CNN International သတင်းဌာနမှ မေးမြန်းမှုကို ပြန်လည်ဖြေကြား

 

CNN International သတင်းဌာနမှ မေး
ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင့်
ကျွန်မကတော့ ဟောင်ကောင်အခြေစိုက် CNN International သတင်း ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ စန္ဒီစီဒူဖြစ်ပါတယ်။
မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၄ ရက်တုန်းက ကချင်ပြည်နယ် မှာလုပ်တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတစ်ခုကို တိုက်ခိုက်မှုအပေါ် ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး လူကြီးမင်းတို့ထံက ထုတ်ပြန်ချက် သို့မဟုတ် ပြန်ကြားချက်ကို တောင်းခံလိုတဲ့အတွက် အခုစာကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် ထိခိုက်မှုတွေရှိပြီး အများအပြား သေဆုံးတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂကလည်း လုံခြုံရေးတပ်ဖွဲ့အနေနဲ့ လက်နက်မဲ့အရပ်သား တွေအပေါ်     အင်အားအလွန်အကျွံအသုံးပြုပြီး   တိုက်ခိုက်တာဟာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်းနဲ့ တာဝန်ခံဖို့ တောင်းဆိုထားကြောင်း ထုတ်ပြန်ထားပါတယ်။  ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုများ တုံ့ပြန်မလဲဆိုတာ သိပါရစေ။ ကျေးဇူးတင်ပါတယ်။
    -    သည်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၄ ရက်နေ့က နိုင်ငံပိုင်သတင်းမီဒီယာ တွေကတစ်ဆင့်  သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါပြီ။ နိုင်ငံတော်ရဲ့ သတင်းထုတ်ပြန်ထားတဲ့     အကြောင်းအရာ‌တွေကိုတော့   ခင်ဗျား ဖတ်ပြီးလောက်ပြီ ထင်ပါတယ်။ ဖတ်ပြီးလောက်ရင်တော့ သည်မေးခွန်းကို ခင်ဗျား မေးမှာမဟုတ်ပါဘူး။ သည်သတင်းထဲ အကုန်ပါပြီးသားဖြစ်ပါတယ်။  ဒါက  ကျွန်တော်ပြောချင်တဲ့ နံပါတ်တစ်အချက်ပါ။
    -    ဒုတိယတစ်ချက်အနေနဲ့ ခင်ဗျားမေးတဲ့ မေးခွန်းဟာ ဘယ်အချက် အလက်ကို ကိုးကားပြီး ပြောတာလဲ။ ဘယ်လောက်တရားဝင် ခိုင်မာလို့လဲလို့ မေးချင်ပါတယ်။
    -    တတိယအချက် ကောလာဟလသတင်းတွေမှာပါတဲ့ ပြည်သူနဲ့ အနုပညာရှင်တွေ    သေဆုံးတယ်ဆိုတာ၊    သည်နေရာဟာ ဘယ်လိုနေရာလဲ။ အဲဒီအနုပညာရှင်တွေဟာ ဘယ်လိုပတ်သက်ပြီး ရောက်ရှိလဲ။   တချို့ဓာတ်ပုံမှတ်တမ်းတွေဟာ   KIA ဝတ်စုံ တွေနဲ့ပျံ့နှံ့နေပါတယ်။ အဲဒီတော့ သူတို့ကဘာလဲ။ အဲဒီနေရာမှာ ရောက်တဲ့ အနုပညာရှင် ဘယ်လောက်ရှိလို့လဲ။ နီးစပ်တဲ့အသိုင်း အဝိုင်းက အသက်ရှင်သန်ဆဲလို့ ပြောနေတာတွေရှိပါတယ်။ အတည်မပြုနိုင်သေးတာကို မေးတာလို့ ကျွန်တော်ထင်ပါတယ်။
    -    စတုတ္ထအချက် KIA ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကပြောတယ်။ KIA     ထိန်းချုပ်နယ်မြေလို့   သုံးနှုန်းပြောတယ်။   ဒါဆိုရင် သည်နယ်မြေဟာ ဘယ်လိုသူတွေရှိနေမလဲ။ KIA တပ်ဖွဲ့ဝင် တွေနဲ့အတူ PDF တွေနဲ့ သူတို့နဲ့နီးစပ်သူတွေပဲရှိတယ်။ ဒါလည်း ကျွန်တော်တို့မှာ အထောက်အထားရှိပါတယ်။ သည်နယ်မြေသည် KIA ရဲ့အပြောအရ ထိန်းချုပ်နယ်မြေ၊ ကန့်သတ်နယ်မြေဖြစ်လို့ ဘယ်အရပ်သား ပြည်သူကမှလည်း သွားလို့မရဘူး။ သွားဖို့မလွယ် ဘူး။ ကံဆီးကသွားရင်တောင် ဘူဇာဒီး ရွာပျက် ဥရုမြစ်ချောင်း အတိုင်း ချောင်းဖျားအတိုင်းသွားရတယ်။ ဒေသအခေါ် ဥရာခ ချောင်းဖျား။ ဒါကိုဖြတ်ပြီးမှသာ လက်ရှိနေရာကို ရောက်မှာ။ ခင်ဗျားတို့ ကောင်းကင်ဂြိုဟ်တုပုံတွေကြည့်ပါ။ သိနိုင်တယ်။ အဲဒီရဲ့ အဆောက်အဦ ကိုကြည့်ပါ။ ဂွမ်မော်ပြောတဲ့ ဈေးတန်း။ ဘာဈေးတန်းမှ မရှိဘူး။ ဒေသခံတွေသည် ကံဆီးဈေးမှာဝယ်တယ်။ အောင်ဘာလေ(တန်ဂွမ်း)ဈေးမှာဝယ်တယ်။ အဲဒီမှာ ဘာဈေး တန်းမှ မရှိဘူး။ ဒါဆိုရင် KIA ပြောခွင့်ရသူနဲ့ ဂွမ်မော်ရဲ့ ပြောဆိုမှု တွေ အရင်ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။ ဘယ်ခရီးသွားမှ မရှိဘူး။ ဘူဇာဒီးရွာကျော်ပြီး   ဘယ်ဒေသခံကမှ   မသွားဘူး။  သွားတဲ့ သူတွေက ဘယ်သူတွေလဲ ခင်ဗျားစဉ်းစားကြည့်ပါ။
    -    ပဉ္စမအချက်အနေနဲ့ ထုတ်ပြန်ထားမှုတွေအရ KIA ရဲ့တပ်မဟာမှူး အဆင့်ရှိသူ၊ တပ်ရင်းမှူးအဆင့်ရှိသူတွေ အပါအဝင် PDF တွေ၊ NLD ရဲ့အဖွဲ့တွေပဲ ပါတယ်။ အဆင့်တွေ ၊ အမည်တွေ၊ ရာထူးတွေ၊         အဖွဲ့အစည်းတွေရဲ့ အထောက်အထားရှိပါတယ်။ အရပ်သား အမည်စာရင်းတောင် မပါဘူး။ ထူးခြားတာက NLD ပါတီဝင် အမည်အချို့၊ PDF အမည်အချို့တွေ့ရတော့ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်။ အကြမ်းဖက် လုပ်ငန်းတွေကို ပူးတွဲလုပ်ဆောင်နေတာဟာ ထင်ရှားပါတယ်။ နောက်တစ်ချက်ကတော့    စစ်ကိုင်းတိုင်းမှာဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနောက်ကွယ်က ဘယ်သူတွေပါသလဲ။ ခင်ဗျားတို့ ကြည့်ရင်သိပါမယ်။ KIA ဟာ စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို လေ့ကျင့်ပေးရုံတင်မကဘူး၊ လက်နက်နဲ့ခဲယမ်းတွေ၊ မိုင်းတွေကိုပါ ထောက်ပံ့ပါတယ်။ ဖမ်းဆီးရမိ၊ သိမ်းဆည်းရမိ လက်နက်တွေကိုကြည့်ရင်   KIA ထုတ်   လက်နက်တွေက အများဆုံးပါပဲ။ မန္တလေးတိုင်းဒေသဘက်ကမိတဲ့ လက်နက် တွေလည်း KIA ထုတ်တွေချည်းပဲ ဖြစ်ပါတယ်။ နောက်ကွယ်က KIA ရဲ့ အရာရှိတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ များစွာရှိကြောင်း အချက်အလက်တွေ ရှိပါတယ်။ ဒါ့ကြောင့် တပ်မတော်အနေဖြင့် လိုအပ်တဲ့စစ်ဆင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် သည်အဖွဲ့တွေပဲ ကျွန်တော်တို့ရဲ့ နယ်မြေထိန်းစခန်း တွေဖြစ်တဲ့ အောင်ဘာလေရွာအနီးက စခန်းတွေကို ဝင်တိုက် တာတွေ ရှိပါတယ်။ လက်ရှိ Online ဓာတ်ပုံ အထောက်အထား တွေကြည့်ပါ။ ယူနီဖောင်းနဲ့ သေဆုံး၊ ဒဏ်ရာရပုံတွေ တက်လာ တာရှိတဲ့အတွက် အရပ်သားဆိုတာ မရှိပါဘူး။ အရပ်သားနေထိုင်ရာ နေရာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
    -    နောက်ဆုံး ဆက်စပ်ပြောချင်တာက တပ်မတော်ဟာ လက်နက်မဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်တာမရှိဘူးလို့ ပြောချင်တယ်။ အောက်တိုဘာ ၁၂ ရက်နေ့က မုံရွာ-ကျောလမ်းကြောင်းပေါ်က ကန်ဒေါင့်ကျေးရွာအနီးမှာ ပြည်သူ ၁၅ ဦး ခရီးသွားစဉ် PDF က ဖမ်းဆီးခေါ်ဆောင်သွားတာ  ရှိပါတယ်။  သည်သတင်းနဲ့ ဆက်စပ်ပြီး  အောက်တိုဘာလ ၁၉၊ ၂၀ မှာ ကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ ယင်းမာပင်မြို့ နယ် ရင်ပေါင်တိုင်နဲ့ ရွှေလှန်ကျေးရွာတစ်ဝိုက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်တယ်။ အဲဒီ KIA/PDF တွေနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တာရှိပါတယ်။ နောက်ဆုံးကျွန်တော်တို့ အဲဒီအဖွဲ့တွေ    ဖမ်းဆီးချုပ်နှောင်ထားတဲ့   အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးကို  ကယ်တင်နိုင်ခဲ့တယ်။  အချို့ အဲဒီမှာ ၂ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေပါတယ်။ အချို့ဆိုရင် ၇ လကနေ ၁ နှစ်နီးပါး ချုပ်နှောင်ခံထားရတာ ရှိပါတယ်။ ဒါက အနီးကပ်ဆုံးအဖြေပါ။  တပ်မတော်သည်  အရပ်သားတွေကို  တိုက်ခိုက်တာမရှိဘူး။ အကြမ်းဖက်သမားတွေ ဖမ်းဆီးမှုကနေ ပြည်သူတွေကို ကယ်ထုတ်တာပဲ ရှိပါတယ်။ 
    -    ခင်ဗျားမေးတဲ့မေးခွန်းကို ကျွန်တော်စုံလင်အောင် ပြောပြီးဖြစ် ပါတယ်။ တပ်မတော်ဟာ လက်နက်မဲ့အရပ်သားကို တိုက်ခိုက်တာ မရှိဘူး။ ယင်းမာပင် ဖြစ်စဉ်ကိုကြည့်ပါ။ ပြည်သူကို  ကယ်တင် တာပဲရှိတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသဖြစ်စဉ်ဟာ KIA တပ်မဟာ (၉) က ထိန်းချုပ်ထားတယ်လို့  သူတို့ကိုယ်တိုင်ပြောထားတဲ့         နယ်မြေဖြစ်တယ်။  အချက်အလက်တွေအရ  KIA  ရဲ့   PDF အကြမ်းဖက်ဝင်တွေနဲ့   ဆက်နွှယ်သူတွေသာ ရှိတယ်။ ဒါကို တပ်မတော်အနေနဲ့ စစ်ဆင်ရေးလုပ်တာ ဖြစ်တယ်။ နှစ်ပတ်လည် အခမ်းအနားဆိုတာလည်း ကျွန်တော်တို့မသိဘူး။ ရန်သူတွေရဲ့ ခိုအောင်းတည်ရှိနေရာ၊   အကြမ်းဖက်သမားတွေစုစည်းရာ နေရာဖြစ်လို့သာ ဖြစ်တယ်။  ဒါ့ကြောင့်  စစ်ရေးလိုအပ်ချက် အရ  စစ်ဆင်ရေးဆောင်ရွက်ခြင်းသာဖြစ်တယ်။  တပ်မတော် ဟာ   ဖြစ်တည်မှုသမိုင်းစဉ်ကနေ  လက်ရှိအခြေအနေအထိ အရပ်သားပြည်သူတွေအပေါ်  တိုက်ခိုက်တာမရှိကြောင်းနဲ့   မမှန်သတင်းဖြန့်မှုအပေါ်  ဖြေရှင်းစရာမရှိဘူးလို့‌ ပြောချင် တယ်။