
ကျေးလက်ညိုညို
ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး
ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုသို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဟု ဆိုရာတွင် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးနှင့် သက်ဆိုင် သဖြင့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပြည်သူအားလုံးကို လေ့ကျင့် သင်ကြားရမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးသည် အခြေခံအကျဆုံး ဖြစ်၍ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ အသိပညာပြန့်ပွားရေးကို အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်၊ ဌာနအကြီးအမှူးများ အဆင့်အထိ အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးခြင်း တို့ ဆောင်ရွက်လျက်ရှိပါသည်။
စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာ ပြန့်ပွားရေးသင်တန်းများသည် ဌာနဆိုင်ရာဝန်ထမ်း များ စွမ်းဆောင်ရည်အသိပညာ စဉ်းစားတွေးခေါ်ဆုံးဖြတ်မှုတို့ကို မြှင့်တင်ပေးပါသည်။ ထို့ပြင် မိမိဌာန ဝန်ထမ်းများအား အသိပညာပြန့်ပွားရေးအတွက် ပြန်လည် မျှဝေနိုင်ရုံသာမက လက်တွေ့အသုံးချခြင်း ဖြင့် မိမိဌာနလုပ်ငန်းခွင်ဖွံ့ဖြိုး တိုးတက်စေနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထိ စွမ်းဆောင်နိုင်မည် ဖြစ်ပေသည်။
အချို့ဝန်ထမ်းများသည် သင်တန်းတက်ရောက် ရန် ငြင်းဆန်လိုကြသည်။ မိမိ မရှိလျှင် လုပ်ငန်း တာဝန်များ အခက်အခဲဖြစ်ပေါ်နိုင်သည်ကို စိုးရိမ်၍ လည်းကောင်း၊ အချို့မှာ ဝန်ထမ်းမှ သင်တန်း တက်ရောက်လိုသော်လည်း ဌာနကအကြောင်း ကြောင်းကြောင့် စေလွှတ်မှု မရှိ၍လည်းကောင်း၊ သင်တန်းတက်ရောက်ရန် အခွင့်အရေး မရသည်များ လည်း ကြားသိရပါသည်။ မည်သည့် ဌာန၊ မည်သည့် လုပ်ငန်းခွင်တွင်မဆို ဝန်ထမ်းတစ်ဦးသည် ရုတ်တရက် ကွယ်လွန်ခြင်း၊ လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိသည့်အခြေအနေအထိ ကျန်းမာရေး ဆိုးရွားသွား ခြင်း၊ ပင်စင်ယူခြင်းတို့ ကြုံတွေ့ရမည်ဖြစ်သဖြင့် ဤသို့သော အခြေအနေများတွင် လုပ်ငန်းခွင်တွင် ကျန်ရှိသူနှင့်သာ အလုပ်ဖြစ်အောင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိလုပ်ငန်းတာဝန် ဆောင်ရွက်မှုကို အထောက်အကူဖြစ်စေမည့် သင်တန်းများ တက်ရောက်ခြင်းကို ကိုယ်တိုင် ကျေနပ်စွာ လက်ခံနိုင်ရမည်ဖြစ်သကဲ့သို့ မိမိ လက်အောက်လုပ်ဖော်ကိုင်ဖက်၊ မိမိအထက် ဝန်ထမ်းများ သင်တန်းတက်ရောက်ရေးကို အားပေး ကူညီရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်မ၏ ဝန်ထမ်း ဘဝတစ်လျှောက် တက်ရောက်ခဲ့ဖူးသော သင်တန်း များနှင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ပုံ၊ အကျိုးရှိပုံတို့ကို မျှဝေလို၍ ဤဆောင်းပါးကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။
စည်ပင်ဦးစီးဌာနဝန်ထမ်းဘဝနှင့် သင်တန်းအတွေ့အကြုံများ
ကျွန်မသည် သင်တန်းတက်ရောက်ရခြင်းကို လွန်စွာစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး မိမိဝန်ထမ်း သက်တစ်လျှောက် ၃၅ နှစ်နီးပါးခန့် တက်ရောက်ခဲ့ ရသည့် သင်တန်းများကို ပြန်လည်စဉ်းစားကြည့် သောအခါ နေရာဒေသ၊ အတွေ့အကြုံနှင့် ဘာသာရပ် များမတူကွဲပြားသည်ကို အောက်ပါအတိုင်း တွေ့ရှိရ ပါသည်-
စာရင်းစစ်ချုပ်ရုံး၊ လေ့ကျင့်သင်ကြားရေးနှင့်သုတေသနဌာနတွင် ၂၇-၄-၁၉၉၂ မှ ၃၁-၇-၁၉၉၂ အထိ ဖွင့်လှစ်ခဲ့သည့် စာရင်းစစ်များ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂)၊ ဤသင်တန်း ကို တက်ရောက်ခြင်းအားဖြင့် ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်းများ၏ စာရင်းထားသိုနည်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းများ၊ အစိုးရဌာန အဖွဲ့အစည်းအသီးသီးအား စာရင်း စစ်ဆေးရမည့် လုပ်ငန်းလမ်းညွှန်များ သိရှိခဲ့ရပြီး စာရင်းစစ်တာဝန်ထမ်းဆောင်စဉ်မှ ယနေ့အထိ အသုံးချလျက်ရှိပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)၌ ၃-၅-၁၉၉၆ မှ ၃-၆-၁၉၉၆ အထိ ဖွင့်လှစ်ခဲ့ သည့် အရာရှိကြီးများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂)၊ စည်ပင်သာယာရေးဦးစီးဌာန၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနတွင် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုစသည့် ဘာသာရပ်များ အဖြစ် အခြေခံစစ်ရေးပြ၊ အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်အောင် လက်တွေ့လေ့ကျင့်ပေးမှု များ လေ့လာခဲ့ရပါသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့် ရေးကျောင်း၌ ၁၅-၃-၁၉၉၉ မှ ၈-၄-၁၉၉၉ အထိ ဖွင့်လှစ်ခဲ့သည့် ဘဏ္ဍာရေးစည်းမျဉ်းအထူး သင်တန်းအမှတ်စဉ်(၈)၊ ဤသင်တန်းတွင် စည်ပင် သာယာရေးအဖွဲ့များ၏ သာမန်စာရင်းရှင်၊ ငွေလုံး ငွေရင်းစာရင်းရှင်၊ ငွေရေးကြေးရေးစာရင်းရှင် အရပ်ရပ် အခွင့်အရေးလိုင်စင်စာရင်းရှင်များ ဖွင့်လှစ် ဆောင်ရွက်မှု၊ ပုံစံစည်ပင်များဖြင့် ငွေစာရင်း ထိန်းသိမ်းဆောင်ရွက်မှု၊ စည်ပင်သာယာရေးအဖွဲ့ များ၏ ရငွေသုံးငွေ ဘတ်ဂျက်ရေး ဆွဲဆောင်ရွက်မှု များ လေ့လာသိရှိခဲ့ရပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)၌ ၂၂-၆-၁၉၉၉ မှ ၂၄-၉-၁၉၉၉ အထိ ဖွင့်လှစ်ခဲ့သည့် အခြေခံ ဝန်ထမ်းလောင်းသင်တန်းအမှတ်စဉ်(၁၅၀)၊ ဤသင်တန်းတွင် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စီးပွားရေးဘာသာရပ်၊ စီမံခန့်ခွဲရေး ဘာသာရပ်တို့ ပါဝင်ခဲ့ပြီး ထူးခြားချက်မှာ အခြေခံ စစ်ရေးပြ ဘာသာရပ်တွင် စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုသည်အထိ သင်ကြားလေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ပါသည်။ သေနတ်ပစ်လေ့ကျင့်မှု ပါဝင်သည့် အပြင် ရိက္ခာပစ္စည်းအပြည့်အစုံဖြင့် ချီတက်ခြင်းတို့ လည်း ပါဝင်ပေသည်။ ငယ်စဉ်ကဘင်ခရာ သင်တန်း၊ ကြက်ခြေနီသင်တန်းတို့တွင် စစ်ရေးပြ လေ့ကျင့်ဖူးသည်ဖြစ်ရာ စစ်ရေးပြ သင်ခန်းစာသည် မိမိအတွက် အထူးအဆန်းမဟုတ်သော်လည်း သေနတ်ပစ်နှင့် ရိက္ခာအပြည့်အစုံနှင့် ရည်မှန်းချက် သို့ လက်တွေ့ချီတက်ခြင်းသည် အလွန်စိတ်ဝင်စား ပျော်ရွှင်ဖွယ် ဘာသာရပ်များ ဖြစ်ပေသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟို လေ့ကျင့်ရေးကျောင်း၌ ၂-၁၀-၂၀၀၀ မှ ၂၄-၁၁-၂၀၀၀ အထိ ဖွင့်လှစ်ခဲ့သည့် စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇)၊ စည်ပင်သာယာရေးဦးစီးဌာန၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ကဏ္ဍ အလိုက် အသေးစိတ်သင်ကြားပို့ချ၍ အပတ်စဉ် စာမေးပွဲစစ်ကာ သင်ကြားလေ့ကျင့်ပေးခြင်း ဖြစ်ပါ သည်။ အရာထမ်းအဆင့်မြင့် ရာထူးများကို ဤသင်တန်းတက်ရောက်ပြီးမှ ဖြေဆိုခွင့်ပေးခဲ့ပါ သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်တွင် ၂၂-၉-၂၀၀၈ မှ ၁၂-၁၂-၂၀၀၈ အထိ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အုပ်ချုပ်မှု သင်တန်း အမှတ်စဉ်(၁၈)၊ ဤ သင်တန်းတွင် စည်ပင်သာယာ ရေးဦးစီးဌာန လုပ်သက်ရင့် အမှုဆောင်အရာရှိများ၊ စီမံခန့်ခွဲရေးဝန်ထမ်းများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လုပ်သက်ရင့်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး အပါ အဝင် လူငယ်အရာထမ်းများ ရောနှော၍ အတွေ့ အကြုံဖလှယ်ကာ ဆွေးနွေးမှုများ ဦးစားပေး သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ဝါရင့်အစ်ကိုကြီး အစ်မကြီးများ၏ အတွေ့အကြုံများ တစ်ထိုင်တည်း ရရှိခဲ့ပါသည်။
ကျေးလက်ဦးစီးဌာန ဝန်ထမ်းဘဝ
သင်တန်းအတွေ့အကြုံ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ ၂၇-၆-၂၀၂၂ မှ ၁၉-၈-၂၀၂၂ အထိ ဖွင့်လှစ်ခဲ့ သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၁၀)၊ ဤသင်တန်းမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူများမှ အရာရှိကြီး ၂၁ ဦး တက်ရောက်ခဲ့သော သင်တန်း ဖြစ်ပြီး အထက်မြန်မာပြည် ဇီးပင်ကြီး၌ တက်ရောက် ခဲ့ခြင်း ဖြစ်ပါသည်။
လုပ်ငန်းခွင်တွင် စဉ်ဆက်မပြတ် လုပ်ကိုင်နေရာ မှ သင်တန်းတွင် သင်တန်းသူအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များ လေ့လာခဲ့ရပြီး ဌာနအသီးသီးမှ သင်တန်းတက်ရောက်လာသူများ သင်တန်းမှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ အားလုံးနှင့် လည်း ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့ပြီး မောင်နှမအရင်း အချာပမာ အသိမိတ်ဆွေများ တိုးပွားခဲ့ပါသည်။ အပြန်အလှန်ဆွေးနွေးမှုများကြောင့် ဌာနအသီးသီး၏ လုပ်ငန်းစဉ်များ၊ မိမိဌာနနှင့် ဆက်စပ်သည့် အသိပညာဗဟုသုတများ များစွာရရှိခဲ့ပါသည်။ သင်ကြားခဲ့သည့် ဘာသာရပ်များကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့လုပ်ငန်းခွင်နှင့် ဌာနတွင်းသင်တန်းများ ပို့ချရာတွင် အသုံးပြုလျက်ရှိ ပါသည်။
ဥပဒေအသိပညာပြန့်ပွားရေး
ယခုနောက်ဆုံးတက်ခဲ့သော သင်တန်းမှဥပဒေ ရေးရာဝန်ကြီးဌာန၌ ၈-၆-၂၀၂၃ နေ့မှ ၁၉-၈-၂၀၂၃ နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၃) ဖြစ်ပါသည်။ ဤသင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုစနစ်နှင့် ဖက်ဒရယ်စနစ်အကြောင်း၊ မြန်မာနိုင်ငံ ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ တို့၏ ဆက်နွှယ်မှုများ၊ နိုင်ငံ၊ အချုပ်အခြာအာဏာ၊ တရားဝင်မှုနှင့် တရားစီရင်ပိုင်ခွင့်အပေါ် အပြည်ပြည် ဆိုင်ရာ နိုင်ငံရေးနှင့် ဥပဒေရှုထောင့်တို့မှ လေ့လာ ခြင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အာဆီယံ ပဋိညာဉ်စာတမ်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများ အကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စများ၊ စီးပွားရေး ဆိုင်ရာ စာချုပ်စာတမ်းများနှင့် မမျှော်မှန်းနိုင်သည့် ဖြစ်ရပ်ဆိုင်ရာ စည်းကမ်းချက်များ၊ အထွေထွေ ဥပဒေအကြံဉာဏ်ပေးရေး ဘာသာရပ်၊ ဥပဒေပြု အဖွဲ့အစည်းနှင့် ဥပဒေပြုအာဏာ၊ ဥပဒေမူကြမ်း စိစစ်ရေးဆွဲရေးနည်းလမ်းများ၊ တစ်ဆင့်ခံဥပဒေ ရေးဆွဲရေးနည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်း နည်းလမ်းများ၊ စာဖတ်နည်း၊ စဉ်းစားတွေးခေါ်နည်း၊ စာရေးနည်းနှင့် ဥပဒေရေးဆွဲနည်း အနုပညာ၊ ပြစ်မှု ဆိုင်ရာ ဥပဒေများအကြောင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်များ၊ ဥပဒေ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်စသည့် စာချွန်တော် အမိန့်များအကြောင်း၊ အစိုးရသို့မဟုတ် ရာထူး အလျောက် ဆောင်ရွက်ရသည့် ပြည်သူ့အရာထမ်း များက စွဲဆိုသည့် တရားမမှုများနှင့် ဥပဒေဆိုင်ရာ အထွေထွေကိစ္စရပ်များ သင်ကြားခဲ့ရပါသည်။ ဘာသာရပ်ပါ အကြောင်းအရာများသည် တက်ရောက် သည့် သင်တန်းသားများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး လုပ်ငန်းခွင်တွင် အသုံးပြုရမည့် ဥပဒေပိုင်းဆိုင်ရာ အတွေးသစ်များ၊ အမြင်သစ်များ ရရှိစေခဲ့ပါသည်။
ဥပဒေမူကြမ်းရေးဆွဲခြင်းဘာသာရပ်ကို ပို့ချ သောအခါ မိမိတို့ဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဥပဒေရေးဆွဲချိန်ကို အထူးသတိရ မိပါသည်။ အဆိုပါဥပဒေရေးဆွဲစဉ်က ဤပညာရပ် ကို သိခဲ့လျှင် ပိုမိုလွယ်ကူ ထိရောက်မြန်ဆန်မည် ဟု သုံးသပ်မိပါသည်။ မိမိတို့ဌာနအနေဖြင့် ခိုင်မာ သည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ဥပဒေရေးဆွဲရေးအလုပ်သည် မဖြစ်မနေ ဆောင်ရွက် ရမည့်အလုပ်ဟု တစ်ဌာနလုံးအနေဖြင့် ခံယူ၍ အားသွန်ခွန်စိုက် တစိုက်မတ်မတ် ရေးဆွဲခဲ့ခြင်းဖြစ် ပါသည်။
ဥပဒေနှင့်ပတ်သက်၍ ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ပညာသင်ယူစဉ်က ကူးသန်း ရောင်းဝယ်မှုဆိုင်ရာဥပဒေ၊ ပဋိညာဉ် စာချုပ်စာတမ်း တို့သင်ယူခဲ့ရပြီး ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန မှ ဖွင့်လှစ်သည့် Diploma Of Business Law တွင် စီးပွားရေးဆိုင်ရာ ဥပဒေများ၊ စာချုပ်စာတမ်းများ သင်ယူခဲ့ရပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဥပဒေရေးဆွဲခဲ့စဉ်က ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့မှ သက်ဆိုင်ရာကော်မတီများနှင့် ဥပဒေကြမ်းကော်မတီများ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အသီးသီးတို့တွင် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီး ငါးနှစ်ခန့်အကြာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဥပဒေမူကြမ်းရေးဆွဲရေးနှင့် ပတ်သက် ၍ လက်တွေ့ဆွေးနွေးအကြံပြုချက်များကို On Job Training အနေဖြင့် သင်ယူလေ့လာပြီး ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။ ထိုစဉ်က ဥပဒေ ပညာရှင်များ၏ ဥပဒေရှုထောင့်မှ စကားရပ် အသုံး အနှုန်း၊ စာလုံးတစ်လုံးချင်း ထောက်ပြမှုများကို ယခုသင်တန်း တက်ရောက်ချိန်၌ ပိုမိုနားလည်လာ ခဲ့ပါသည်။ ဥပဒေမူကြမ်းရေးဆွဲရေးဌာနမှ စာချုပ် စာတမ်းကိစ္စများ၊ ရာဇဝတ်မှု၊ တရားမမှုဆိုင်ရာ တရားစွဲဆိုရေးကိစ္စများလည်း များစွာလေ့လာ သိရှိခဲ့ရပြီး မိမိအနေဖြင့် ဌာနတွင်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများတွင် ဤဥပဒေဆိုင်ရာ ဘာသာရပ်များကို ပြန်လည်ပို့ချမျှဝေ ပေးလျက်ရှိပါ သည်။
မျှဝေခြင်းနှင့် လက်တွေ့အသုံးချခြင်း
အထက်ဖော်ပြပါ တက်ရောက်ခဲ့သော သင်တန်း များမှ စာတွေ့လက်တွေ့ သင်ကြားမှုများသည် အလုပ်စတင်ဝင်ရောက်သည့် စာရင်းစစ်ရာထူးမှ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုများ ရရှိသည်အထိ အသုံးပြုခဲ့ရသည့် အဖိုးမဖြတ်နိုင်သော သင်ယူရရှိမှု များ ဖြစ်ပါ သည်။ မိမိသင်ယူခဲ့သော သင်တန်းအတွေ့ အကြုံများကို လက်တွေ့လုပ်ငန်းဆောင်ရွက်မှု များနှင့် ပေါင်းစပ်၍ ဌာနတွင်းသင်တန်းများတွင် သင်ကြားပို့ချခြင်း၊ ဆွေးနွေးခြင်း၊ လက်တွေ့လုပ်ငန်း ခွင်တွင် အသုံးချခြင်းဖြင့် အတူပူးတွဲဆောင်ရွက် နေသူများအား မျှဝေပေးလျက်ရှိပါသည်။ မိမိ၏ ဆရာတစ်ဦး လမ်းညွှန်မှာကြားသည်ကတော့ “ကိုယ်ကိုယ်တိုင် သင်တန်းတက်သလို ကိုယ်လို လူတွေ အများကြီးဖြစ်အောင် မွေးထုတ်ပေးဖို့” လိုသည် ဟူ၍ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး အခြေခံ ပညာအရည်အချင်း တက်ရောက်ခဲ့သည့် သင်တန်း များ၊ လက်တွေ့ဆောင်ရွက်ဖူးသည့် လုပ်ငန်း နယ်ပယ်များ မတူညီကြ၍ စွမ်းဆောင်ရည် မြှင့်တင် ရေးကဏ္ဍတွင် တစ်ဦးနှင့်တစ်ဦး တူညီနိုင်မည် မဟုတ်ပေ၊ သို့သော် မိမိထက်သာလွန်စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ ပေါ်ထွက်လာအောင် မိမိတို့ တာဝန်ထမ်းဆောင်ခွင့်ရခိုက် အချိန်မီ လေ့ကျင့်ပေးရင်း လက်တွဲခေါ်ယူပူးပေါင်း ဆောင်ရွက် ခြင်းသည် မိမိတို့၏ တာဝန်ဖြစ်သည်ဟု ခံယူကာ စွမ်းဆောင်ရည် မြှင့်တင်ရေးကို ဆောင်ရွက်လျက် ရှိပါသည်။
စာရေးသူ၏ ဆန္ဒမွန်
ယနေ့လူငယ်များသည် နည်းပညာဘာသာရပ် ပိုင်း၌ နိုင်ငံတကာနှင့်အမီ လေ့လာနိုင်စွမ်းရှိသော အခြေအနေကောင်းများတွင် ကြီးပြင်းလာရသဖြင့် ထူးချွန်ထက်မြက်သူ များပြားလှပေသည်။ နောင်တစ်ခေတ်ဝယ် နိုင်ငံ၏ အားကိုးအားထားပြုရ သော လူကောင်းလူတော်များဖြစ်အောင် စွမ်းဆောင် ရည်မြှင့်တင်ပေးခြင်း၊ အသိပညာများ မျှဝေပေးခြင်း တို့အပြင် လက်တွေ့ဆောင်ရွက်ခွင့်ရအောင်လည်း အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားပါမည်ဟု ဆန္ဒပြုရေးသား ဖော်ပြလိုက်ပါသည်။ ။
- Log in to post comments