စင်ကာပူသို့ အင်ဒိုနီးရှားမှ ကြက်သားနှင့် ကြက်သားထုတ်ကုန်များ တင်ပို့ရန် ကြိုးပမ်း

 

မလေးရှားနိုင်ငံမှ ကြက်သားနှင့် ကြက်သားထုတ်ကုန်များ ပြည်ပသို့ တင်ပို့မှုကို  ပိတ်ပင်ခဲ့ပြီးနောက်    စင်ကာပူနိုင်ငံစားနပ်ရိက္ခာဌာန (Singapore Food Agency-SFA) သည် နိုင်ငံတွင်းလိုအပ်ချက်ကြောင့် အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင်   ကြက်သားရရှိနိုင်သည့် အရင်းအမြစ်များမှ   ကြက်သားနှင့်   ကြက်သားထုတ်ကုန်များကို တင်သွင်းခွင့်ပြုသွားရန် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။  

 


စင်ကာပူနိုင်ငံအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ကြက်အရှင် အပါအဝင် အအေးပေးကြက်သား၊ အေးခဲကြက်သားနှင့်  ပြုပြင်စီမံ ထုတ်လုပ်ထားသည့် ကြက်သားထုတ်ကုန်များကို သွင်းကုန်အနေဖြင့် တင်သွင်းခွင့်ပြုမည်ဟု အသိပေးကြေညာချက်တစ်ရပ်ကို ဇွန် ၃၀ ရက် က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

 


SFA ၏ ပြောကြားချက်အရ အင်ဒိုနီးရှားနိုင်ငံမှ ကုမ္ပဏီသုံးခုကို ကြက်သားနှင့် ကြက်သားထုတ်ကုန်များ တင်သွင်းနိုင်ရန် အတည်ပြု ထောက်ခံချက်များ ခွင့်ပြုထုတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အခြားကုမ္ပဏီ ၁၂ ခုသည်လည်း   စင်ကာပူနိုင်ငံသို့   ကြက်သားနှင့် ကြက်သားထုတ်ကုန်များတင်ပို့နိုင်ရေး ခွင့်ပြုချက်ရရှိရန်   ကြိုးပမ်း လျက်ရှိကြောင်းနှင့် SFA သို့ လျှောက်ထားတင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ 

 


စင်ကာပူနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကြက်သားနှင့် ကြက်သားထုက်ကုန် တန် ၂၁၄၄၀၀ ခန့်ကို တင်သွင်းခဲ့ပြီး ဘရာဇီး နိုင်ငံမှ ၄၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ ၃၄ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံမှ ၈ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများမှ ၁၀ ရာခိုင်နှုန်း  အသီးသီးတင်သွင်း ခဲ့ကြောင်း သိရသည်။
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊