
ရန်ကုန် ဖေဖော်ဝါရီ ၃
စက်သုံးဆီဈေးနှုန်းများနှင့် သယ်ယူပို့ဆောင် စရိတ်များ မြင့်တက်နေခြင်းသည် မိုး ကြက်သွန်ဈေးနှုန်း အတက်အကျအပေါ် များစွာ ရိုက်ခတ်မှုရှိလာကြောင်း ကြက်သွန်နီ ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။
“အခုတစ်ပတ်ထဲမှာတင် ကြက်သွန်နီ ဈေးတွေ ပြန်ကျပါတယ်။ ဒီနှစ်မှာ မိုး ကြက်သွန်အထွက်နှုန်းကလည်း မကျဘူး။ ပုံမှန်အထွက်နှုန်းရှိတယ်။ အဓိက ဈေးကျ သွားတဲ့အကြောင်းရင်းက ကားခတွေ ဈေးတက်တာကြောင့်ပါ။ ကျွန်တော်တို့က ပွဲရုံတွေဆီ တင်ပို့ရောင်းချရုံဆိုပေမယ့် ပွဲရုံတွေကနေပြီး မြို့ကြီးတွေနဲ့ တခြား ဈေးကွက်တွေဆီ ထပ်မံတင်ပို့တဲ့အခါ ကားခ တွေက အရင်ထက်ဈေးတက်နေတယ်လို့ သိရတယ်။ ဆီဈေးတွေတက်တော့ ကားခ တွေ ဈေးတက်တယ်။ ကားခတွေ ဈေးတက် တော့ ပွဲရုံတွေကလည်း တောင်သူတွေကို ပေးရတဲ့ ကြက်သွန်နီဈေးကို အရင်ကထက် နှိမ်တဲ့သဘောပါ”ဟု မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာမှ ကြက်သွန်နီစီးပွားဖြစ်စိုက်ပျိုးသူ ကိုအောင် ကျော်မြင့်က ပြောသည်။
ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များ မပွင့်လန်းသည့်အတွက် မြေဆီမြေသြဇာ နှင့် ပိုးသတ်ဆေး စသည့်စိုက်ပျိုးရေး သွင်း အားစုစရိတ်များလည်း မြင့်တက်ခဲ့သည်။
“ဒီနှစ်မှာက စိုက်ပျိုးစရိတ်ကလည်း အရင်ထက်များတယ်။ အခုကျတော့ ကြက်သွန်ဈေးက ကျသွားတော့ အရည် အသွေးကောင်းကြက်သွန်နီ တစ်ပိဿာကိုမှ ငွေကျပ် ၄၅၀ ၊ ၅၀၀ လောက်ပဲ ရတော့ တယ်။ တကယ်သာ ကြက်သွန်နီဈေးတက် ချိန်ဆို တစ်ပိဿာကို ငွေကျပ် ၁၀၀၀၊ ၁၁၀၀ လောက်အထိ ရနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင် ကြက်သွန်နီ လက်ကားဈေးကွက်အတွင်း မြင်းခြံ ကြက်သွန်နီ အရည်အသွေးကောင်း တစ် ပိဿာလျှင် ငွေကျပ် ၅၅၀ ၊ ပခုက္ကူ ကြက် သွန်နီ အရည်အသွေးကောင်းတစ်ပိဿာလျှင် ငွေကျပ် ၅၅၀ ၊ ဆိပ်ဖြူကြက်သွန်နီ အရည် အသွေးကောင်းတစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ၊ မုံရွာကြက်သွန်နီ အရည်အသွေး ကောင်း တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၊ မြစ်သားကြက်သွန်နီ အရည်အသွေးကောင်း တစ်ပိဿာလျှင် ငွေကျပ် ၁၀၅၀ ဈေးနှုန်းများ ဖြင့် ရောင်းဝယ်ဖောက်ကားနေကြကြောင်း သိရသည်။
နန်းထက်ထက်ချစ်