖြစ်ကြပါသည်။ အခြားကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးနှင့် ဆက်နွှယ်သည့်စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက် နေကြပါသည်။  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်   ရေရရှိရေး၊ မြေဩဇာ/အစားအစာ၊ မျိုးကောင်းမျိုးသန့်၊ စိုက်နည်းစနစ်တို့ကို ကြိုးစားအားထုတ်မှုဖြင့် ပေါင်းစပ်လုပ်ကိုင်မည်ဆိုပါက အမျိုးသား ရေးရည်မှန်းချက်တစ်ရပ်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးကို စိုက်ပျိုး မွေးမြူရေးက ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။ 


သို့ဖြစ်၍  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ  အသိပညာရှင်၊  အတတ် ပညာရှင်နှင့်ကျွမ်းကျင်သူများ  မွေးထုတ်ပေးနိုင်မည့်   တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါသည်။ လူတိုင်းလက်လှမ်းမီသည့် ပညာရေးဖြစ်ရန် လိုအပ်သည့်အတွက် အလယ်တန်းပညာပြီးမြောက်သူများ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်နိုင်ရန် ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး ရေး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ် ထားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၃၄ ကျောင်း ထပ်မံဖွင့်လှစ် ကာ ဆက်လက်၍လည်း တိုးချဲ့ဖွင့်လှစ်သွားရန် စီမံထားရှိပြီး ဖြစ်ပါ သည်။ အဆိုပါကျောင်းများမှ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျွမ်းကျင် သူများဖြစ်အောင် သင်ကြားလေ့ကျင့်ပေးကာ ထိုမှတစ်ဆင့်  ဘာသာရပ် အလိုက် ထူးချွန်သူများအနေဖြင့် သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်သင်ကြားနိုင်မည် ဖြစ်ပါသည်။ ထိုသို့ကျွမ်းကျင် သူများ၊ ပညာရှင်များ၊  လူသားအရင်းအမြစ်များ  ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးထုတ်လုပ်ခြင်းမှ အဆင့် တက်ကာ  ပြည်တွင်းလိုအပ်ချက်  အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ ကုန်ချောတင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း ကုန်ချောလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်လျက် ပြည်ပသို့ကုန်ချော ပြန်လည်တင်ပို့သူ (Exporter) အဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ “စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ (MSME) ကို  အားပေးမြှင့်တင်ဆောင်ရွက်” ကာ  အဆင့်မြင့် ကုန်ထုတ်လုပ်မှုနည်းပညာများကို လေ့လာဆည်းပူး၍ အရည်အသွေး ကောင်းမွန်သော တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်လျက် နိုင်ငံ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ 


ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍   တရားမျှတသည့်     ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲ   ကျင်းပနိုင်ရေးပင်   ဖြစ်ပါသည်။ သို့ဖြစ်၍   ပြည်တွင်း ပြည်ပ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ  စာရင်းမှန်ကန်မှုရှိစေရေး၊  ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်း ပြည့် ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိပါသည်။ မဲဆန္ဒရှင်စာရင်းများ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့်အချက်အလက်များ ရရှိစေ ရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် လိုအပ်ပါ သည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး   ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။  ယင်းအပေါ်မူတည်၍   ခိုင်မာမှန်ကန်သည့် မဲစာရင်းများ ရရှိလာပါက “ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတ သည့်    ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး နှင့်   တစ်နိုင်ငံလုံး  အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်”  သွားကြရမည်ဖြစ်ပါသည်။ စည်းစနစ် ကျနမှုရှိသည့်   အထွေထွေရွေးကောက်ပွဲတစ်ရပ်   ဖြစ်စေရေးနှင့်   ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို  နိုင်ငံတော်တာဝန် များ      လွှဲအပ်နိုင်ရေး   ဆက်လက်ဆောင်ရွက်သွားမည်     ဖြစ်ပါ သည်။ 


ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး၏ သွေးစည်း ညီညွတ်မှု၊ အပြန်အလှန် လေးစားယုံကြည်မှုများဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို မဏ္ဍိုင်ပြု၍ ချမှတ်ထားသောအဂ္ဂမဟာဗျူဟာ၊ မဟာ ဗျူဟာ၊ နည်းဗျူဟာများကို လက်တွေ့ကျကျကျင့်သုံးပြီး ဆက်လက် ၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့  အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကို ပြည်ထောင်စုဖွားတိုင်းရင်းသားညီနောင် အားလုံးက လေးနက်စွာခံယူ၍ သမိုင်းအစဉ်အလာကြီးမားသော အမိမြန်မာနိုင်ငံတော်၏   လွတ်လပ်ရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်မှန်သောမျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်များဖြင့်   သွေးစည်းညီညွတ်စွာ   လက်တွဲပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာအား  ပေးပို့အပ်ပါသည်။           ။