စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဝိုင်းဝန်းကူညီကြပါစို့

Type

ထက်မြတ်

=====

ကျွန်တော်တို့လူသားတွေဟာ ရှေးပဝေသဏီကမ္ဘာတည်ကတည်းကိုက တစ်နေရာကနေတစ်နေရာကို ကူးလူးယှက်သန်းသွားလာကာ အလုပ်ကိုယ်စီကို လုပ်ဆောင်ခဲ့ကြသူချည်းပါပဲ။ အရင်တုန်းကတော့ ခြေကျင်ခရီးလမ်းကိုသာအားကိုးပြီး သွားလာခဲ့ကြပါတယ်။ အဲဒီနောက် ဆင်၊ မြင်း အစရှိတဲ့ ခွန်အားရှိ တိရစ္ဆာန်တွေကို အသုံးပြုပြီး လှည်းဆွဲစေကာသွားလာကြပါတယ်။ အလားတူပဲ ရေလမ်းခရီးမှာဆိုရင်လည်း အရင်က ကိုယ့်လက်ကိုယ့်ခြေကိုပဲ အားကိုးကာ လှေနဲ့သွားလာရာမှ နောက်ပိုင်းမှာ လေအားကိုအသုံးပြုပြီး ရွက်လှေတွေနဲ့သွားလာကြတဲ့အထိ လူသားတွေရဲ့ နေထိုင်မှုပုံစံဟာ တိုးတက်လာခဲ့ပါတယ်။
ယနေ့ခေတ်မှာတော့  ကမ္ဘာကြီးမှာ  စက်မှု ထွန်းကားလာတာနဲ့အမျှ စက်ယန္တရားတွေလည်း ပေါ်ပေါက်ကာ အသုံးပြုမှုဟာလည်း တွင်ကျယ် လာပါပြီ။ ဒီလို စက်ယန္တရားအသုံးပြုမှု တွင်ကျယ် လာတာနဲ့အတူ လူသားတွေဟာလည်း သူတို့လိုရာ  ခရီးပန်းတိုင်ကို လျင်မြန်စွာရောက်ရှိစေရေးအတွက် စက်တပ်ယာဉ်တွေကို ပိုမိုအသုံးပြုလာကြပါတယ်။  ဒီတော့ စက်တပ်ယာဉ်တွေ မောင်းနှင်နိုင်ဖို့ အဓိက လိုအပ်တဲ့ လောင်စာဟာလည်း ယနေ့ ကမ္ဘာကြီး အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လာပါတော့ တယ်။


စက်သုံးဆီဘယ်ကရ


လောင်စာဆီတစ်ဖြစ်လည်း     စက်သုံးဆီကို ဘယ်ကရလဲဆိုရင်တော့ မြေကြီးထဲက ရတယ် လို့သာ ဖြေရပါလိမ့်မယ်။ ဟုတ်ပါတယ်။ မြေကြီး ထဲက  ထုတ်ယူရရှိတဲ့  ရေနံစိမ်းကို  အဆင့်ဆင့် ကျိုချက်ပြီးမှသာ စက်သုံးဆီလို့ခေါ်တဲ့ ရေနံထုတ် ကုန်ကို ရရှိတာမို့လို့ပါ။ ဒါကြောင့် စက်သုံးဆီကို မြေကြီးထဲကရတယ်လို့ ပြောရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ အင်မတန်မှ ကြီးမားလွန်းတယ်လို့ ယူဆထားမှုနဲ့အတူ မြေကြီး ထဲမှာလည်း ရေနံစိမ်းတွေ အများကြီးရှိလိမ့်မယ် လို့ တွေးထင်ထားမှာ အမှန်ပါပဲ။ အဲဒီထင်မြင်ယူဆ ချက်ဟာ မှန်ပါတယ်။ မြေကြီးထဲကနေ ရေနံစိမ်း တွေ အများကြီး ထုတ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ နှစ်သန်းပေါင်းများစွာကြာမှသာ  ပြန်ပြည့် နိုင်မယ့်အရာတွေဖြစ်တာကြောင့် ထာဝရထုတ်ယူ နိုင်နေမယ်လို့တော့ မဆိုလိုပါဘူး။ ဒါကြောင့် ကမ္ဘာ့ ရေနံထုတ်လုပ်သူတွေဟာ မြေကြီးထဲက ရေနံစိမ်း ကို အတိုင်းအဆမဲ့ ထုတ်ယူလို့မရပါဘူး။ အတိုင်း အဆနဲ့သာ ထုတ်ယူရပါတယ်။ ဒီလို အတိုင်းအဆ နဲ့ ထုတ်ယူရတဲ့ တခြားအကြောင်းရင်းတွေလည်း အများကြီးရှိပါသေးတယ်။


ထွက်ရှိတဲ့စက်သုံးဆီက သုံးဖို့လောက်ငရဲ့လား


ရေနံထုတ်လုပ်သူတွေက   မြေကြီးထဲကနေ ထုတ်ယူရရှိတဲ့ရေနံစိမ်းကို ရေနံချက်စက်ရုံတွေဆီ ပို့ပြီး  နည်းလမ်းအမျိုးမျိုးနဲ့ ကျိုချက်ရပါတယ်။ အဲဒီကနေမှ ကျွန်တော်တို့ ယနေ့ အသုံးပြုနေတဲ့  ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ မီးထိုးဆီ၊ ချောဆီ အစရှိတဲ့ လောင်စာအမျိုးမျိုးကို ရရှိတာပါ။  ဒီလို ထွက်ရှိ လာတဲ့ စက်သုံးဆီဟာ ယနေ့ကမ္ဘာကြီးအတွက် လောက်ငမှုရှိလားလို့ မေးရင်တော့ လောက်ငမှု မရှိဘူးလို့သာ ဆိုရပါလိမ့်မယ်။


နည်းပညာဖွံ့ဖြိုးတိုးတက်ပါတယ်။      ရေနံ ပမာဏ အများအပြားထွက်ရှိပါတယ်ဆိုတဲ့ နိုင်ငံ ကြီးတွေတောင်မှ  ကမ္ဘာ့ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံကြီးတွေကနေတစ်ဆင့် တင်သွင်းပြီး ဝယ်သုံး နေရတာပါ။ ဒီလိုတင်သွင်းအသုံးပြုနေရတဲ့ နိုင်ငံ တွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း  တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။     ရေနံတင်ပို့ ရောင်းချတဲ့  နိုင်ငံတွေက  သူတို့ဆီက  ထွက်တဲ့ လောင်စာဆီတွေကို ကုန်းလမ်းကနေဆိုရင် ပိုက် လိုင်းကြီးတွေကနေ တစ်ဆင့်သော်လည်းကောင်း၊ ရေလမ်းကနေဆိုရင် ဆီတင်သင်္ဘောကြီးတွေနဲ့သော်လည်းကောင်း    တင်ပို့ရောင်းချတာဖြစ်ပါ တယ်။ အဲဒီအတွက် ကုန်ကျစရိတ်ဆိုတာရှိပါတယ်။ ဒီကုန်ကျစရိတ်ကို ကျခံရသူတွေကတော့ စက်သုံး ဆီကို  နောက်ဆုံးအသုံးပြုသူတွေပါပဲ။  ဒီတော့ စက်သုံးဆီဈေးနှုန်းသည် အမြဲတမ်းတစ်သမတ်တည်း မရှိနိုင်ပါဘူး။  ဝယ်လိုအားနဲ့  ရောင်းလိုအားတို့ရဲ့ သဘောတရားအတိုင်းပဲ  စက်သုံးဆီဈေးနှုန်းဟာ လည်း အတက်၊ အကျဆိုတာရှိပါတယ်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်း ဘယ်လောက်လဲ
ကျွန်တော်တို့     မြန်မာနိုင်ငံဟာ   တံခါးဖွင့် စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံပါ။ ဒီအတွက် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း အခြေအနေက မြန်မာ နိုင်ငံမှာရှိတဲ့    စက်သုံးဆီအသုံးပြုသူတွေအပေါ် သက်ရောက်မှုတွေ များစွာရှိနိုင်ပါတယ်။ လက်ရှိ ကမ္ဘာမှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတယ် ဆိုတာကို သတင်းအချက်အလက်နဲ့ နည်းပညာ ခေတ်ဖြစ်တဲ့ ဒီနေ့လိုခေတ်ကြီးမှာ လူတိုင်းနီးပါး သိရှိကြမှာပါ။  ဒီကနေ့အတွက်  ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းဟာ အတက်ဘက်ကိုသာ ဦးတည်နေတာ ဖြစ်ပါတယ်။      ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ Oil Price  ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ WTI ရေနံစိမ်း က  တစ်စည်ကို  ၁၂၄  ဒသမ ၇  ဒေါ်လာအထိ ပေါက်ဈေးရှိပါတယ်။  Brent ရေနံစိမ်းကတော့ တစ်စည်ကို ၁၂၉ ဒသမ ၁ ဒေါ်လာပါ။ ဒီဈေးနှုန်း တွေက ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေ ဖြစ်ပါတယ်။


ယနေ့     စက်သုံးဆီအသုံးပြုသူအများစုက ပြည်တွင်းမှာ    ဆီဈေးတွေ    တက်တယ်လို့သာ တတွင်တွင် အော်နေပေမယ့် ကမ္ဘာ့စက်သုံးဆီဈေး တွေ တက်နေတာကိုတော့ တချို့က လျစ်လျူရှုထား ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်သုံးဆီတွေ ကို အဖိုးနှုန်းနည်းနည်းနဲ့ ဝယ်ယူနိုင်ခဲ့တဲ့ အချိန်တွေ ရှိဖူးပါတယ်။ အဲဒီအချိန်တွေတုန်းက ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းဟာလည်း အခုဈေးနဲ့ နှိုင်းယှဉ်ရင်  လွန်စွာ မှ နည်းပါးတာကို တွေ့ရမှာပါ။  ဥပမာအားဖြင့် ၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့တုန်းက ကမ္ဘာ့ရေနံ စိမ်းဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၅၀ သာရှိပါ တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတွေဖြစ်လို့ စီးပွားရေး လုပ်ငန်းတွေလည်ပတ်မှု    ရပ်တန့်နေချိန်ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကကျတော့     ဝယ်လိုအား နည်းလို့ ဧပြီလ ၂၇ ရက်နေ့မှာ   ရေနံစိမ်းတစ်စည်ကို ၁၂ ဒသမ ၇၈ ဒေါ်လာသာရှိတာကို တွေ့ရမှာပါ။


မြန်မာနဲ့ နိုင်ငံတကာ စက်သုံးဆီဈေးနှုန်းကွာဟချက်


အဲဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့ စက်သုံးဆီ ဈေးဟာ တစ်လီတာ ငွေကျပ် ၄၀၀၊ ၅၀၀ ဝန်းကျင်မှာ သာရှိပေမယ့် ကမ္ဘာ့ရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၃၀ နီးနီးဖြစ်လာတဲ့ အခုလိုအချိန်မှာ မြန်မာနိုင်ငံ အတွင်း စက်သုံးဆီဈေးနှုန်း တက်တယ်ဆိုတာက သာမန်ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်တယ်လို့ ဆိုရပါလိမ့် မယ်။  ဒါပေမဲ့ အခြေခံလူတန်းစား အများစုရှိတဲ့ မြန်မာနိုင်ငံအတွက်ကတော့      အကျပ်အတည်း ဖြစ်နေနိုင်ပါတယ်။   ဒါဆိုရင် ဝင်ငွေမြင့်မားတဲ့ အမေရိကန်လို နိုင်ငံမှာရော အခက်အခဲမဖြစ်တော့ ဘူးလားလို့ မေးလာစရာရှိပါတယ်။


ဒီမနက်မှာပဲ  နိုင်ငံတကာသတင်းမှာ  သတင်း တစ်ပုဒ်တက်လာပါတယ်။ အဲဒါကတော့ အမေရိကန် အစိုးရက ရုရှားနိုင်ငံက ရေနံတင်သွင်းမှုကို ပိတ်လိုက် တဲ့အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ခုနစ်ရာခိုင် နှုန်းအထိ မြင့်တက်သွားတယ်ဆိုတဲ့ သတင်းပါ။ ဒါကြောင့် ဓာတ်ဆီတစ်ဂါလန်ကို ၄ ဒသမ ၇၁ ဒေါ်လာ ဖြစ်လာပါပြီ။  မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းဖြစ်တဲ့ အမေရိကန် တစ်ဒေါ်လာ ကို ၁၇၇၈ ကျပ်နှုန်းနဲ့ တွက်မယ်ဆိုရင် သူတို့ဆီမှာ ဓာတ်ဆီတစ်ဂါလန်ကို မြန်မာငွေကျပ် ၈၄၀၀ လောက် ဖြစ်သွားပါပြီ။ ရှေ့လျှောက်လည်း ဓာတ်ဆီဈေးတွေ တက်ဖို့ရှိပါသေးတယ်။ ဒါတောင်မှ အမေရိကန် ဆိုတာ ပြည်တွင်းကနေ ရေနံစိမ်းထွက်ရှိပြီး ရေနံ ထုတ်ကုန်တွေကို ထုတ်လုပ်သုံးစွဲနိုင်နေတဲ့ နိုင်ငံ ဖြစ်သလို  ပြည်ပကနေ  တင်သွင်းမှုကို  အတတ် နိုင်ဆုံး လျှော့ချဖို့လုပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
အခုဆက်လက်ပြီး ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံတွေ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မှာလည်း စက်သုံးဆီဈေးနှုန်းက ဘယ်လောက်အထိ ဖြစ်နေပြီလဲဆိုတာကို နှိုင်းယှဉ်လေ့လာကြည့်ပါ ဦးမယ်။ အာဆီယံဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအရှိဆုံး စင်ကာပူနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့လက  ဓာတ်ဆီတစ်လီတာကို စင်ကာပူ ဒေါ်လာ နှစ်ဒေါ်လာ ခန့်သာရှိရာမှ အခုဆိုရင် သုံးဒေါ်လာကျော်လာပါပြီ။ မြန်မာငွေနဲ့ တွက်မယ်ဆိုရင်တော့ ငွေကျပ် ၃၉၀၀ ကျော်ရှိပါတယ်။ အလားတူ အာဆီယံရဲ့ဒုတိယ မြောက်စီးပွားရေးအင်အားကြီး ထိုင်းနိုင်ငံမှာဆိုရင် ဓာတ်ဆီတစ်လီတာကို ၄၁ ဘတ် ကျော်လာပါပြီ။ မြန်မာငွေနဲ့  တွက်ရင်တော့  ၂၂၀၀  ကျော်ရှိပါ တယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် ဓာတ်ဆီ တစ်လီတာကို ၁၂၈၉၂ ရူပီးယားအထိရှိပါတယ်။ ဒီဈေးနှုန်းတွေကို မြန်မာနိုင်ငံအတွင်းရှိ ဓာတ်ဆီ တစ်လီတာဈေးနှုန်း ၂၁၀၀ ဝန်းကျင်နဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။


ကမ္ဘာ့နိုင်ငံရေးနဲ့ စက်သုံးဆီဈေးနှုန်း


နောက်တစ်ချက်က ကမ္ဘာ့နိုင်ငံရေးအခြေအနေ ပါ။ ယနေ့ ဥရောပအရှေ့ပိုင်းမှာ စစ်ဖြစ်နေပါတယ်။ အတိအလင်းပြောရရင် ရုရှားနဲ့ ယူကရိန်းတို့ကြား က  ကျည်ဆန်တွေအသုံးပြုတဲ့  စစ်ဖြစ်နေသလို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဝင်နိုင်ငံ တွေနဲ့ ရုရှားတို့ကြားမှာတော့ စီးပွားရေး၊ နိုင်ငံရေး၊  ငွေကြေး အစရှိတဲ့ နယ်ပယ်ပေါင်းစုံကနေ စစ်ပွဲတွေ ဆင်နွှဲနေကြပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ကြား တရားဝင်စစ်ဖြစ်တာ က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာပါ။ အဲဒီမတိုင်ခင် ဒီဇင်ဘာလကုန်နဲ့   ဇန်နဝါရီလဆန်းပိုင်းတုန်းက ရေနံစိမ်းတစ်စည်ကို ၇၇ ဒေါ်လာနှုန်းသာရှိပါတယ်။ ဒါပေမဲ့ အခုတော့ ရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၃၀ နားကပ်လာပါပြီ။ ဆိုရရင် အင်အားကြီးနိုင်ငံ တွေကြား ပဋိပက္ခမဖြစ်ခင်နဲ့ ပဋိပက္ခဖြစ်နေစဉ်ကြား ကမ္ဘာ့ရေနံစိမ်း          ဈေးနှုန်းကွာဟချက်က    နှစ်ဆနီးပါးရှိပါတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီဆိုရင် အခုလိုမျိုး ကမ္ဘာ့နိုင်ငံရေးမှာ ဘာတွေဖြစ်နေပြီလဲဆိုတာကို လေ့လာသုံးသပ်ဖို့ လည်း လိုပါသေးတယ်။


အခက်အခဲကိုကျော်လွှားမယ်


ဒီနေရာမှာ   ထောက်ပြစရာတစ်ခုရှိတာက မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲမှာ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားတို့လောက် စီးပွားရေး ပြေလည်မှုမရှိခြင်းပါပဲ။ ဒီလိုစီးပွားရေးပြေလည်မှု မရှိတဲ့အတွက် အခုလို ကမ္ဘာ့အခြေအနေအရပ်ရပ်  ကြောင့် မြင့်တက်လာတဲ့ စက်သုံးဆီဟာ အသုံးပြု သူ သာမန်လူတန်းစားများအတွက်တော့ အခက်အခဲ တစ်ခုဖြစ်နေပါလိမ့်မယ်။ ဒီတော့ အဲဒီအခက်အခဲ ကို ဘယ်လိုကျော်လွှားကြမလဲ။


အကောင်းဆုံးသော    ဖြေရှင်းနည်းကတော့ စက်သုံးဆီအသုံးပြုမှုကို တတ်နိုင်သမျှ လျှော့ချ ခြင်းပါပဲ။ ဥပမာ လူနှစ်ယောက်ကို ကားတစ်စီးနှုန်း နဲ့ လူ ၁၀ ယောက်က ကားတစ်စီးလျှင် စက်သုံးဆီ  ၁၀ လီတာကုန်မယ့်ခရီးတစ်ခုကို သွားမယ်ဆိုရင်  ကားငါးစီးဖြစ်တဲ့အတွက် စက်သုံးဆီလီတာ ၅၀ ကုန်ကျပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလူ ၁၀ ယောက်ကပဲ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်နဲ့ သွားမယ် ဆိုရင် စက်သုံးဆီ လီတာ ၅၀ အစား ၁၀ လီတာသာ ကုန်မှာပါ။ ဒါဆိုရင် အလိုလိုနေရင်း စက်သုံးဆီ လီတာ ၄၀ ကို    ချွေတာပြီးသားဖြစ်သွားပါလိမ့် မယ်။


ဒီလို ချွေတာနိုင်တာနဲ့အမျှ ပြည်တွင်းစက်သုံး ဆီအသုံးပြုမှုကို လျှော့ချနိုင်မှာဖြစ်သလို ပြည်ပမှ တင်သွင်းရမှုကိုလည်း လျှော့ချနိုင်မှာဖြစ်တဲ့အတွက်  မလိုအပ်ဘဲ   နိုင်ငံခြားငွေကြေး  အသုံးပြုရမှုကို  လည်း လျှော့ချနိုင်ကာ တိုင်းပြည်စီးပွားရေးတိုးတက် မှုမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြု နိုင်ပါလိမ့်မယ်။
နောက်တစ်ချက်က ရုပ်ကြွင်းလောင်စာအသုံး ပြုမှုလျော့နည်းသွားတဲ့အတွက်လည်း   သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်မှာဖြစ်သလို ရာသီဥတုပြောင်းလဲမှုကိုလည်း အလိုလိုထိန်းချုပ် ပြီးသားဖြစ်သွားမှာပါ။   ဒါကြောင့်   ပြောရရင် လူတစ်ဦးချင်းအနေနဲ့    စက်သုံးဆီအသုံးပြုမှုကို လျှော့ချလိုက်မယ်ဆိုရင် ရရှိလာမယ့် နောက်ဆက် တွဲ ကောင်းကျိုးတွေက     လွန်စွာမှ များပြားတာကို မျက်မြင်ထင်ရှားတွေ့ရပါလိမ့်မယ်။


နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့အမြော်အမြင်


ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ (၁) နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်း ဆောင်မှုနဲ့ပတ်သက်လို့ မိန့်ခွန်းပြောရာမှာ အခုလိုပဲ  ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။
“အလားတူ စက်သုံးဆီသုံးစွဲမှုကို အသိပေးလို ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မော်တော်ကားမျိုးစုံ တစ်သန်းကျော်ခန့်နဲ့  ဆိုင်ကယ်က ခြောက်သန်းကျော် ခန့်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ စက်သုံးဆီတင်သွင်း ခဲ့မှုဟာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ကျွန်တော်တို့နိုင်ငံမှာ အများသုံးသယ်ယူပို့ဆောင်ရေးစနစ် (Public Transportation) အားနည်းလို့  ပြည်သူတွေဟာ ကိုယ်ပိုင်ယာဉ်နဲ့သာ အားကိုးသွားလာကြရပါတယ်။ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့ ရထား၊ ဘတ်စ်ကား၊ သင်္ဘောရေယာဉ်တွေနဲ့ဝန်ဆောင်မှုကို မြှင့်တင်ခြင်း၊  တစ်ဦးချင်းစက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်း ဆောင်ရွက်ပြီး ဒီကိစ္စကိုဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့  ရထားပို့ဆောင် ရေးစနစ်၊    ဘတ်စကားယာဉ်တွေနဲ့  ပို့ဆောင်ရေး စနစ်၊  သင်္ဘောရေယာဉ်တွေနဲ့   ပို့ဆောင်ရေးစနစ် တွေကို ဝန်ဆောင်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။   တိုင်းရင်းသားပြည်သူ   လူထုအနေနဲ့ လည်း   ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို   ချင့်ချိန် ချွေတာသုံးစွဲခြင်းဖြင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါတယ်။ ဥပမာ-ဆိုင်ကယ် ခြောက်သန်းဟာ တစ်ရက်ကိုဆီသုံးစွဲမှု နို့ဆီဘူးတစ်ဝက်ခန့်လျှော့ချနိုင်ရင် တစ်ရက်ကို ဂါလန် ၁၂၅၀၀၀ သက်သာမှာဖြစ်သလို ကားတစ်စီး ဟာ တစ်ရက်ကိုသုံးစွဲမှု ဆီပုလင်းတစ်ဝက်လျှော့ချ နိုင်ရင် တစ်ရက်ကိုဂါလန် ၁၂၅၀၀၀ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်  တစ်ဂါလန် ၆၀၀၀ ကျပ်  ပျမ်းမျှဈေးနဲ့တွက်ကြည့်ရင်        တစ်ရက်ကို ငွေကျပ် ၁ ဒသမ ၅ ဘီလီယံအထိ   လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။   ပူးပေါင်းဆောင်ရွက်ကြဖို့လည်း နှိုးဆော်လိုပါတယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။”


နိုင်ငံတော်ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့         မိန့်ခွန်းကောက်နုတ်ချက်ကို ကြည့်ရင် အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို  တွင်တွင်ကျယ်ကျယ်အသုံးပြုခြင်းအားဖြင့်    စက်သုံး ဆီ  အသုံးပြုရမှုကို  လျှော့ချနိုင်မယ်ဆိုတာတွေ့ရပါ တယ်။  ဒါ့အပြင်   ကျွန်တော်တို့လူတစ်ဦးတိုင်း တစ်ယောက်စီတိုင်းက  မိမိတို့နေ့စဉ်သုံးစွဲနေတဲ့ စက်သုံးဆီပမာဏကို  ဆိုင်ကယ်ဆိုရင်   နို့ဆီဘူး တစ်ဝက်ခန့်၊ ကားဆိုရင် ပုလင်းတစ်ဝက်ခန့်လျှော့ချ လိုက်ရုံနဲ့         တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘယ်လောက်အထိ ကူညီထောက်ပံ့ပေးရာရောက် တယ်ဆိုတာကို အထင်းသားမြင်တွေ့နိုင်ပါတယ်။ 


ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရေမြင့်ရင်ကြာတင့်တယ်ဆိုတဲ့ စကားပုံအတိုင်း ဒီတိုင်းပြည်မှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ဘဝက လည်း တိုးတက်မြင့်မားလာဖို့သာရှိပါတယ်။ ဒီလို ဘဝတွေ တိုးတက်မြင့်မားဖို့အတွက်ဆိုရာမှာလည်း ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက    တစ်တပ် တစ်အားပါဝင်ပေးနိုင်မှသာ  ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအတွက် မိမိတို့ရဲ့တစ်နေ့တာစက်သုံးဆီအသုံးပြုမှုကို လျှော့ချပေးရုံမျှနဲ့ တိုင်းပြည်နဲ့လူမျိုးအကျိုးကို အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်    ပါဝင်အားဖြည့် ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း   စေတနာအရင်းခံ ကာ ရေးသားတင်ပြလိုက်ရပါတယ်။         ။