စွန့်စားခရီးသွားခြင်းကို ကြိုက်သူတွေအတွက် ကျိုက်ထီးရိုး ဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းက Forest House Camp

 

ယဉ်လာဒ်

မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ရှောင်ထွက်ပြီး စွန့်စားမှုခရီးစဉ်တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကျိုက်ထီးရိုး ဘေးမဲ့သစ်တောကြိုးဝိုင်း အတွင်းက Forest House Camp ကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။ 
ဒီခရီးစဉ်ဟာ စွန့်စားခရီးသွားချင်သူတွေအတွက် အကြိုက်တွေ့ စေမယ့်   ခရီးစဉ်တစ်ခုလို့ဆိုနိုင်ပြီး   ခရီးရှည်လမ်းလျှောက်ခြင်းနဲ့ တောင်တက်ခြင်း၊  စခန်းချခရီးသွားခြင်း အတွေ့အကြုံတွေကို အပြည့် အဝခံစားရစေနိုင်မယ့် ဈေးနှုန်းသက်သာတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။
တောတွင်းအခြေပြု ခရီးစဉ်တွေ ဖော်ဆောင်
“ကျွန်တော်တို့ Forest House Camp က ကျိုက်ထီးရိုး ဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းမှာ တည်ရှိတာပါ။ ဒီတောထဲမှာ သစ်ခုတ် ဝါးခုတ်တဲ့ ဒေသခံတွေရဲ့ သစ်လုံးအိမ်တွေရှိပါတယ်။ အရင်ကတော့ ဒေသခံတွေက   ဘုရားဖူးတွေလာကြတော့  စျေးရောင်းကြတယ်။ အခုကျတော့ ဘုရားဖူးဧည့်သည် နည်းပါးသွားတော့ တောထဲမှာ သစ်ခုတ်ဝါးခုတ်ကြတော့ တောတွေပြုန်းကုန်ကြပါတယ်။ ကျွန်တော် က ခရီးသွားရတာ  ဝါသနာပါတော့ ဒီဘက်မှာ တောတွင်းအခြေပြု ခရီးစဉ်လေးတွေ ဖော်ဆောင်ပေးချင်စိတ်ဖြစ်လာတယ်။ နောက်ပြီး ဒေသခံတွေလည်း ဝင်ငွေရစေမယ်။ တောကိုမှီခိုပြီး သစ်တောကို ရေရှည်ပြန်ထိန်းသိမ်းချင်တယ်။ အဲဒါနဲ့  အခုလို Forest House ကို ဖော်ဆောင်ခဲ့ပါတယ်”လို့ Forest House Camp ကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဦးအောင်ပြည့်စုံက စာရေးသူကို ပြောပြပါတယ်။ 
Forest House Camp ကို ဖော်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ တောတောင်သဘာ၀ကို ချစ်မြတ်နိုးသူတွေ၊ မြို့ပြရဲ့ မွန်းကျပ်မှုတွေ ကနေ ခေတ္တခဏတာ ရှောင်ထွက်ပြီး စိတ်ကိုအပန်းဖြေချင်သူတွေ အတွက် သီးသန့်ကမ္ဘာလေးထဲကို ရောက်သွားရသလိုမျိုး ခံစားရစေ အောင် ပုံဖော်ထားတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီခရီးစဉ်ကို လာရောက်သူတွေအနေနဲ့ သဘာဝရော်ဘာတော လမ်းတစ်လျှောက်မှာ   လမ်းလျှောက်ခရီးသွားရမှာ   ဖြစ်ပါတယ်။ ငြိမ်သက်အေးချမ်းတဲ့ ရော်ဘာတောထဲက ကျေးငှက်သာရကာ အသံ တွေကို နားထောင်ပြီး လတ်ဆတ်တဲ့လေကို တစ်ဝကြီးရှူရှိုက်ရင်း ပထမစခန်းချရာဆီကို သွားရောက်ရမှာဖြစ်ပါတယ်။
ပထမစခန်းချရာနေရာ
ပထမစခန်းချရာနေရာကို လမ်းလျှောက်သွားရင် တစ်နာရီခန့် ကြာပြီး ဆိုင်ကယ်နဲ့ဆိုရင် မိနစ် ၂၀ ခန့် ကြာမြင့်မှာ​ဖြစ်ပါတယ်။ ပထမစခန်းချရာနေရာမှာ အနုပညာဆန်ဆန်စိုက်ပျိုးထားတဲ့ ရောင်စုံ ပန်းမျိုးစုံကို မြင်တွေ့ရမှာဖြစ်သလို ဥယျာဉ်အတွင်းမှာ ဆေးဖက်ဝင် အပင်တွေကိုလည်း    လေ့လာနိုင်ပါတယ်။   ပထမစုရပ်ဖြစ်တဲ့ ဆရာတော်ဥယျာဉ်ကနေပြီး စခန်းချမယ့် သစ်လုံးအိမ်ကို ရောက်ရှိဖို့ သုံးနာရီလောက် ထပ်မံသွားရမှာဖြစ်ပါတယ်။ ဒီလမ်းပိုင်းမှာတော့ ခရီးရှည်လမ်းလျှောက်ခြင်းနဲ့ တောင်တက်ခြင်းတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 
ခရီးရှည်လမ်းလျှောက်ခြင်းနဲ့ တောင်တက်ခြင်း
လမ်းတစ်လျှောက် သဘာဝတောလမ်းအတိုင်းသွားရမှာမို့ စိတ်ကို အပန်းပြေစေမှာကတော့အမှန်ပါ။ တောလမ်းအတိုင်း လမ်းလျှောက် ရင်း နှစ်ပေါင်းရာကျော် မဆွေးမြည့်တဲ့ သစ်ပင်ကြီးတွေနဲ့ ကျောက် တောင်၊   ကျောက်ကမ်းပါးတွေမှာ  စွန့်စားခန်းဆန်ဆန် ခရီးရှည် လမ်းလျှောက်ခြင်းနဲ့ တောင်တက်ခြင်း  နှစ်မျိုးလုံးကို  ပြုလုပ်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အစိတ်အပိုင်းတွေ အားလုံးကို အလုပ်လုပ်ပေးရမှာဖြစ်တာမို့ ကိုယ်လက်လှုပ်ရှားမှုကို လည်း တစ်ခါတည်း ပြုလုပ်ပြီးသား ဖြစ်စေပါတယ်။ 
သစ်လုံးအိမ်ကိုမရောက်ခင် လမ်းမှာ ဘုံခုနစ်ဆင့် တသွင်သွင် စီးဆင်းနေတဲ့ နတ်သမီးရေတံခွန်ရှိပြီး ဒီနေရာမှာ အနားယူ ရေကစား နိုင်ပါတယ်။ ရေကူးရတာ၊ ဒိုင်ဗင်ထိုးရတာကို ကြိုက်တတ်တဲ့သူတွေ သဘောကျနှစ်ခြိုက်မှာ ဖြစ်ပါတယ်။ ဝါသနာပါရင် အပျော်တမ်း ငါးဖမ်းတာလည်း လုပ်လို့ရပါသေးတယ်။ 
သဘာဝတောတောင်တွေရဲ့အကြား ရောက်ရှိနေတာမို့ စိတ်ချမ်း သာစေနိုင်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းအထိ အားအင်တွေကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Hidden Paradise လို့  တင်စားထား တဲ့ စမ်းချောင်းလေးဘေးမှာတည်ရှိတဲ့ သစ်လုံးအိမ်လေးမှာ ညအိပ် ရမှာဖြစ်တာမို့ စခန်းချရမယ့် သစ်လုံးအိမ်ဆီကို ထပ်မံပြီး လမ်းလျှောက် ရဦးမှာဖြစ်ပါတယ်။ 
သစ်လုံးအိမ်မှာ ညအိပ်ရင်း ညဘက် အေးတာမို့ မီးပုံလေးဘေးမှာ အနွေးဓာတ်လှုံရင်း မိတ်ဆွေတွေနဲ့ ဘ၀အတွေ့အကြုံတွေကို ဖလှယ် ခွင့်ရ​ရှိစေပြီး မမေ့နိုင်တဲ့တောတွင်းခရီးစဉ်အဖြစ် အမှတ်တရရှိစေမှာ ဖြစ်ပါတယ်။  မီးလှုံရင်း ကော်ဖီသောက်ရင်း  ဆေးဖက်ဝင်သစ်ဥသစ်ဖု တွေနဲ့လုပ်ထားတဲ့ ရေနွေးကြမ်းပူပူလေးကို သဘာဝဝါးခွက်လေးနဲ့ ငှဲ့သောက်ရင်း ကောင်းကင်ပေါ်က ကြယ်တွေကိုငေးမောရင်း သဘာဝ ရဲ့ အေးချမ်းမှုကို ခံစားရစေမှာဖြစ်ပါတယ်။
တောတွင်း Camping Site နှစ်နေရာ ဆက်လက်ပြုလုပ်
ဒါ့အပြင် တောတွင်း Camping Site နှစ်နေရာကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါ Camping Site တွေကို ကျောက်ဖြူ တောင်ပေါ်မှာ ပြုလုပ်သွားမယ်လို့ ဦးအောင်ပြည့်စုံက စာရေးသူကို ပြောပါတယ်။  သစ်လုံးအိမ်ကနေလမ်းလျှောက်ရင် ကျောက်ဖြူတောင် ဆီကို တစ်နာရီခွဲလောက် ကြာမြင့်မှာဖြစ်ပါတယ်။ 
“ကျောက်ဖြူတောင်ပေါ်ကနေကြည့်ရင်  နေဝင်နေထွက်တာကို ကြည့်လို့ရတယ်။ ပြီးတော့ ကျိုက်ထိုမြို့တစ်မြို့လုံးကို မြင်တွေ့နိုင် သလို စစ်တောင်းမြစ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ သစ်လုံး အိမ်ဆီကိုရောက်ဖို့ ကင်ပွန်းစခန်းကနေ တောတွင်းလမ်းလျှောက်ခရီး လမ်းကြောင်းနှစ်ခုရှိပါတယ်။      ဆရာတော်ကျောင်းဘက်ကနေ သွားတာနဲ့ ကျောက်ဖြူတောင်ဘက်ကနေ သွားရတာ ဖြစ်ပါတယ်။ ကျောက်ဖြူတောင်ဘက်ကသွားရင် တောင်အဆင်းလမ်းဖြစ်တာမို့ လမ်းလျှောက်ရတာ သက်သာပါတယ်။ ဆရာတော်ကျောင်းဘက် ကနေ သစ်လုံးအိမ်ဆီသွားရင်တော့ ခရီးရှည်လမ်းလျှောက်ခြင်းနဲ့ တောင်တက်ခြင်း နှစ်မျိုးစလုံးကို ပြုလုပ်ရမှာဖြစ်တာမို့ Adventure ခရီးစဉ်တွေကို ကြိုက်တဲ့သူတွေ နှစ်သက်စေမယ့် ခရီးစဉ်ဖြစ်ပါတယ်” လို့ ဦးအောင်ပြည့်စုံက ဆက်ပြောပါတယ်။
ဒီခရီးစဉ်မှာ အမြင့်ပေ ၁၈၀၀  ကျော် ရှိတဲ့ ဆင်ဖြူတောင်ခေါ် လင်းနို့ဂူတောင်၊ ဘီလူးမချောင်း၊ ဘီလူးမရေတံခွန်၊ နတ်သမီးရေတံခွန်၊  ပထမစခန်းချ ခေတ္တနားခိုတဲ့ ဆရာတော်ဥယျာဉ်နဲ့ စခန်းချအိပ်စက် မယ့်   သစ်လုံးအိမ်ဆိုတဲ့နေရာတွေကို  ရောက်ရှိစေမှာဖြစ်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာနေ့ရက်   ရွေးချယ်ပြီး   သစ်လုံးအိမ်ဆီကို လာရောက်လည်ပတ်နိုင်သလို Forest House Camp က စီစဉ်ပေး ထားတဲ့ ပက်ကေ့ချ်သုံးမျိုးနဲ့လည်း လည်ပတ်နိုင်ပါတယ်။ ပက်ကေ့ချ်နဲ့ လည်ပတ်မယ်ဆိုရင် ရန်ကုန်-ကျိုက်ထို(အသွားအပြန်ကားခ)၊ ညစာ နဲ့ မနက်စာ၊ တောတွင်းလမ်းပြ၊ တောင်တက်စဉ် အဆာပြေစားဖို့ မုန့်နဲ့ အချိုရည်၊ ရွက်ဖျင်တဲတို့ ပါဝင်မှာဖြစ်ပြီး တစ်ဦးကို ကျပ်ငါးသောင်း ကနေ ကျပ်တစ်သိန်းအထိ ပက်ကေ့ချ်အမျိုးအစားတွေ ရှိပါတယ်။ 
ခရီးရှည်လမ်းလျှောက်ခြင်း၊    တောင်တက်ခြင်းနဲ့  တောတွင်း စခန်းချ ခရီးသွားခြင်းတွေကို  နှစ်သက်သူတွေအနေနဲ့  ရန်ကုန်မြို့ကနေ မဝေးလှတဲ့ ကင်ပွန်းစခန်းအနီး ကျိုက်ထီးရိုးဘေးမဲ့ သစ်တောကြိုးဝိုင်း အတွင်းမှာတည်ရှိတဲ့ Forest House Camp ကို သွားရောက်လည်ပတ် နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသားဖော်ပြ လိုက်ရပါတယ်။     ။