စွမ်းအင်အတွက် ရေနံထုတ်လုပ်မှုတိုးမြှင့်ပေးရန် ဆော်ဒီအာရေဗျကို ဂျပန်တောင်းဆို

 

တိုကျို ဧပြီ ၂၃

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများဖြစ်ပွားနေစဉ်အတွင်း ရေနံစိမ်းများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးခဲ့မှုအတွက် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်အား ဂျပန် ဝန်ကြီးချုပ်တာကာအိချီ ဆာနာအဲက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စွမ်းအင် ထောက်ပံ့မှု တည်ငြိမ်စေရေးအတွက် ရေနံထုတ်လုပ်မှု တိုးမြှင့်ရာတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေး ရန်လည်း တောင်းဆိုခဲ့သည်။

 

ဂျပန်ဝန်ကြီးချုပ်နှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့သည် ယနေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းပဋိပက္ခများကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ရသော ပျက်စီးဆုံးရှုံးမှုများအတွက်လည်း ဂျပန်ဘက်မှ စာနာကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ဂျပန် နိုင်ငံသားများကို ကယ်ထုတ်ရာတွင် ဆော်ဒီအာရေဗျ၏ ပူးပေါင်းကူညီမှုများအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် ပဋိပက္ခများဖြစ်ပွားနေသော်လည်း ပင်လယ်နီလမ်းကြောင်းမှတစ်ဆင့် ဂျပန်နိုင်ငံသို့ ရေနံစိမ်းများ ဆက်လက်ပို့ဆောင်နိုင်ရေးကို ဆော်ဒီဘက်မှ ဆောင်ရွက်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

 

ဆော်ဒီအာရေဗျဘက်မှလည်း ဂျပန်နှင့် အခြားနိုင်ငံများသို့ စွမ်းအင်ထောက်ပံ့မှု မပြတ်တောက်စေ ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က ပြန်လည်ပြောကြားပြီး ဒေသတွင်းတည်ငြိမ်မှုကို ထောက်ပံ့ရန်နှင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဟုလည်း ပြောကြားခဲ့သည်။     

အင်န်အိတ်ချ်ကေ