
နေပြည်တော် ဇန်နဝါရီ ၂၃
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၂၃ ဦးအား စင်ကာပူရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၇) ကြိမ်မြောက် မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) စင်းလုံးငှား အထူးကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှုခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ သတင်းစဉ်