စွမ်းအင်အကျပ်အတည်းဂယက်ကြောင့် လေထုညစ်ညမ်းမှုအခြေအနေ စိုးရိမ်နေရသည့် ပိုလန်

 

နွယ်နီလင်း

 

ပိုလန်စွမ်းအင်ကျွမ်းကျင်သူ ဂျိုအန်နာ မက်စ်ကိုဝစ်ခ် ပန်ဒရာသည်   မကြာသေးမီက သူ၏ မီးဖိုချောင်မှ ဂက်စ်မီးဖိုကို   ကွိုင်မီးဖိုများဖြင့်  အစားထိုးလိုက် သည်။ ၎င်းသည် ပိုလန်တွင် ရှည်လျားစိုစွတ်သော ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်သည့်အနေ ဖြင့် သူ့အိမ်အတွက် ဆိုလာပြားများ တပ်ဆင်လိုက် ပြီး အပူပေးစက်ကိုလည်း မှာယူခဲ့သည်။

 


ကိုယ်ပိုင်စွမ်းအင်ထုတ်ယူမှု နည်းလမ်းများ အလှမ်းဝေးနေသေး


လက်ရှိ   ရင်ဆိုင်နေရသည့်   စွမ်းအင်ဆိုင်ရာ အကျပ်အတည်းများ၏  တွန်းအားပေးမှုကြောင့် ပိုလန်အိမ်ထောင်စုများစွာ      အသုံးပြုနေသည့် ကိုယ်ပိုင်စွမ်းအင်ထုတ်ယူမှု  နည်းလမ်းများသည် ဂေဟစနစ်နှင့် ကိုက်ညီသည့်ပုံစံများဖြစ်ရန် အလှမ်း ဝေးနေသေးသည်။ တရားဝင်ခန့်မှန်းချက်များအရ ပုံမှန်အခြေအနေများ၌ပင်  ပိုလန်အိမ်များ၏   ၃၇ ရာခိုင်နှုန်းသည် အပူပေးရန်အတွက် ကျောက်မီး သွေးကို အသုံးပြုသည်ဟု သိရသည်။ 

 


ပိုလန်သည်    ဥရောပသမဂ္ဂ   (EU)     တွင် ကျောက်မီးသွေး အများဆုံးထုတ်လုပ်သည့် နိုင်ငံ ဖြစ်သော်လည်း ပြည်ပမှတင်သွင်းသည့် ကျောက်မီး သွေးများအပါအဝင်   အမှန်တကယ်   လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးနိုင်ရန်ပင် လိုအပ် နေသေးသည်။ ၂၀၂၀  ပြည့်နှစ်တွင်  ရုရှားနိုင်ငံ သည်    ပိုလန်ကျောက်မီးသွေး    တင်သွင်းမှု၏ ၇၅   ရာခိုင်နှုန်းကို   ကိုယ်စားပြုခဲ့ပြီး   စုစုပေါင်း တန်ချိန် ၁၂ ဒသမ ၉ သန်း ရှိကြောင်း ပိုလန်နိုင်ငံ စာရင်းအင်းဌာန၏ အချက်အလက်များအရ သိရ သည်။ 

 


သို့သော်လည်း ပိုလန်သည် ယခုနှစ် ဧပြီလတွင် ရုရှားကျောက်မီးသွေးအား ပိတ်ဆို့အရေးယူမှုချမှတ် လိုက်ပြီးနောက် သြဂုတ်လတွင် စတင်အသက်ဝင်ခဲ့ သော ဥရောပသမဂ္ဂ၏  တားမြစ်ပိတ်ဆို့မှု   မပြုမီ ကတည်းကပင် အဆိုပါလမ်းကြောင်း မဖွင့်တော့ဘဲ ပိုလန်အိမ်ထောင်စုများစွာကို ဆောင်းရာသီ အနွေး ဓာတ်ပေးရန်အတွက်  မရေရာသော အခြေအနေသို့ ရောက်ရှိအောင်   တွန်းအားပေးခံခဲ့ရသည်။   “အခု ဆိုရင်   ကျွန်မတို့အိမ်တွေမှာ   အပူပေးဖို့တောင် အခက်အခဲတွေ   ရင်ဆိုင်နေရပြီ”   ဟု   စွမ်းအင် နယ်ပယ်တွင် လှုပ်ရှားနေသော ပိုလန်အတွေးအခေါ် ပညာရှင်နှင့် ဖိုရမ်အင်နာဂျီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ မက်စ် ကိုဝစ်ခ် ပန်ဒရာက ဆိုသည်။

 


တစ်ဟုန်ထိုး မြင့်တက်သွားစေခဲ့


ဆောင်းရာသီမတိုင်မီ     အပူပေးရန်အတွက် အိမ်ထောင်စုများစွာတွင်  ကျောက်မီးသွေးမရှိသေး သည့်အတွက်   စိုးရိမ်ပူပန်မှုများရှိနေကြကြောင်း ပိုလန်နိုင်ငံ၏  ပတ်ဝန်းကျင်ဆိုင်ရာ   အတွင်းဝန် ဟောင်းဖြစ်သူက  ပြောကြားပြီး  ကျောက်မီးသွေး များ တင်သွင်းမှုနှင့် ကျောက်မီးသွေး အသုံးပြုမှုကို  အစားထိုးထောက်ပံ့ပေးနိုင်ရန်  ဆောင်ရွက်နေရ ခြင်းသည် ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။   ကျောက်မီးသွေးမလုံလောက်မှု၊ စျေးကွက်အတွင်း    သိုလှောင်မှုများပြားခြင်းနှင့် ငွေကြေးဖောင်းပွမှု၏     သက်ရောက်မှုတို့ကြောင့် ကျောက်မီးသွေးဈေးနှုန်းများမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားစေခဲ့သည်။ 

 


“လောင်စာဆီဈေးနှုန်းကလည်း အဆပေါင်း များစွာ  တက်နေတာဆိုတော့ ထပ်တိုးပြီး သုံးနိုင်ဖို့ ဆိုတာ  လူတိုင်းမတတ်နိုင်ဘူး”   ဟု  ပန်ဒရာက ဆက်လက်ပြောဆိုသည်။

 


ကာလကြာမြင့်သည့် စွမ်းအင်အကျပ်အတည်း သည် အိမ်ထောင်စုများနှင့် စီးပွားရေးကို ကြီးမား သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အပြင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများလည်းရှိသည်။
လေထုအရည်အသွေးကို   စောင့်ကြည့်သည့် ပိုလန်နာမည်ကြီး   အစိုးရမဟုတ်သော   အဖွဲ့အစည်း ဖြစ်သည့် ပိုလန်မီးခိုးမြူဆိုင်ရာ သတိပေးရေးအဖွဲ့ ကဲ့သို့သော   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများက   ပိုလန်မိသားစုများစွာ သည် ၎င်းတို့၏  မီးဖိုများတွင်  အမှိုက်များကိုပင် မီးရှို့၍ အနွေးဓာတ်ရရှိရေး လုပ်ဆောင်ကြမည်ကိုပင် စိုးရိမ်နေကြသည်။

 


ပြည်တွင်း၌ အသုံးပြုသည့် လောင်စာဆီမီးဖိုများ ထွက်ပေါ်လာ


ပိုလန်၏ လေထုအရည်အသွေးသည် ဥရောပ တိုက်တွင်    အဆိုးဆုံးဖြစ်ပြီး      ကမ္ဘာ့ဘဏ်၏ ကိန်းဂဏန်း   အချက်အလက်များအရ   ဥရောပရှိ လေထုညစ်ညမ်းမှုအများဆုံးမြို့ကြီး ၅၀ တွင် ၃၆ မြို့သည် ပိုလန်နိုင်ငံမှ ဖြစ်သည်။ ထို့အပြင် ဥရောပ ပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီ၏ အစီရင်ခံစာအရ ပိုလန်တွင်   တစ်နှစ်လျှင်   မီးခိုးမြူညစ်ညမ်းမှုနှင့် ပတ်သက်သည့် အရွယ်မတိုင်မီ သေဆုံးသူ အရေ အတွက် ၄၇၀၀၀ ခန့်ရှိသည်။ ပိုလန်မီးခိုးမြူဆိုင်ရာ သတိပေးရေးအဖွဲ့၏ အချက်အလက်များအရ ပိုလန် တွင် လေထုညစ်ညမ်းမှု၏ ၅၀ ရာခိုင်နှုန်းကျော်သည် ပြည်တွင်း၌ အသုံးပြုသည့် လောင်စာဆီမီးဖိုများမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ 

 


လာမည့် ဆောင်းရာသီတွင်  ရာသီဥတုအခြေ အနေမကောင်းလျှင်   ယခင်နှစ်များထက်   လေထု ညစ်ညမ်းမှု   ပိုရှိလာနိုင်ပြီး    ပိုလန်၏  ရုပ်ကြွင်း လောင်စာအပေါ်    မှီခိုအားထားမှုမှာ    နံပါတ်တစ် ပြဿနာဖြစ်ကြောင်း၊  ပိုလန်သည် ကျောက်မီးသွေး ကို နှစ်ပေါင်း ၁၅၀ ထုတ်လုပ်နေခဲ့ကြောင်း သိရ သည်။ သို့သော်  ကျောက်မီးသွေးအသုံးပြုမှုသည်  လောင်စာအတွက် အဆုံးမဲ့ဖြေရှင်းရမည့် နည်းလမ်း မဟုတ်ဟု ပန်ဒရာက ဆိုသည်။

 


အဆုတ်ရောဂါများ ဖြစ်ပွားလျက်ရှိ


ဆောင်းဦးနှောင်းပိုင်းနှင့် ဆောင်းရာသီအစတွင် ပိုလန်မြို့ကြီးအများစုသည် ပလတ်စတစ်မီးရှို့ခြင်း ကဲ့သို့     အနံ့ဆိုးများဖြင့်   ဖုံးလွှမ်းထားလေ့ရှိပြီး ဝါဆောမြို့တွင် နေထိုင်သူများသည် လေထုအရည် အသွေးညံ့ဖျင်းမှုကို     အချိန်အတော်များများ ခံစားကြရသဖြင့်   စီးကရက်သောက်သကဲ့သို့ပင်   ၎င်းတို့ကို  အဆုတ်ရောဂါများ ဖြစ်ပွားစေလျက်ရှိ သည်။ အထူးသဖြင့် ကလေးများသည် အရွယ်ရောက် ပြီးသူများထက်   အသက်ရှူပိုမြန်ပြီး   ၎င်းတို့၏ အဆုတ်များ    အပြည့်အဝ     မဖွံ့ဖြိုးသေးသဖြင့်   ပို၍အန္တရာယ်ရှိသည်။ 

 


ထို့ကြောင့်  နိုင်ငံ၏  လေထုညစ်ညမ်းမှုအဆိုးဆုံးနေရာအချို့ကို    ပြန်လည်မွမ်းမံရန်အတွက် လာမည့် ၁၀ နှစ်အတွင်း အစိုးရက ယူရို ၂၅ ဘီလီယံ ကို  အသုံးပြုလုပ်ဆောင်ရန်  အစီအစဉ်ကို  ၂၀၁၉ ခုနှစ် စက်တင်ဘာလက စတင်လုပ်ဆောင်လျက် ရှိသည်။ ယင်းအစီအစဉ်ဖြင့် အိမ်ထောင်စု လေးသန်း နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ပြန်လည်မွမ်းမံရန်   လျာထားပြီး   ပိုမိုကောင်းမွန် သော  အပူပေးကိရိယာများ   တပ်ဆင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 


ပိုလန်နိုင်ငံတစ်ဝန်း လေထုညစ်ညမ်းမှုအများစု မှာ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားပေးရန်အတွက် ကျောက်မီးသွေး ကို   မှီခိုနေရခြင်းကြောင့်ဖြစ်သည်။    ပိုလန်သည် ဥရောပတွင်  ဂျာမနီပြီးလျှင်   ဒုတိယအကြီးဆုံး ကျောက်မီးသွေးတူးဖော်သည့်နိုင်ငံဖြစ်ပြီး  ကျောက် မီးသွေးလုပ်ငန်းသည် ပိုလန်ပြည်တွင်းစီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေသေး သည်။ ၂၀၁၂ ခုနှစ်တွင် ကျောက်မီးသွေး မက်ထရစ် တန် ၁၄၄ သန်း တူးဖော်ထုတ်လုပ်ခဲ့ပြီး ပြည်တွင်း စွမ်းအင် ၅၅ ရာခိုင်နှုန်းနှင့် သုံးစွဲမှု ၇၅ ရာခိုင်နှုန်းကို ဓာတ်အားထုတ်လုပ်ရန် အသုံးပြုခဲ့သည်။ လာမည့် ၂၀၂၃ ခုနှစ်အထိ   ပိုလန်သည်   ဥရောပတစ်ဝန်းရှိ ကျောက်မီးသွေးအသုံးပြုမှု၏    ၅၀    ရာခိုင်နှုန်း အတွက် တာဝန်ယူရလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ လေထုအရည်အသွေး တိုင်းတာရေးအဖွဲ့က ခန့်မှန်း ထားသည်။  


Feature: Energy crisis in Poland stirs air 
pollution concerns