
နေပြည်တော် ဇန်နဝါရီ ၂၅
ပြည်ထောင်စု နယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် စမတောင်တော်ပေါ်၌ တည်ထား ကိုးကွယ်ထားသော ကမ္ဘာ့ ကပ်ကျော်စေတီတော် ထုံး သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် အောင်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါစေတီ တော် ပရိဝုဏ်၌ ကျင်းပသည်။
အခမ်းအနားသို့ စမတောင် တော် ကမ္ဘာ့ကပ်ကျော်စေတီတော် ဆရာတော် ဘဒ္ဒန္တဉာန္နောဘာသ အမှူးပြုသော ဆရာတော်၊
သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ တာဝန် ရှိသူများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဇနီးနှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ် များက ကမ္ဘာ့ကပ်ကျော်စေတီကြီးအား ထုံးသင်္ကန်း ဆက်ကပ်လှူဒါန်း၍ ဘုရားကျောင်းကန်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ထို့နောက် ဆရာတော် ဘဒ္ဒန္တဉာန္နောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာ တော်များ ရွတ်ပွားသရဇ္ဈာယ်သည့် ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အလားတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင်လည်း ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ဦးဆောင်၍ မြို့နယ် များအတွင်းရှိ ဘုရား၊ စေတီ များတွင် ထုံးသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘုရားကျောင်းကန်များ အတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)