စင်ကာပူ၌ ဆန်ပိုးမထိုးအောင် မူပိုင်ခွင့်ယူထားသည့် ကိုယ်ပိုင်နည်းပညာသုံးစွဲ

 

စင်ကာပူ  ဇန်နဝါရီ ၁၂
ဆန်ပိုးနှင့် အခြားအင်းဆက်ပိုးမွှားများ ဝင်ရောက် ခြင်းမှ ကာကွယ်ရန်   ကိုယ်ပိုင်နည်းပညာသုံးစွဲမှု အတွက် စင်ကာပူအခြေစိုက်   ဆန်သိုလှောင်လုပ်ငန်း တစ်ခုက မူပိုင်ခွင့်နည်းလမ်းများကို  အရှိန်မြှင့်သုံးစွဲ မည်ဖြစ်ကြောင်း သိရသည်။
စင်ကာပူရှိ အဓိက ဆန်သိုလှောင်ကန်ထရိုက်တာ များထဲမှ တစ်ခုဖြစ်သည့် Singapore Storage & Warehouse သည်    ၎င်း၏   ဂိုဒေါင်အတွင်း၌ သမားရိုးကျ မီသိုင်းဘရိုမိုက်ဆေးဖြင့် ပိုးသတ်သည့် နည်းလမ်းကို  သုံးစွဲခြင်းမပြုတော့ဘဲ   အစားထိုး နည်းလမ်းသစ်ဖြစ်သည့် သိုလှောင်ထားသော ဆန် ပတ်ဝန်းကျင်ရှိ လေထုဖွဲ့စည်းမှုကို    ထိန်းချုပ်ရန် အတွက် ပြီးခဲ့သော  သုံးနှစ်အတွင်း   ပြည်တွင်း၌ တီထွင်ခဲ့သော နည်းပညာကို   အသုံးပြုလျက်ရှိသည်။ ထိုအသုံးပြုမှု   နည်းပညာသည်  လက်လီစားသောက် ကုန်လုပ်ငန်းမှ ထုပ်ပိုးခြင်းနှင့် အနည်းငယ်ဆင်တူပြီး ထိုအရာကို Modified Atmosphere Packaging (MAP) ပုံးခွံ နည်းပညာ အသုံးပြုကာ ၂၀၁၉ တွင် စတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။
ဆန်အိတ်များကို အောက်ခံအဆင့်တစ်ထပ်ပေါ် တွင် ထားရှိကာ  အပေါ်မှ  သေတ္တာပုံးခွံဖြင့် ဖုံးအုပ်၍ အလုံပိတ်ထားကာ သေတ္တာပုံးထဲမှ အောက်ဆီဂျင်ကို ထုတ်ယူပြီး တစ်ချိန်တည်းတွင် အခြားဒြပ်စင်များနှင့် လွယ်ကူစွာ  ဓာတ်မပြုသော      ဓာတ်ငွေ့ဒြပ်စင် Inert gas ကို ထည့်သွင်းထားခြင်းဖြစ်သည့် အဆိုပါ နည်းပညာကြောင့် ဆန်အိတ်များရှိနေသည့် သေတ္တာပုံး ထဲ အောက်ဆီဂျင် မရှိသလောက် နည်းပါးသွားခြင်းဖြင့် အရွယ်ရောက်ပြီး ဆန်ပိုးကို အသက်မရှင်စေနိုင်တော့ သည့်နည်းလမ်းကို  အသုံးပြုခြင်းဖြစ်ကြောင်း  သိရသည်။
သေတ္တာပုံးတစ်လုံးလျှင်   ဆန်တန်ဝက်ခန့် ထည့်သွင်းနိုင်ကြောင်း၊ ယခုအခါ ကုမ္ပဏီ၏   ဆန် သိုလှောင်ရုံရှိ    ဆန်ထက်ဝက်ကျော်ကို MAP သေတ္တာပုံးများတွင်   ထည့်သွင်းထားကြောင်း၊ နည်းပညာကြောင့် နှစ်ပေါက်သည်အထိ အထားအသို ခံနိုင်ကြောင်း Singapore Storage & Warehouse အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။ 
ယခင်က ဆန်အိတ်တင်ထားသည့်နေရာများကို သီတင်းပတ်ငါးပတ်လျှင်တစ်ကြိမ်ခန့် ပိုးသတ် ပေးရပြီး မီသိုင်းဘရိုမိုက်ဆေးဖြင့်  ပိုးသတ်သည့် အတွက်  ဆန်တွင်  ဘရိုမိုက်အကြွင်းအကျန်အချို့ ရှိနေသည့် ဆိုးကျိုးရှိရာ ယခုကဲ့သို့  နည်းပညာ အကူအညီဖြင့် ဆန်ပိုးမထိုးစေသည့် နည်းလမ်း များကို အသုံးပြုပြီး ပိုမိုသိုလှောင်နိုင်သည့်အပြင် ယင်းနည်းပညာကိုလည်း မူပိုင်ခွင့်ထားရှိသွားမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက  ပြောကြားထား သည်။